【 နိုင်ငံတကာ 】 တိရစ္ဆာန်မှတစ်ဆင့် ကူးစက်သည့် နီဖာဗိုင်းရပ်စ် အိန္ဒိယတွင် ပျံ့နှံ့နေသဖြင့် ကျောင်းများ၊ ရုံးများ ပိတ်ထားရ

【 နိုင်ငံတကာ 】 တိရစ္ဆာန်မှတစ်ဆင့် ကူးစက်သည့်  နီဖာဗိုင်းရပ်စ် အိန္ဒိယတွင် ပျံ့နှံ့နေသဖြင့် ကျောင်းများ၊ ရုံးများ ပိတ်ထားရ

နယူးဒေလီ၊ စက်တင်ဘာ - ၁၄

အိန္ဒိယတောင်ပိုင်း၊ ကီရာလာပြည်နယ်၌ နီဖာဗိုင်းရပ်စ်ဖြစ်ပွားကာ လူနှစ်ဦးသေဆုံးပြီးနောက် ကျောင်းများ၊ ရုံးများ ပိတ်ခဲ့ပြီး ထိန်းသိမ်းရေးဇုန်များအဖြစ် သတ်မှတ်ကာ  ကျန်းမာရေးဝန်ကြီးဌာနကလည်း သီးသန့်ခွဲနေရေးစည်းမျဉ်းများကို တင်းကျပ်ခဲ့ပါတယ်။   

အိန္ဒိယ၌ ၂၀၁၈ ခုနှစ်မှ စတင်တွေ့ရှိခဲ့သော ထိုဗိုင်းရပ်စ်သည် ယခုအခါတွင် လေးကြိမ်မြောက် ပျံ့နှံ့ခြင်းဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၁၃၀ ဦးရှိပြီဖြစ်ကာ ၂၀၁၈ ခုနှစ်တွင်မူ သေဆုံးသူ ၂၁ ဦးရှိခဲ့ပါတယ်။   

နီဖာဗိုင်းရပ်စ်ကို ၁၉၉၉ ခုနှစ်တွင် မလေးရှားနှင့် စင်ကာပူတို့၌ ဝက်နှင့် လူများတွင် စတင်တွေ့ရှိခဲ့ပြီး လူပေါင်း ၃၀၀ ကျော်ကို ကူးစက်ကာ သေဆုံးသူ ၁၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ဝက်ပေါင်း ၁ သန်းကျော်ကို သုတ်သင်ခဲ့ရပါတယ်။ထို့နောက်တွင် မလေးရှားနှင့် စင်္ကာပူတို့၌ ထပ်မံပျံ့နှံ့မှု မဖြစ်တော့သော်လည်း ဘင်္လားဒေ့ရှ်နှင့် အိန္ဒိယအပါအဝင် အာရှအချို့နေရာများတွင် နှစ်စဉ်နှစ်တိုင်း ကူးစက်မှုများကို တွေ့လာရခြင်းဖြစ်ပါတယ်။  

နီဖာဗိုင်းရပ်စ်သည် တိရစ္ဆာန်များနှင့် လူများအကြား ကူးစက်ပျံ့နှံ့နိုင်ပြီး အဓိကသယ်ဆောင်သူမှာ အသီးစားလင်းနို့ဖြစ်ပါတယ်။အသီးစားလင်းနို့များ၊ ဝက်များမှတစ်ဆင့် ကူးစက်နိုင်သလို လူအချင်းချင်း၏ တံတွေးကဲ့သို့သော အရည်များအား ထိမိခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ လူများတွင် ကူးစက်ပါက လက္ခဏာမပြသည့် အခြေအနေမှ ပြင်းထန်သောလက္ခဏာများအထိဖြစ်နိုင်ပြီး အဆိုးဆုံးအနေဖြင့် ၂၄ နာရီမှ ၄၈ နာရီအတွင်း ကိုမာဝင်စေနိုင်သည့် ဦးနှောက်ရောင်ယမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ထိုသို့ဖြစ်ပါက သေဆုံးနှုန်းသည် ၄၀ မှ ၇၅  ရာခိုင်နှုန်းအထိရှိခြင်းဖြစ်ပါတယ်။ရှင်သန်သူများအနေဖြင့် ပြန်လည်ကျန်းမာလာနိုင်သော်လည်း နောက်ဆက်တွဲ ရေရှည်လက္ခဏာများကို ခံစားရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ သိရပါတယ်။  

လက်ရှိတွင် နီဖာဗိုင်းရပ်စ်ကို ကာကွယ်ရန် ဆေးဝါးများမရှိသေးဘဲ ဝက်ခြံများအား ပိုးသတ်ခြင်း၊ သန့်ရှင်းခြင်းကသာ အကောင်းဆုံးကာကွယ်ပေးနိုင်ခြင်းဖြစ်ပါတယ်။တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားပါက ချက်ချင်းသီးသန့်ခွဲထားကာ လိုအပ်ပါက တိရစ္ဆာန်များကို သုတ်သင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ထို့အပြင် နီဖာဗိုင်းရပ်စ်အကြောင်း အသိပညာမြှင့်တင်ခြင်းသည်လည်း လူအချင်းချင်း ကူးစက်ခြင်းကို ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

အသီးစားလင်းနို့များကြောင့် အသီးအနှံများနှင့် အသီးအနှံထုတ်ကုန်များမှတစ်ဆင့် ကူးစက်ခြင်းကို ကာကွယ်ရန်မှာ ထိုထုတ်ကုန်များကို သန့်ရှင်းစွာထုတ်လုပ်ခြင်းနှင့် အသီးအနှံများကိုမစားမီ အခွံခွာခြင်း၊ အကောင်ကိုက်ထားသည့် အရာရှိသော အသီးအနှံများကို မစားခြင်းတို့ဖြင့် ကာကွယ်နိုင်ကြောင်း သိရပါတယ်။

Linko
Ref - Aljazeera