
【 ပြည်တွင်း 】ယခုဘဏ္ဍာနှစ် ၁၁ လ အတွင်း တရုတ်နယ်စပ်စခန်း ၅ ခုမှ ကုန်သွယ်မှုပမာဏပေါင်း အမေရိကန် ဒေါ်လာသန်း ၂၆ဝ၀ ကျော်ရှိထား
၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ၁၁ လနီးပါး ကာလအတွင်း တရုတ်နယ်စပ်စခန်း ၅ ခုမှ ကုန်သွယ်မှု ပမာဏပေါင်း အမေရိကန်ဒေါ်လာသန်း ၂၆၀၀ ကျော် ရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။
တရုတ်နယ်စပ်စခန်းတွေဖြစ်တဲ့ မူဆယ်၊ ကံပိုင်တည်၊ ကျိုင်းတုံ၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ စတဲ့နယ်စပ်စခန်း(၅) ခုမှာ ၂၀၂၂ ခုနှစ်ဧပြီလ (၁) ရက်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်အထိ ကုန်သွယ်မှုကိန်းဂဏန်းဖော်ပြမှုတွေအရ ပို့ကုန်ပေါင်း အမေရိကန်ဒေါ်လာသန်း ၂၁၆၀ ကျော်ရှိခဲ့ပြီး သွင်းကုန်ပမာဏပေါင်း ဒေါ်လာ ၄၄၃ သန်း ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းတရုတ်နယ်စပ်စခန်းအလိုက် ကုန်သွယ်မှုမှာ မူဆယ်နယ်စပ်စခန်းမှ အများဆုံးကုန်သွယ်ထားကာ စုစုပေါင်း ပို့ကုန်သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ ၂၀၉၉ သန်းကျော် ရှိခဲ့ပြီး ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှာတော့ ဒုတိယအများဆုံးဖြစ်ကာ ပို့ကုန်သွင်းကုန် ပမာဏပေါင်း အမေရိကန်ဒေါ်လာ ၂၈၃ သန်း ရရှိထားပါတယ်။
အခြားတစ်ဖက်မှာတော့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ စုစုပေါင်း ပို့ကုန်သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော်၊ ကံပိုင်တည်စခန်းက ဒေါ်လာ ၈၈သန်း နဲ့ ကျိုင်းတုံစခန်းမှ ကန်ဒေါ်လာ ၁၀ သန်းကျော် အသီးသီးရှိခဲ့ကြပါတယ်။
005
ရန်ကုန်၊ မတ် ၂၈