【 ပြည်တွင်း 】 နောင်ချိုမှာ တစ်ပတ်အတွင်း ငွေကျပ် သိန်း ၈၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 နောင်ချိုမှာ တစ်ပတ်အတွင်း ငွေကျပ် သိန်း ၈၀၀၀ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှာ  တစ်ပတ်အတွင်း ငွေကျပ် သိန်းပေါင်း ၈၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့  သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ရပ်စောက်ကနေ နောင်ချိုဘက်သို့ စိုင်းယီလှိုင်း မောင်းနှင်တဲ့ TOYOTA HIACE မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၇၁၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ကမှာလည်း နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီး၊ နောင်ချို-ရပ်စောက်သွား ကားလမ်းမှာပဲ မော်တော်ယာဉ်တွေကို  ထပ်မံစစ်ဆေးရှာဖွေစဉ် ဇော်သူရ မောင်းနှင်လာတဲ့ TOYOTA LAND CRUISER အမျိုးအစား မော်တော်ယာဉ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ  သိုဝှက်သယ်ဆောင်လာတဲ့  စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆,၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၇၈၀) ကို ထပ်မံဖမ်းဆီးရမိတဲ့အတွက် တစ်ပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငွေကျပ် သိန်းပေါင်း ၇၉၃၀ သိန်းကို ဖမ်းဆီးရရှိခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖမ်းမိသူတွေကို နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

နောင်နောင်