【 ဆောင်းပါး 】 လုပ်ရက်သူများ

【 ဆောင်းပါး 】 လုပ်ရက်သူများ

“ဟဲ့ - ဘာလို့၊ ကလေးနောက်ကို ဒီလောက်သဲသဲမဲမဲ လိုက်နေရတာလဲ”

“မပြောချင်တော့ပါဘူး ဆရာရယ်။သူကအကြီးဆုံးသာဖြစ်နေတာ၊ အငယ်နှစ်ယောက်အပေါ် လုံးဝအညှာအတာမရှိဘူး။သူ့ဖို့ပဲသူသိတယ်။အခုလည်း ကျွန်မဈေးကအပြန် ပီဇာမုန့် လေးခုဝယ်လာတာ။သူတို့သုံးယောက်က တစ်ယောက်တစ်ခု၊ သူတို့အဖေပြန်လာရင် စားဖို့ကတစ်ခုပေါ့”

“သူ့မုန့်လည်းကုန်ရော သူ့အဖေအတွက်မုန့်ကို ထပ်တောင်းရောပေါ့၊ ဟုတ်လား”

“ဟုတ်ပါတယ်ဆရာ။သူကအကြီးဆုံးမို့ နှစ်ခုပေးရမယ်တဲ့။အဲ့ဒါက နင့်အဖေအတွက်လေလို့ပြောတော့ အဖေကလူကြီးပဲ၊ ကိုယ့်ဟာကိုယ်ဝယ်စားလို့ရတယ်။သားစားတာကိုလည်း အဖေကစိတ်ဆိုးမှာမဟုတ်ဘူးလို့ ပြန်ပြောတယ်လေ”

“သူပြောတာလည်း ဟုတ်တော့ဟုတ်နေသားပဲ”

“ဟုတ်ပါတယ်ဆရာရယ်။ကိုယ့်သား ဘယ်လောက်တစ်ကိုယ်ကောင်းဆန်မှန်း သိပေမယ့်၊ အမေဆိုတော့ သူစိတ်ချမ်းသာရင်ပြီးရော သူပိုဝရင်ပြီးရောဆိုပြီး သူ့ကို မုန့်တစ်ခုထပ်ပေးလိုက်တယ်။ကျွန်မ မီးဖိုချောင်ထဲဝင်ပြီး ဟင်းချက်နေတုန်း ပြဿနာဖြစ်တော့တာပါပဲ”

“ပြောပါဦး”

“အငယ်ကောင်ကို သကြားလုံးစားမလားဆိုတော့ အငယ်ကောင်က စားမယ်ပြောလို့၊ သူ့သကြားလုံးနဲ့ အငယ်ကောင့်ဆီကမုန့်ကို လဲစားတယ်လေ”

“အငယ်ကောင်က ငိုရောလား”

“အငယ်ကောင်က ဘာမှမသိတတ်သေးတော့ သူပေးတဲ့သကြားလုံးလေး တမြုံ့မြုံ့နဲ့ပေါ့”

“သူမတရားလုပ်တာ မှန်ပေမယ့် အငယ်ကောင်က ကျေနပ်နေတာပဲဟာ။နင့်အလုပ်လည်းမပျက်အောင် လွှတ်ထားလိုက်ပေါ့။နောက်မှ အေးအေးဆေးဆေး ပြောဆိုဆုံးမလည်းရတာပဲ”

“နေဦးဆရာရေ မပြီးသေးဘူး။ပြဿနာက အလတ်မနဲ့မှ တက်တော့တာ”

“အလတ်မရဲ့မုန့်ကိုရော ဘာနဲ့လဲစားပြန်ပြီလဲ”

“လဲမစားတော့ဘူး ဆရာ။ဆတ်ခနဲလုပြီး ထွက်ပြေးလို့ အလတ်မကတိုင်မှ ကျွန်မအကုန်သိရတာ။ဒါကြောင့်မို့ သူ့ကိုလိုက်ရိုက်တာ”

“အင်း - ဒီအတိုင်းဆို နင့်သားကို တော်တော်ထိန်းရမှာနော်”

“ဟုတ်ပါတယ်ဆရာ။သူ့အဖေအိတ်ကပ်ထဲက ပိုက်ဆံအကြွေတွေဆိုလည်း ခဏခဏခိုးတယ်။ပြီးခဲ့တဲ့နှစ်က သူ့အတန်းပိုင်ဆရာမခေါ်လို့ ကျွန်မသွားတွေ့ရသေးတယ်”

“ဘာဖြစ်လို့လဲ”

“သူ့အတန်းထဲက ကျောင်းသူလေးတစ်ယောက်ရဲ့ ဘောပင်ကို ချိုးတယ်လေ။နောက်တစ်ယောက်ဆီက ပိုက်ဆံငါးရာချေးထားပြီး ပြန်မဆပ်လို့ ဟိုကလေးကပြန်တောင်းတော့ သူကဆွဲထိုးတယ်တဲ့လေ”

“ဟာ - ဒီကောင် တော်တော်ကို လုပ်ရဲကိုင်ရဲဖြစ်နေပါလား”

“လုပ်ရဲတာမဟုတ်ပါဘူး ဆရာရယ်။လုပ်ရက်တာပါ။မိဘပစ္စည်း၊ ညီ၊ ညီမပစ္စည်း၊ သူငယ်ချင်းပစ္စည်း ဘာမှမချန်ဘူး။ဘာသံယောဇဉ်၊ ဘာစဉ်းစားဉာဏ်မှ မရှိဘူး။ဘယ်သူ့ကိုမှမညှာဘူး။သနားရမှန်း၊ ညှာတာရမှန်း၊ ကိုယ်ချင်းစာရမှန်းမသိဘဲ သူမို့လုပ်ရက်တယ်ဆရာရယ်။သူ့အတွက် အမြဲစိတ်ညစ်နေရတယ်”

ကျွန်တော်နှင့် တစ်လမ်းတည်းနေသော အိမ်နီးချင်းမိန်းကလေးဖြစ်ပါသည်။ကလေးသုံးယောက်အမေပါ။သူ့ယောင်္ကျားက ကမာရွတ်ဈေးကြီးတွင် ကုန်စိမ်းရောင်းသည်။ယခင်ကတော့ လင်မယားနှစ်ယောက် အတူတူရောင်းသည်။အကြီးကောင်လေး မွေးပြီးကတည်းက ယောင်္ကျားကို ဝိုင်းမကူနိုင်တော့။အငယ်နှစ်ယောက်ကအေးပြီး အကြီးကောင်က နည်းနည်းဆိုးချင်သည်။ထိုနေ့ကလည်း အကြီးကောင်က ရှေ့ကပြေး၊ သူကနောက်မှလိုက်နေတာမြင်၍ အကျိုးအကြောင်းမေးရင်း စကားပြောဖြစ်ခဲ့ခြင်းပါ။

သူ့ပြောစကားလေးတစ်ခွန်းက ကျွန်တော့်စိတ်ထဲ စွဲကျန်ရစ်ပါသည်။သူ့သား၏ ဆိုးဝါးပုံကိုပြောရင်း ကျွန်တော်က သူ့သား ‘လုပ်ရဲသည်’ ဟု အမှတ်တမဲ့ပြောတာကို သူကချက်ချင်းပြင်ပြောသည်။‘လုပ်ရဲတာ’ မဟုတ်၊ ‘လုပ်ရက်တာ’ ဟု။

‘စာ’ဆန်ဆန်၊ ‘သဒ္ဒါ’ ဆန်ဆန် ပြောလျှင်တော့ ‘ရဲ’ တို့ ‘ရက်’ တို့က ကြိယာထောက်အဖြစ် သုံးထားသောစကားလုံးတွေပါ။ကြိယာထောက် စကားလုံးများသည် ပြုလုပ်သူ၏ စိတ်နေစိတ်ထား၊ အရည်အချင်း၊ အလေးအနက် သဘောများကို ထင်ဟပ်စေပါသည်။မြန်မာစာအဘိဓာန်တွင် ‘ရဲ’ ကို ရဲဝံ့ကြောင်းအနက်ဖြင့် ကြိယာကို ထောက်ပံ့သော စကားလုံးဟု ဖွင့်ဆိုထားပါသည်။‘ရက်’ ကို ထောက်ထားငဲ့ညှာခြင်းမရှိဟူသော အနက်ဖြင့် ကြိယာကို ထောက်ကူသောစကားလုံးဟူ၍ ပါရှိပါသည်။ဥပမာလေးများဖြင့် ဖေါ်ပြချင်ပါသည်။

ဦးဘသည် ဆင်းရဲသော်လည်း စိတ်မညစ်ဘဲ၊ မတရားစီးပွားမရှာဘဲ ဘဝမှာ မှန်မှန်ကန်ကန်နေ ‘ရဲ’ သည်။

ဦးမြသည် ဆင်းရဲချို့တဲ့နေပါလျက်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေပါလျက် ကြိုးစားအားထုတ်မှုမရှိဘဲ၊ မိသားစုမျက်နှာမကြည့်ဘဲ အေးအေးဆေးဆေးနေ ‘ရက်’ သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များသည် တိုင်းပြည်လွတ်လပ်ရေးအတွက် အင်အားကြီးသော အင်္ဂလိပ်နှင့် ဂျပန်ကို မကြောက်မရွံ့ တော်လှန် ‘ရဲ’ သည်။

ဂဠုန်ဦးစောနှင့် အပေါင်းအပါများသည် မိမိတို့ခံစားချက်၊ မိမိတို့အကျိုးစီးပွားအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များကို လုပ်ကြံ ‘ရက်’ သည်။

ခေါင်းဆောင်ကောင်းများသည် အများကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့် ‘ရဲ’ သည်။အငတ်ငတ်အပြတ်ပြတ် နေ ‘ရဲ’ သည်။

ခေါင်းဆောင်ဆိုးများသည် မိမိကိုယ်ကျိုးအတွက် အများ၏အသက်ကို သတ် ‘ရက်’ သည်။အများဒုက္ခရောက်တာကို ကြည့် ‘ရက်’ သည်။

ထိုကြိယာထောက် စကားလုံးနှစ်လုံးသည် အလေးအနက်ထား၍ သုံးနှုန်းထားတာချင်းတူသော်လည်း အဓိပ္ပါယ်မှာမူ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါသည်။

‘လုပ်ရဲ’ တာက သူရဲကောင်းတစ်ယောက်ဖြစ်စေသော အဓိကအချက်ပါ။

‘လုပ်ရက်’ တာက သူယုတ်မာတစ်ယောက်ဖြစ်စေသော အဓိကအချက်ပါ။

ခွန်အားကြီးပြီး သူရဲကောင်းစိတ်ရှိသူသည် မိမိထက်အားနည်းသူများအပေါ် အားပေးရဲပါသည်။ကူညီရဲပါသည်။ကယ်တင်ရဲပါသည်။ဒုက္ခမပေးရက်ပါ။အပြစ်မတင်ရက်ပါ။အငတ်မထားရက်ပါ။မနှိပ်စက်ရက်ပါ။

ခွန်အားကြီးပြီး သူယုတ်မာစိတ်ရှိသူသည် မိမိထက်အားနည်းသူများအပေါ် အားမပေးရဲပါ။မကယ်တင်ရဲပါ။ဒုက္ခပေးရက်ပါသည်။အပြစ်တင်ရက်ပါသည်။အငတ်ထားရက်ပါသည်။နှိပ်စက်ရက်ပါသည်။

လူသားတို့နေထိုင်သော ဤလောကကြီးတွင် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို အရင်းနှီးဆုံး၊ အဖြူစင်ဆုံး၊ အမြတ်နိုးဆုံး၊ စေတနာအထားဆုံး သံယောဇဉ်လူသားနှစ်ဦးကား မိဘနှင့် သားသမီးပင်ဖြစ်၏။အထူးသဖြင့် မိဘသည် သားသမီးကောင်းစားရေးအတွက် ဘာမဆိုလုပ်ရဲသူများဖြစ်သည်။သားသမီးဒုက္ခရောက်စေမည့် မည်သည့်ကိစ္စကိုမဆို မပြုရက်သူများဖြစ်ပါသည်။

သို့သော် ‘ယုတ်မာစိတ်’ နှင့် မိဘအချို့ရှိပါသည်။မိမိ၏အတ္တ၊ မိမိ၏ဆန္ဒကို ဦးစားပေးလိုက်သဖြင့် မိမိ၏သွေးသားဖြစ်သော သားသမီးကိုပင် ဒုက္ခပေးရက်ကြတော့သည်။

ဘုရားဟော ၅၅၀ ဇာတ်၊ ပဉ္စကနိပါတ၊ မဏိကုဏ္ဍလဝဂ်၌ ပါရှိသော စူဠဓမ္မပါလဇာတ်အကြောင်း ပြောချင်ပါသည်။

တစ်ခါက ဗာရာဏသီပြည်၌ မဟာပတာပမင်း အုပ်ချုပ်၏။ထိုမင်းနှင့် မိဖုရား စန္ဒာဒေဝီတို့မှ ဖွားမြင်သော ‘ဓမ္မပါလ’ ဟူသည့် သားတော်တစ်ပါးရှိ၏။ဓမ္မပါလမင်းသားလေး ခုနစ်လသားအရွယ်ရောက်ပြီး တစ်နေ့၌ မိဖုရားကြီးသည် သားတော်လေးကို အမွှေးနံ့သာရေဖြင့် ရေချိုးပေး၏။
သားတော်လေးသည် ရေကစားရင်း ပျော်ရွှင်မြူးတူးလျက်ရှိ၏။မယ်တော်လည်း သားတော်လေး ပျော်ရွှင်နေသည်ကိုကြည့်ရင်း သားအပေါ် ချစ်ခင်ခြင်း၊ မြတ်နိုးခြင်းတို့ လွှမ်းခြုံကာ ကျေနပ်ပီတိဖြစ်နေ၏။မယ်တော့်ရင်ထဲမှာ ငြိမ်းချမ်းသောခံစားမှုတွေ ပြည့်နေလေ၏။

ထိုအချိန်တွင် ဘုရင်မင်းမြတ်သည် မိဖုရားကြီး၏ အဆောင်တော်တွင်းသို့ ဝင်ရောက်လာသည်။မိဖုရားကြီးသည် သားတော်လေး၏ လှုပ်ရှားမှုအပေါ် ဝမ်းမြောက်ကြည်နူးနေမိ၍ ဘုရင်ကြီးကို ခရီးဦးကြို မပြုမိခဲ့ပေ။

ဘုရင်ကြီးသည် သူ၏သားတော်လေးနှင့် သူ၏ချစ်လှစွာသော မိဖုရားကြီးတို့၏ သားအမိကြည်နူးနေခြင်းကို ဝမ်းမြောက်ရမည့်အစား၊ သူကိုယ်တိုင်ပင် ဝင်ရောက်ပျော်ရွှင်ရမည့်အစား မနာလိုဝန်တိုစိတ်က နေရာယူသွားလေသည်။

‘မိဖုရားကြီးသည် ယခင်က သူ့အပေါ်ဂရုတစိုက်ရှိခဲ့သော်လည်း သားအပေါ်အားကိုးသည့်စိတ်ဖြင့် သူ့အပေါ်ဂရုမစိုက်တော့။သားတော်သာ အရွယ်ရောက်လာလျှင် ငါဘုရင်မင်းမြတ်ကို ပို၍ပမာမခန့်လုပ်ကာ ဆန့်ကျင်ပေလိမ့်မည်။သားကြောင့်ဖြစ်သော မိဖုရားကြီး၏မာနကို ချိုးနှိမ်ရန် အဓိကအကြောင်းက သားတော်လေးကို သတ်ပစ်မှဖြစ်တော့မည်’ ဟု တွေးမိသည်။မနာလိုဝန်တိုစိတ်အခံနှင့် ဒေါသထွက်ကာ ချက်ချင်းပင် သူ၏နန်းဆောင်သို့ပြန်ခဲ့သည်။

ရာဇပလ္လင်ထက်မှာ နေရာယူပြီးသည်နှင့် မှူးမတ်တို့အား သူသတ်သမားတို့ကို ပုဆိန်၊ စဥ့်တီတုံးနှင့်တကွ ရှေ့တော်သို့ခေါ်ဆောင်ရန် အမိန့်ပေး၏။သူသတ်သမားတို့ ရောက်လာသောအခါ သားတော် ဓမ္မပါလ ကို ခေါ်ဆောင်စေပြန်၏။သူသတ်သမားတို့ကလည်း ဘုရင့်အမိန့်ကြောင့် မိဖုရားကြီးလက်ထဲမှ သားတော်လေးကို အဓမ္မလုကာ ဘုရင့်ရှေ့တော်သို့ ယူလာခဲ့၏။မိဖုရားကြီးက ငိုကြွေးလျက် နောက်မှလိုက်လာ၏။

ဘုရင်ကြီးက သားတော်ကို စဉ့်တီတုံးပေါ်အိပ်စေလျက် လက်နှစ်ဖက်ကိုဖြတ်ခိုင်း၏။မိဖုရားကြီးက ငိုယိုကာ သားတော်လေးအစား သူမကိုသတ်ရန် တားနေသည့်ကြားမှ သားတော်လေး၏ လက်နှစ်ဖက်ပြတ်သွား၏။ပုဆိန်ဖြင့်ခုတ်လိုက်၍ လွင့်စဉ်ကျလာသော သားတော်လေး၏ လက်ပြတ်နှစ်ဖက်ကို ရင်မှာပွေ့ရင်း မိဖုရားကြီးခမျာ ငိုယိုတောင်းပန်နေရှာ၏။

ဘုရင့်ဒေါသက လျော့မသွားဘဲ ခြေနှစ်ဖက်ပါဖြတ်ခိုင်း၏။သားတော်လေး၏ ခြေနှစ်ဖက်ပြတ်သွားပြန်သည်။မိဖုရားကြီးက သွေးသံရဲရဲဖြစ်နေသော လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို ရင်မှာပွေ့ပိုက်ထားရင်း သားတော်လေးကို ဆက်၍ဒုက္ခမပေးရန်၊ ခြေနှင့်လက်မရှိတော့သော ခန္ဓာကိုယ်ကို စောင့်ရှောက်မွေးမြူခွင့်ပေးပါရန် ငိုယိုတောင်းဆိုသည်။

ဘုရင်ကြီးက ဆုံးဖြတ်ချက်ကို မပြင်သည့်အပြင် သားတော်လေး၏ ခြေ၊ လက် မရှိသော ခန္ဓာကိုယ်ကို လေထဲသို့ပစ်မြှောက်၍ သံလျက်နှင့် အစိတ်စိတ်အမြွှာမြွာပိုင်းဖြတ်ကာ ‘သံလျက်ပန်း’ ကစားပြရမည်ဟု ထပ်၍မိန့်တော်မူပြန်သည်။သူသတ်သမားတို့ကလည်း ဘုရင့်အမိန့်အတိုင်းပြုကြ၏။
သားတော်၏ခန္ဓာကိုယ်မှ အသားစများသည် သွေးအလိမ်းလိမ်းနှင့် နန်းတော်အနှံ့ ပြန့်ကြဲကုန်၏။

မိဖုရားကြီးက ဝမ်းအနည်းကြီးနည်း၊ ရင်အနာကြီးနာကာ ‘ရင်မှဖြစ်သောသားကိုပင် သတ်ရက်ပါပေသည်။နူးညံ့သောစိတ်ရှိသည့် မှူးမတ်များသည် အဖက သားကို မတရားသတ်နေသည့်အဖြစ်ကို ကြည့်ရက်နိုင်ကြပေသည်။မည်သို့ သောနှလုံးသားဖြင့် နိုင်ငံကိုအုပ်ချုပ်နေကြပါသနည်း။ဤကဲ့သို့ ရက်စက်သောမင်းနှင့် အမှန်တရားထက် အာဏာကိုဦးစားပေးသော မှူးမတ်များ အုပ်ချုပ်သည့်နေရာတွင် အသက်ရှင်ရမှာထက် သားတော်လေးနှင့်အတူ သေတာကမှ မြင့်မြတ်လိမ့်ဦးမည်’ ဟု ငိုယိုအော်ဟစ်ရင်း နှလုံးသွေးရပ်၍ သားတော်လေး (ဂေါတမဘုရားလောင်း) နှင့်အတူ သေပွဲဝင်ခဲ့လေသည်။

ရက်စက်သောဘုရင်ကြီး (ဒေဝဒတ်လောင်း) သည်လည်း ပလ္လင်ပေါ်မှ အောက်သို့ အလိုအလျောက်ပြုတ်ကျကာ အသက်ရှင်လျက်နှင့် အဝီစိငရဲသို့ တိုက်ရိုက်ရောက်သွားလေတော့သည်။

တိုင်းပြည်အုပ်ချုပ်သည့် ဘုရင်တစ်ပါးဖြစ်သော်လည်း သာမန်ဆင်းရဲသား သူတောင်းစားတစ်ယောက်ပင် မလုပ်ရက်သော၊ ကြမ်းတမ်းသော ဓားပြသူပုန်တစ်ယောက်ပင် အလွယ်တကူစိတ်မကူးရက်သော ပြစ်မှုမျိုးကို ကျူးလွန်တတ်ကြလေသည်။

အတ္တစိတ်၊ တစ်ကိုယ်ကောင်းစိတ်ကား အလွန်ကြောက်စရာကောင်းလှပေသည်။ထိုစိတ်ကို မွေးမြူထားသောသူ သည်လည်း ကြောက်စရာသာမက အလွန်အံ့သြစရာလည်းကောင်းလှလေသည်။

တွေးခေါ်မြော်မြင်တတ်သော အသိစိတ်ကလေး ရှိခြင်း၊ မရှိခြင်းကြောင့် လုပ်ရဲသူတွေ၊ လုပ်ရက်သူတွေ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။

လူတစ်ယောက်သည် အများအကျိုးအတွက် ဆောင်ရွက်ပေးလိုစိတ် ပြင်းပြလာလျှင်၊ အမှန်တရားဘက်ကနေလိုစိတ် ထက်သန်လာလျှင် လောကမှာ မလုပ်ရဲတာမရှိပါ။ဆင်းရဲစုတ်ချာသောဘဝမှာလည်း နေရဲပါသည်။အသက်ကိုလည်း စွန့်လွှတ်ရဲပါသည်။

လူတစ်ယောက်သည် မိမိတစ်ကိုယ်တည်း ကောင်းစားလိုသည့်စိတ် လွန်ကဲလာပြီး အတ္တရာဂမီး အလောင်ခံရပြီဆိုလျှင် လောကမှာ သူမလုပ်ရက်တာ ဘာမှမရှိတော့ပါ။ဆင်းရဲနုံချာသော ဘဝမျိုးမှာလည်း မနေရဲပါ။စိတ်ပင်မကူးရဲပါ။အသက်စွန့်လွှတ်ရန်မဆိုထားနှင့် အသားပင်အနာမခံရဲပါ။

လောကလူသားအများစုသည် မိမိကိုယ်တိုင်က အများအတွက် အသက်မစွန့်ရဲသော်လည်း ဆင်းရဲမှာကြောက်သော်လည်း အများအတွက် အသက်စွန့်ရဲသော သူရသတ္တိရှိသော အာဇာနည်ပုဂ္ဂိုလ်များကို အားကျပါသည်။အားပေးပါသည်။လက်ခုပ်လက်ဝါးတီး၍ ဂုဏ်ပြုကြပါသည်။
ချစ်သောမျက်စိနှင့် ကြည့်မ၀ရှုမဝအောင် ဝမ်းသာပီတိဖြစ်မိကြပါသည်။

ကိုယ်ကျိုးအတွက် သက်သက်သာကြည့်ပြီး သူ့ဘဝကောင်းစားရေးအတွက် အများ၏နှလုံးသားကို နင်းချေ၊ အများ၏မျက်ရည်နှင့် ခြေဆေး၊ အများ၏ဦးနှောက်ကို ဖောက်ထုတ်ပစ်သောသူမျိုးကိုတော့ လောကလူသားအများစုက အားမကျပါ။အားမပေးပါ။ဂုဏ်မယူပါ။သောကမျက်ရည်၊ ဒေါသမျက်ရည်ကြားမှ ကြောက်သောမျက်စိ၊ မုန်းသောမျက်စိများနှင့်သာ ကြည့်မိကြပါလိမ့်မည်။

အများအတွက်လုပ်ရဲသော သူရဲကောင်းသည် လူအများစုကို စိတ်ချမ်းသာစေသည်။လူအများကို ငြိမ်းအေးချမ်းသာစေသည်။ထို့ကြောင့် ‘လုပ်ရဲသူ’သည် လောကကို အလှဆင်သူဖြစ်သည်။

အများအပေါ်လုပ်ရက်သူ အတ္တသမားများသည် လူအများကို စိတ်ဆင်းရဲစေသည်။လူအများကို ပူလောင်စေသည်။ထို့ကြောင့် ‘လုပ်ရက်သူ’ သည် လောကအလှကို ဖျက်ဆီးသူဖြစ်သည်။လောကကို အကျည်းတန်စေသူဖြစ်သည်။

သည်သို့ဆိုလျှင် လူအများစုသည် သာမန်လူသားများသာဖြစ်၍ တစ်ပါးသူကို ဒုက္ခမပေးရက်သူများဖြစ်သလို တစ်ပါးသူ၏ ချမ်းသာရေးအတွက်လည်း မစွန့်စားရဲသူများလည်းဖြစ်ပါသည်။

သို့သော် သူတို့လုပ်နိုင်သော အလုပ်တော့ရှိပါသည်။အားပေးခြင်း၊ ရှုံ့ချခြင်း၊ မျှော်လင့်ခြင်းတို့ ဖြစ်ပါသည်။

အများချမ်းသာအောင် လုပ်ရဲသူတွေ များများပေါ်ပေါက်စေချင်သည်။ရှိနေလျှင်လည်း အသက်ရှည်၍ အနာကင်းစေချင်သည်။

အများဆင်းရဲအောင် လုပ်ရက်သူတွေကိုတော့ လုံးဝမပေါ်ပေါက်စေချင်ကြပါ။အကယ်၍ ရှိနေလျှင်လည်း...............။

ရိုက်မောင်း
မေ - ၂၀

( Zawgyi )

“ဟဲ့ - ဘာလို႔၊ ကေလးေနာက္ကို ဒီေလာက္သဲသဲမဲမဲ လိုက္ေနရတာလဲ”

“မေျပာခ်င္ေတာ့ပါဘူး ဆရာရယ္။သူကအႀကီးဆုံးသာျဖစ္ေနတာ၊ အငယ္ႏွစ္ေယာက္အေပၚ လုံးဝအညႇာအတာမရွိဘူး။သူ႔ဖို႔ပဲသူသိတယ္။အခုလည္း ကြၽန္မေဈးကအျပန္ ပီဇာမုန႔္ ေလးခုဝယ္လာတာ။သူတို႔သုံးေယာက္က တစ္ေယာက္တစ္ခု၊ သူတို႔အေဖျပန္လာရင္ စားဖို႔ကတစ္ခုေပါ့”

“သူ႔မုန႔္လည္းကုန္ေရာ သူ႔အေဖအတြက္မုန႔္ကို ထပ္ေတာင္းေရာေပါ့၊ ဟုတ္လား”

“ဟုတ္ပါတယ္ဆရာ။သူကအႀကီးဆုံးမို႔ ႏွစ္ခုေပးရမယ္တဲ့။အဲ့ဒါက နင့္အေဖအတြက္ေလလို႔ေျပာေတာ့ အေဖကလူႀကီးပဲ၊ ကိုယ့္ဟာကိုယ္ဝယ္စားလို႔ရတယ္။သားစားတာကိုလည္း အေဖကစိတ္ဆိုးမွာမဟုတ္ဘူးလို႔ ျပန္ေျပာတယ္ေလ”

“သူေျပာတာလည္း ဟုတ္ေတာ့ဟုတ္ေနသားပဲ”

“ဟုတ္ပါတယ္ဆရာရယ္။ကိုယ့္သား ဘယ္ေလာက္တစ္ကိုယ္ေကာင္းဆန္မွန္း သိေပမယ့္၊ အေမဆိုေတာ့ သူစိတ္ခ်မ္းသာရင္ၿပီးေရာ သူပိုဝရင္ၿပီးေရာဆိုၿပီး သူ႔ကို မုန႔္တစ္ခုထပ္ေပးလိုက္တယ္။ကြၽန္မ မီးဖိုေခ်ာင္ထဲဝင္ၿပီး ဟင္းခ်က္ေနတုန္း ျပႆနာျဖစ္ေတာ့တာပါပဲ”

“ေျပာပါဦး”

“အငယ္ေကာင္ကို သၾကားလုံးစားမလားဆိုေတာ့ အငယ္ေကာင္က စားမယ္ေျပာလို႔၊ သူ႔သၾကားလုံးနဲ႔ အငယ္ေကာင့္ဆီကမုန႔္ကို လဲစားတယ္ေလ”

“အငယ္ေကာင္က ငိုေရာလား”

“အငယ္ေကာင္က ဘာမွမသိတတ္ေသးေတာ့ သူေပးတဲ့သၾကားလုံးေလး တၿမဳံ႕ၿမဳံ႕နဲ႔ေပါ့”

“သူမတရားလုပ္တာ မွန္ေပမယ့္ အငယ္ေကာင္က ေက်နပ္ေနတာပဲဟာ။နင့္အလုပ္လည္းမပ်က္ေအာင္ လႊတ္ထားလိုက္ေပါ့။ေနာက္မွ ေအးေအးေဆးေဆး ေျပာဆိုဆုံးမလည္းရတာပဲ”

“ေနဦးဆရာေရ မၿပီးေသးဘူး။ျပႆနာက အလတ္မနဲ႔မွ တက္ေတာ့တာ”

“အလတ္မရဲ႕မုန႔္ကိုေရာ ဘာနဲ႔လဲစားျပန္ၿပီလဲ”

“လဲမစားေတာ့ဘူး ဆရာ။ဆတ္ခနဲလုၿပီး ထြက္ေျပးလို႔ အလတ္မကတိုင္မွ ကြၽန္မအကုန္သိရတာ။ဒါေၾကာင့္မို႔ သူ႔ကိုလိုက္႐ိုက္တာ”

“အင္း - ဒီအတိုင္းဆို နင့္သားကို ေတာ္ေတာ္ထိန္းရမွာေနာ္”

“ဟုတ္ပါတယ္ဆရာ။သူ႔အေဖအိတ္ကပ္ထဲက ပိုက္ဆံအေႂကြေတြဆိုလည္း ခဏခဏခိုးတယ္။ၿပီးခဲ့တဲ့ႏွစ္က သူ႔အတန္းပိုင္ဆရာမေခၚလို႔ ကြၽန္မသြားေတြ႕ရေသးတယ္”

“ဘာျဖစ္လို႔လဲ”

“သူ႔အတန္းထဲက ေက်ာင္းသူေလးတစ္ေယာက္ရဲ႕ ေဘာပင္ကို ခ်ိဳးတယ္ေလ။ေနာက္တစ္ေယာက္ဆီက ပိုက္ဆံငါးရာေခ်းထားၿပီး ျပန္မဆပ္လို႔ ဟိုကေလးကျပန္ေတာင္းေတာ့ သူကဆြဲထိုးတယ္တဲ့ေလ”

“ဟာ - ဒီေကာင္ ေတာ္ေတာ္ကို လုပ္ရဲကိုင္ရဲျဖစ္ေနပါလား”

“လုပ္ရဲတာမဟုတ္ပါဘူး ဆရာရယ္။လုပ္ရက္တာပါ။မိဘပစၥည္း၊ ညီ၊ ညီမပစၥည္း၊ သူငယ္ခ်င္းပစၥည္း ဘာမွမခ်န္ဘူး။ဘာသံေယာဇဥ္၊ ဘာစဥ္းစားဉာဏ္မွ မရွိဘူး။ဘယ္သူ႔ကိုမွမညႇာဘူး။သနားရမွန္း၊ ညႇာတာရမွန္း၊ ကိုယ္ခ်င္းစာရမွန္းမသိဘဲ သူမို႔လုပ္ရက္တယ္ဆရာရယ္။သူ႔အတြက္ အၿမဲစိတ္ညစ္ေနရတယ္”

ကြၽန္ေတာ္ႏွင့္ တစ္လမ္းတည္းေနေသာ အိမ္နီးခ်င္းမိန္းကေလးျဖစ္ပါသည္။ကေလးသုံးေယာက္အေမပါ။သူ႔ေယာက်ၤားက ကမာ႐ြတ္ေဈးႀကီးတြင္ ကုန္စိမ္းေရာင္းသည္။ယခင္ကေတာ့ လင္မယားႏွစ္ေယာက္ အတူတူေရာင္းသည္။အႀကီးေကာင္ေလး ေမြးၿပီးကတည္းက ေယာက်ၤားကို ဝိုင္းမကူႏိုင္ေတာ့။အငယ္ႏွစ္ေယာက္ကေအးၿပီး အႀကီးေကာင္က နည္းနည္းဆိုးခ်င္သည္။ထိုေန႔ကလည္း အႀကီးေကာင္က ေရွ႕ကေျပး၊ သူကေနာက္မွလိုက္ေနတာျမင္၍ အက်ိဳးအေၾကာင္းေမးရင္း စကားေျပာျဖစ္ခဲ့ျခင္းပါ။

သူ႔ေျပာစကားေလးတစ္ခြန္းက ကြၽန္ေတာ့္စိတ္ထဲ စြဲက်န္ရစ္ပါသည္။သူ႔သား၏ ဆိုးဝါးပုံကိုေျပာရင္း ကြၽန္ေတာ္က သူ႔သား ‘လုပ္ရဲသည္’ ဟု အမွတ္တမဲ့ေျပာတာကို သူကခ်က္ခ်င္းျပင္ေျပာသည္။‘လုပ္ရဲတာ’ မဟုတ္၊ ‘လုပ္ရက္တာ’ ဟု။

‘စာ’ဆန္ဆန္၊ ‘သဒၵါ’ ဆန္ဆန္ ေျပာလွ်င္ေတာ့ ‘ရဲ’ တို႔ ‘ရက္’ တို႔က ႀကိယာေထာက္အျဖစ္ သုံးထားေသာစကားလုံးေတြပါ။ႀကိယာေထာက္ စကားလုံးမ်ားသည္ ျပဳလုပ္သူ၏ စိတ္ေနစိတ္ထား၊ အရည္အခ်င္း၊ အေလးအနက္ သေဘာမ်ားကို ထင္ဟပ္ေစပါသည္။ျမန္မာစာအဘိဓာန္တြင္ ‘ရဲ’ ကို ရဲဝံ့ေၾကာင္းအနက္ျဖင့္ ႀကိယာကို ေထာက္ပံ့ေသာ စကားလုံးဟု ဖြင့္ဆိုထားပါသည္။‘ရက္’ ကို ေထာက္ထားငဲ့ညႇာျခင္းမရွိဟူေသာ အနက္ျဖင့္ ႀကိယာကို ေထာက္ကူေသာစကားလုံးဟူ၍ ပါရွိပါသည္။ဥပမာေလးမ်ားျဖင့္ ေဖၚျပခ်င္ပါသည္။

ဦးဘသည္ ဆင္းရဲေသာ္လည္း စိတ္မညစ္ဘဲ၊ မတရားစီးပြားမရွာဘဲ ဘဝမွာ မွန္မွန္ကန္ကန္ေန ‘ရဲ’ သည္။

ဦးျမသည္ ဆင္းရဲခ်ိဳ႕တဲ့ေနပါလ်က္၊ အလုပ္အကိုင္အခြင့္အလမ္းေတြ ရွိေနပါလ်က္ ႀကိဳးစားအားထုတ္မႈမရွိဘဲ၊ မိသားစုမ်က္ႏွာမၾကည့္ဘဲ ေအးေအးေဆးေဆးေန ‘ရက္’ သည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္မ်ားသည္ တိုင္းျပည္လြတ္လပ္ေရးအတြက္ အင္အားႀကီးေသာ အဂၤလိပ္ႏွင့္ ဂ်ပန္ကို မေၾကာက္မ႐ြံ႕ ေတာ္လွန္ ‘ရဲ’ သည္။

ဂဠဳန္ဦးေစာႏွင့္ အေပါင္းအပါမ်ားသည္ မိမိတို႔ခံစားခ်က္၊ မိမိတို႔အက်ိဳးစီးပြားအတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္မ်ားကို လုပ္ႀကံ ‘ရက္’ သည္။

ေခါင္းေဆာင္ေကာင္းမ်ားသည္ အမ်ားေကာင္းစားေရးအတြက္ ကိုယ္က်ိဳးစြန႔္ ‘ရဲ’ သည္။အငတ္ငတ္အျပတ္ျပတ္ ေန ‘ရဲ’ သည္။

ေခါင္းေဆာင္ဆိုးမ်ားသည္ မိမိကိုယ္က်ိဳးအတြက္ အမ်ား၏အသက္ကို သတ္ ‘ရက္’ သည္။အမ်ားဒုကၡေရာက္တာကို ၾကည့္ ‘ရက္’ သည္။

ထိုႀကိယာေထာက္ စကားလုံးႏွစ္လုံးသည္ အေလးအနက္ထား၍ သုံးႏႈန္းထားတာခ်င္းတူေသာ္လည္း အဓိပၸါယ္မွာမူ လုံးဝဆန႔္က်င္ဘက္ျဖစ္ေနပါသည္။

‘လုပ္ရဲ’ တာက သူရဲေကာင္းတစ္ေယာက္ျဖစ္ေစေသာ အဓိကအခ်က္ပါ။

‘လုပ္ရက္’ တာက သူယုတ္မာတစ္ေယာက္ျဖစ္ေစေသာ အဓိကအခ်က္ပါ။

ခြန္အားႀကီးၿပီး သူရဲေကာင္းစိတ္ရွိသူသည္ မိမိထက္အားနည္းသူမ်ားအေပၚ အားေပးရဲပါသည္။ကူညီရဲပါသည္။ကယ္တင္ရဲပါသည္။ဒုကၡမေပးရက္ပါ။အျပစ္မတင္ရက္ပါ။အငတ္မထားရက္ပါ။မႏွိပ္စက္ရက္ပါ။

ခြန္အားႀကီးၿပီး သူယုတ္မာစိတ္ရွိသူသည္ မိမိထက္အားနည္းသူမ်ားအေပၚ အားမေပးရဲပါ။မကယ္တင္ရဲပါ။ဒုကၡေပးရက္ပါသည္။အျပစ္တင္ရက္ပါသည္။အငတ္ထားရက္ပါသည္။ႏွိပ္စက္ရက္ပါသည္။

လူသားတို႔ေနထိုင္ေသာ ဤေလာကႀကီးတြင္ မည္သည့္ႏိုင္ငံ၊ မည္သည့္လူမ်ိဳး၊ မည္သည့္ဘာသာဝင္မဆို အရင္းႏွီးဆုံး၊ အျဖဴစင္ဆုံး၊ အျမတ္ႏိုးဆုံး၊ ေစတနာအထားဆုံး သံေယာဇဥ္လူသားႏွစ္ဦးကား မိဘႏွင့္ သားသမီးပင္ျဖစ္၏။အထူးသျဖင့္ မိဘသည္ သားသမီးေကာင္းစားေရးအတြက္ ဘာမဆိုလုပ္ရဲသူမ်ားျဖစ္သည္။သားသမီးဒုကၡေရာက္ေစမည့္ မည္သည့္ကိစၥကိုမဆို မျပဳရက္သူမ်ားျဖစ္ပါသည္။

သို႔ေသာ္ ‘ယုတ္မာစိတ္’ ႏွင့္ မိဘအခ်ိဳ႕ရွိပါသည္။မိမိ၏အတၱ၊ မိမိ၏ဆႏၵကို ဦးစားေပးလိုက္သျဖင့္ မိမိ၏ေသြးသားျဖစ္ေသာ သားသမီးကိုပင္ ဒုကၡေပးရက္ၾကေတာ့သည္။

ဘုရားေဟာ ၅၅၀ ဇာတ္၊ ပၪၥကနိပါတ၊ မဏိကု႑လဝဂ္၌ ပါရွိေသာ စူဠဓမၼပါလဇာတ္အေၾကာင္း ေျပာခ်င္ပါသည္။

တစ္ခါက ဗာရာဏသီျပည္၌ မဟာပတာပမင္း အုပ္ခ်ဳပ္၏။ထိုမင္းႏွင့္ မိဖုရား စႏၵာေဒဝီတို႔မွ ဖြားျမင္ေသာ ‘ဓမၼပါလ’ ဟူသည့္ သားေတာ္တစ္ပါးရွိ၏။ဓမၼပါလမင္းသားေလး ခုနစ္လသားအ႐ြယ္ေရာက္ၿပီး တစ္ေန႔၌ မိဖုရားႀကီးသည္ သားေတာ္ေလးကို အေမႊးနံ႔သာေရျဖင့္ ေရခ်ိဳးေပး၏။
သားေတာ္ေလးသည္ ေရကစားရင္း ေပ်ာ္႐ႊင္ျမဴးတူးလ်က္ရွိ၏။မယ္ေတာ္လည္း သားေတာ္ေလး ေပ်ာ္႐ႊင္ေနသည္ကိုၾကည့္ရင္း သားအေပၚ ခ်စ္ခင္ျခင္း၊ ျမတ္ႏိုးျခင္းတို႔ လႊမ္းၿခဳံကာ ေက်နပ္ပီတိျဖစ္ေန၏။မယ္ေတာ့္ရင္ထဲမွာ ၿငိမ္းခ်မ္းေသာခံစားမႈေတြ ျပည့္ေနေလ၏။

ထိုအခ်ိန္တြင္ ဘုရင္မင္းျမတ္သည္ မိဖုရားႀကီး၏ အေဆာင္ေတာ္တြင္းသို႔ ဝင္ေရာက္လာသည္။မိဖုရားႀကီးသည္ သားေတာ္ေလး၏ လႈပ္ရွားမႈအေပၚ ဝမ္းေျမာက္ၾကည္ႏူးေနမိ၍ ဘုရင္ႀကီးကို ခရီးဦးႀကိဳ မျပဳမိခဲ့ေပ။

ဘုရင္ႀကီးသည္ သူ၏သားေတာ္ေလးႏွင့္ သူ၏ခ်စ္လွစြာေသာ မိဖုရားႀကီးတို႔၏ သားအမိၾကည္ႏူးေနျခင္းကို ဝမ္းေျမာက္ရမည့္အစား၊ သူကိုယ္တိုင္ပင္ ဝင္ေရာက္ေပ်ာ္႐ႊင္ရမည့္အစား မနာလိုဝန္တိုစိတ္က ေနရာယူသြားေလသည္။

‘မိဖုရားႀကီးသည္ ယခင္က သူ႔အေပၚဂ႐ုတစိုက္ရွိခဲ့ေသာ္လည္း သားအေပၚအားကိုးသည့္စိတ္ျဖင့္ သူ႔အေပၚဂ႐ုမစိုက္ေတာ့။သားေတာ္သာ အ႐ြယ္ေရာက္လာလွ်င္ ငါဘုရင္မင္းျမတ္ကို ပို၍ပမာမခန႔္လုပ္ကာ ဆန႔္က်င္ေပလိမ့္မည္။သားေၾကာင့္ျဖစ္ေသာ မိဖုရားႀကီး၏မာနကို ခ်ိဳးႏွိမ္ရန္ အဓိကအေၾကာင္းက သားေတာ္ေလးကို သတ္ပစ္မွျဖစ္ေတာ့မည္’ ဟု ေတြးမိသည္။မနာလိုဝန္တိုစိတ္အခံႏွင့္ ေဒါသထြက္ကာ ခ်က္ခ်င္းပင္ သူ၏နန္းေဆာင္သို႔ျပန္ခဲ့သည္။

ရာဇပလႅင္ထက္မွာ ေနရာယူၿပီးသည္ႏွင့္ မႉးမတ္တို႔အား သူသတ္သမားတို႔ကို ပုဆိန္၊ စဥ့္တီတုံးႏွင့္တကြ ေရွ႕ေတာ္သို႔ေခၚေဆာင္ရန္ အမိန႔္ေပး၏။သူသတ္သမားတို႔ ေရာက္လာေသာအခါ သားေတာ္ ဓမၼပါလ ကို ေခၚေဆာင္ေစျပန္၏။သူသတ္သမားတို႔ကလည္း ဘုရင့္အမိန႔္ေၾကာင့္ မိဖုရားႀကီးလက္ထဲမွ သားေတာ္ေလးကို အဓမၼလုကာ ဘုရင့္ေရွ႕ေတာ္သို႔ ယူလာခဲ့၏။မိဖုရားႀကီးက ငိုေႂကြးလ်က္ ေနာက္မွလိုက္လာ၏။

ဘုရင္ႀကီးက သားေတာ္ကို စဥ့္တီတုံးေပၚအိပ္ေစလ်က္ လက္ႏွစ္ဖက္ကိုျဖတ္ခိုင္း၏။မိဖုရားႀကီးက ငိုယိုကာ သားေတာ္ေလးအစား သူမကိုသတ္ရန္ တားေနသည့္ၾကားမွ သားေတာ္ေလး၏ လက္ႏွစ္ဖက္ျပတ္သြား၏။ပုဆိန္ျဖင့္ခုတ္လိုက္၍ လြင့္စဥ္က်လာေသာ သားေတာ္ေလး၏ လက္ျပတ္ႏွစ္ဖက္ကို ရင္မွာေပြ႕ရင္း မိဖုရားႀကီးခမ်ာ ငိုယိုေတာင္းပန္ေနရွာ၏။

ဘုရင့္ေဒါသက ေလ်ာ့မသြားဘဲ ေျခႏွစ္ဖက္ပါျဖတ္ခိုင္း၏။သားေတာ္ေလး၏ ေျခႏွစ္ဖက္ျပတ္သြားျပန္သည္။မိဖုရားႀကီးက ေသြးသံရဲရဲျဖစ္ေနေသာ လက္ႏွစ္ဖက္ႏွင့္ ေျခႏွစ္ဖက္ကို ရင္မွာေပြ႕ပိုက္ထားရင္း သားေတာ္ေလးကို ဆက္၍ဒုကၡမေပးရန္၊ ေျခႏွင့္လက္မရွိေတာ့ေသာ ခႏၶာကိုယ္ကို ေစာင့္ေရွာက္ေမြးျမဴခြင့္ေပးပါရန္ ငိုယိုေတာင္းဆိုသည္။

ဘုရင္ႀကီးက ဆုံးျဖတ္ခ်က္ကို မျပင္သည့္အျပင္ သားေတာ္ေလး၏ ေျခ၊ လက္ မရွိေသာ ခႏၶာကိုယ္ကို ေလထဲသို႔ပစ္ေျမႇာက္၍ သံလ်က္ႏွင့္ အစိတ္စိတ္အႁမႊာႁမြာပိုင္းျဖတ္ကာ ‘သံလ်က္ပန္း’ ကစားျပရမည္ဟု ထပ္၍မိန႔္ေတာ္မူျပန္သည္။သူသတ္သမားတို႔ကလည္း ဘုရင့္အမိန႔္အတိုင္းျပဳၾက၏။
သားေတာ္၏ခႏၶာကိုယ္မွ အသားစမ်ားသည္ ေသြးအလိမ္းလိမ္းႏွင့္ နန္းေတာ္အႏွံ႔ ျပန႔္ႀကဲကုန္၏။

မိဖုရားႀကီးက ဝမ္းအနည္းႀကီးနည္း၊ ရင္အနာႀကီးနာကာ ‘ရင္မွျဖစ္ေသာသားကိုပင္ သတ္ရက္ပါေပသည္။ႏူးညံ့ေသာစိတ္ရွိသည့္ မႉးမတ္မ်ားသည္ အဖက သားကို မတရားသတ္ေနသည့္အျဖစ္ကို ၾကည့္ရက္ႏိုင္ၾကေပသည္။မည္သို႔ ေသာႏွလုံးသားျဖင့္ ႏိုင္ငံကိုအုပ္ခ်ဳပ္ေနၾကပါသနည္း။ဤကဲ့သို႔ ရက္စက္ေသာမင္းႏွင့္ အမွန္တရားထက္ အာဏာကိုဦးစားေပးေသာ မႉးမတ္မ်ား အုပ္ခ်ဳပ္သည့္ေနရာတြင္ အသက္ရွင္ရမွာထက္ သားေတာ္ေလးႏွင့္အတူ ေသတာကမွ ျမင့္ျမတ္လိမ့္ဦးမည္’ ဟု ငိုယိုေအာ္ဟစ္ရင္း ႏွလုံးေသြးရပ္၍ သားေတာ္ေလး (ေဂါတမဘုရားေလာင္း) ႏွင့္အတူ ေသပြဲဝင္ခဲ့ေလသည္။

ရက္စက္ေသာဘုရင္ႀကီး (ေဒဝဒတ္ေလာင္း) သည္လည္း ပလႅင္ေပၚမွ ေအာက္သို႔ အလိုအေလ်ာက္ျပဳတ္က်ကာ အသက္ရွင္လ်က္ႏွင့္ အဝီစိငရဲသို႔ တိုက္႐ိုက္ေရာက္သြားေလေတာ့သည္။

တိုင္းျပည္အုပ္ခ်ဳပ္သည့္ ဘုရင္တစ္ပါးျဖစ္ေသာ္လည္း သာမန္ဆင္းရဲသား သူေတာင္းစားတစ္ေယာက္ပင္ မလုပ္ရက္ေသာ၊ ၾကမ္းတမ္းေသာ ဓားျပသူပုန္တစ္ေယာက္ပင္ အလြယ္တကူစိတ္မကူးရက္ေသာ ျပစ္မႈမ်ိဳးကို က်ဴးလြန္တတ္ၾကေလသည္။

အတၱစိတ္၊ တစ္ကိုယ္ေကာင္းစိတ္ကား အလြန္ေၾကာက္စရာေကာင္းလွေပသည္။ထိုစိတ္ကို ေမြးျမဴထားေသာသူ သည္လည္း ေၾကာက္စရာသာမက အလြန္အံ့ၾသစရာလည္းေကာင္းလွေလသည္။

ေတြးေခၚေျမာ္ျမင္တတ္ေသာ အသိစိတ္ကေလး ရွိျခင္း၊ မရွိျခင္းေၾကာင့္ လုပ္ရဲသူေတြ၊ လုပ္ရက္သူေတြ ေပၚေပါက္လာရျခင္းျဖစ္ပါသည္။

လူတစ္ေယာက္သည္ အမ်ားအက်ိဳးအတြက္ ေဆာင္႐ြက္ေပးလိုစိတ္ ျပင္းျပလာလွ်င္၊ အမွန္တရားဘက္ကေနလိုစိတ္ ထက္သန္လာလွ်င္ ေလာကမွာ မလုပ္ရဲတာမရွိပါ။ဆင္းရဲစုတ္ခ်ာေသာဘဝမွာလည္း ေနရဲပါသည္။အသက္ကိုလည္း စြန႔္လႊတ္ရဲပါသည္။

လူတစ္ေယာက္သည္ မိမိတစ္ကိုယ္တည္း ေကာင္းစားလိုသည့္စိတ္ လြန္ကဲလာၿပီး အတၱရာဂမီး အေလာင္ခံရၿပီဆိုလွ်င္ ေလာကမွာ သူမလုပ္ရက္တာ ဘာမွမရွိေတာ့ပါ။ဆင္းရဲႏုံခ်ာေသာ ဘဝမ်ိဳးမွာလည္း မေနရဲပါ။စိတ္ပင္မကူးရဲပါ။အသက္စြန႔္လႊတ္ရန္မဆိုထားႏွင့္ အသားပင္အနာမခံရဲပါ။

ေလာကလူသားအမ်ားစုသည္ မိမိကိုယ္တိုင္က အမ်ားအတြက္ အသက္မစြန႔္ရဲေသာ္လည္း ဆင္းရဲမွာေၾကာက္ေသာ္လည္း အမ်ားအတြက္ အသက္စြန႔္ရဲေသာ သူရသတၱိရွိေသာ အာဇာနည္ပုဂၢိဳလ္မ်ားကို အားက်ပါသည္။အားေပးပါသည္။လက္ခုပ္လက္ဝါးတီး၍ ဂုဏ္ျပဳၾကပါသည္။
ခ်စ္ေသာမ်က္စိႏွင့္ ၾကည့္မ၀ရႈမဝေအာင္ ဝမ္းသာပီတိျဖစ္မိၾကပါသည္။

ကိုယ္က်ိဳးအတြက္ သက္သက္သာၾကည့္ၿပီး သူ႔ဘဝေကာင္းစားေရးအတြက္ အမ်ား၏ႏွလုံးသားကို နင္းေခ်၊ အမ်ား၏မ်က္ရည္ႏွင့္ ေျခေဆး၊ အမ်ား၏ဦးေႏွာက္ကို ေဖာက္ထုတ္ပစ္ေသာသူမ်ိဳးကိုေတာ့ ေလာကလူသားအမ်ားစုက အားမက်ပါ။အားမေပးပါ။ဂုဏ္မယူပါ။ေသာကမ်က္ရည္၊ ေဒါသမ်က္ရည္ၾကားမွ ေၾကာက္ေသာမ်က္စိ၊ မုန္းေသာမ်က္စိမ်ားႏွင့္သာ ၾကည့္မိၾကပါလိမ့္မည္။

အမ်ားအတြက္လုပ္ရဲေသာ သူရဲေကာင္းသည္ လူအမ်ားစုကို စိတ္ခ်မ္းသာေစသည္။လူအမ်ားကို ၿငိမ္းေအးခ်မ္းသာေစသည္။ထို႔ေၾကာင့္ ‘လုပ္ရဲသူ’သည္ ေလာကကို အလွဆင္သူျဖစ္သည္။

အမ်ားအေပၚလုပ္ရက္သူ အတၱသမားမ်ားသည္ လူအမ်ားကို စိတ္ဆင္းရဲေစသည္။လူအမ်ားကို ပူေလာင္ေစသည္။ထို႔ေၾကာင့္ ‘လုပ္ရက္သူ’ သည္ ေလာကအလွကို ဖ်က္ဆီးသူျဖစ္သည္။ေလာကကို အက်ည္းတန္ေစသူျဖစ္သည္။

သည္သို႔ဆိုလွ်င္ လူအမ်ားစုသည္ သာမန္လူသားမ်ားသာျဖစ္၍ တစ္ပါးသူကို ဒုကၡမေပးရက္သူမ်ားျဖစ္သလို တစ္ပါးသူ၏ ခ်မ္းသာေရးအတြက္လည္း မစြန႔္စားရဲသူမ်ားလည္းျဖစ္ပါသည္။

သို႔ေသာ္ သူတို႔လုပ္ႏိုင္ေသာ အလုပ္ေတာ့ရွိပါသည္။အားေပးျခင္း၊ ရႈံ႕ခ်ျခင္း၊ ေမွ်ာ္လင့္ျခင္းတို႔ ျဖစ္ပါသည္။

အမ်ားခ်မ္းသာေအာင္ လုပ္ရဲသူေတြ မ်ားမ်ားေပၚေပါက္ေစခ်င္သည္။ရွိေနလွ်င္လည္း အသက္ရွည္၍ အနာကင္းေစခ်င္သည္။

အမ်ားဆင္းရဲေအာင္ လုပ္ရက္သူေတြကိုေတာ့ လုံးဝမေပၚေပါက္ေစခ်င္ၾကပါ။အကယ္၍ ရွိေနလွ်င္လည္း...............။

႐ိုက္ေမာင္း
ေမ - ၂၀