【 နည်းပညာ 】 လကို ဝင်တိုက်မိဖွယ်ရှိနေတဲ့ SpaceX ဒုံးပျံယာဉ်

【 နည်းပညာ 】 လကို ဝင်တိုက်မိဖွယ်ရှိနေတဲ့ SpaceX ဒုံးပျံယာဉ်

အီလွန် မက်စ်ရဲ့ SpaceX မှ လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ဖလော်ရီဒါကနေ ပထမဆုံးသော ဂြိုဟ်များဆိုင်ရာမစ်ရှင်အဖြစ် ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ဒုံးပျံယာဉ်တစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ SpaceX ဒုံးပျံယာဉ်အစိတ်အပိုင်းဟာ အာကာသတွင်း ၇ နှစ်နီးပါး လွင့်မျောလျက်ရှိနေပါတယ်။

ArsTechnica ရဲ့ ဖော်ပြမှုအရတော့ Falcon 9 ဒုံးပျံဟာ အင်ဂျင်များ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။အင်ဂျင်များ မီးလောင်ပြီးနောက် ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်ရန် လောင်စာမကျန်ရှိတော့တဲ့အတွက် ၎င်းဒုံးပျံကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ထားရှိခဲ့ရတာဖြစ်ပါတယ်။ယခုအခါမှာတော့ အာကာ‌သခြေရာခံစောင့်ကြည့်သူများ တွက်ချက်မှုအရ ၎င်းဒုံးပျံအစိတ်အပိုင်းဟာ လအနီးမှ ဖြတ်သန်းသွားဖွယ်ရှိကြောင်း သိရပါတယ်။

ကမ္ဘာနဲ့အနီးရှိ အရာဝတ္ထုများကို ခြေရာခံစောင့်ကြည့်နိုင်ရန် ရေပန်းစားသော ဆော့ဖ်ဝဲလ်ဖြစ်တဲ့ Project Pluto ဆော့ဖ်ဝဲလ်ကို ရေးသားသူ ဘီလ် ဂရေး (Bill Grey) ကတော့ လကမ္ဘာကို SpaceX ဒုံးပျံအစိတ်အပိုင်း ဝင်တိုက်မှုဟာ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာ ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

"ဒါဟာ လကမ္ဘာကို ထိတွေ့ဖွယ်ရှိတဲ့ အာကာသအမှိုက်တွေရဲ့ ပထမဆုံး မရည်ရွယ်သောကိစ္စဖြစ်ပါတယ်" လို့ ဂရေး က လွန်ခဲ့သော သီတင်းပတ်က ရေးသားခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဒုံးပျံအစိတ်အပိုင်း ပျက်ကျမှုဟာ ကမ္ဘာနဲ့ဝေးရာကို မျက်နှာမူထားတဲ့ လရဲ့မျက်နှာပြင်ကို ‌ထိတွေ့ဖွယ်ရှိနေတဲ့အတွက် သက်ရောက်မှုကိုတော့ တိုက်ရိုက်မြင်နိုင်ဖွယ်ရှိမှာ မဟုတ်ပါဘူး။

ထို့အတွက် နက္ခတ္တဗေဒပညာရှင်များဟာ ဒုံးပျံပျက်ကျမှု နောက်ဆက်တွဲကို လေ့လာကြည့်ရှုနိုင်ရန် နာဆာရဲ့ ဂြိုဟ်တုအပါအဝင် အခြားဂြိုဟ်တုများမှ ရိုက်ကူးထားသော ဓာတ်ပုံများကိုသာ အားကိုးရဖွယ်ရှိနေပါတယ်။

Damien
ဇန်နဝါရီ - ၂၆