【 နိုင်ငံတကာ 】 ရွေးကောက်ပွဲ အောင်နိုင်ခြင်းကို အနောက်က ရှုတ်ချစဉ် တရုတ်က ပူတင်ကို ချီးကျူး

【 နိုင်ငံတကာ 】 ရွေးကောက်ပွဲ အောင်နိုင်ခြင်းကို အနောက်က ရှုတ်ချစဉ် တရုတ်က ပူတင်ကို ချီးကျူး

လန်ဒန်၊ မတ် - ၁၉

ဗလာဒီမာ ပူတင် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခြင်းသည် တရားမျှတမှု မရှိသလို ဒီမိုကရေစီနည်းလမ်းလည်း မကျကြောင်း အနောက်နိုင်ငံ အစိုးရများက တနင်္လာနေ့တွင် တန်းစီရှုတ်ချနေချိန်တွင် တရုတ်နှင့် မြောက်ကိုရီးယားက နောက်ထပ် ရာထူးသက်တမ်း ၆ နှစ် တိုးချဲ့လိုက်သော ဝါရင့် ရုရှားခေါင်းဆောင်ကို ချီးကျူးခဲ့ပါတယ်။

ထိုသို့ တုံ့ပြန်မှု ဆန့်ကျင်ဘက်ဖြစ်နေခြင်းသည် ပထဝီနိုင်ငံရေး အက်ကြောင်းကို မီမောင်းထိုးပြနေပြီး ထိုအက်ကြောင်းသည် ရုရှားက ယူကရိန်းကို လွန်ခဲ့သော ၂ နှစ်က အပြည်အဝထိုးစစ်ဆင်ပြီးနောက် ပိုမိုအက်ကွဲလာကာ စစ်အေးတိုက်ပွဲနောက်ပိုင်း အနောက်တိုင်းနှင့် ဆက်ဆံရေး အနက်ရှိုင်းဆုံး အကျပ်အတည်းကို ဖြစ်စေပါတယ်။

“ရုရှားရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အစိုးရဆန့်ကျင်သူများအားလုံးကို ဖိနှိပ်မှုတိုးနေစဉ် ဖြစ်ပေါ်ခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုပြင်းထန်စွာ တင်းကျပ်ထားပြီး လွတ်လပ်သော မီဒီယာများကို ပိတ်ပင်ထားသည်” ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“လွတ်လပ်၊ ဗဟုဝါဒဆန်ပြီး ဒီမိုကရေစီနည်းကျရွေးကောက်ပွဲအခြေအနေနှင့် မကိုက်ညီပေ” ဟု ဖော်ပြထားပါတယ်။

ထိုရွေးကောက်ပွဲရလဒ်သည် ရုရှားမှ ဖိနှိပ်မှု၏ နက်ရှိုင်းမှုကို ဖော်ပြနေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်က ပြောပါတယ်။

“ပူတင်က သူ့ရဲ့ နိုင်ငံရေးအတိုက်အခံတွေကို သုတ်သင်တယ်၊ မီဒီယာကို ထိန်းချုပ်တယ်၊ ပြီးတော့ သူ့ကိုယ်သူ အောင်နိုင်သူအဖြစ် သရဖူဆောင်းတယ်။ဒါ ဒီမိုကရေစီမဟုတ်ဘူး” ဟု သူကပြောပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် ဝန်ကြီးချုပ် အိုလက်ဖ်ရှု့ဇ်က ပူတင်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့မည် မဟုတ်ကြောင်း ဂျာမန်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ကရင်မလင်နန်းတော်ကမူ ထိုသို့သော ဝေဖန်မှုများကို ပယ်ချပြီး သုံးရက်ကြာ ရွေးကောက်ပွဲအတွင်း ပူတင် ရရှိခဲ့သည့် မဲ ၈၇ ရာခိုင်နှုန်းက ရုရှားပြည်သူများသည် သူ့ကိုဝန်းရံနေကြောင်း ပြသသည်ဟု ပြောပါတယ်။

သို့သော် တရုတ် သမ္မတ ရှီကျင့်ဖျင်က ပူတင်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောပြီး ၂၀၂၂ ခုနှစ်က သဘောတူခဲ့သည့် အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ပေကျင်းသည် မော်စကိုနှင့် အနီးကပ်ဆက်သွယ်ရေး ထိန်းသိမ်းထားမည်ဟု ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကလည်း ပူတင်ထံ ဂုဏ်ယူဝမ်းမြောက်စာ ပေးပို့သည်ဟု KCNA သတင်းက ဖော်ပြပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters