【 ပြည်တွင်း 】 မြဝတီကုန်သွယ်ရေးတံတား အမှတ် (၂) ပြန်ဖွင့်နိုင်ခြင်း မရှိသေး

【 ပြည်တွင်း 】 မြဝတီကုန်သွယ်ရေးတံတား အမှတ် (၂) ပြန်ဖွင့်နိုင်ခြင်း မရှိသေး

ရန်ကုန်၊ ဧပြီ - ၂၆

တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ မြဝတီကုန်သွယ်ရေးတံတား အမှတ် (၂) ကို လတ်တလောတွင် ပြန်ဖွင့်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတား အမှတ် (၂) နေရာတွင် တိုက်ပွဲဖြစ်စဉ်ကြောင့် ပျက်စီးသွားသည့် စက်ပစ္စည်းများ၊ အဆောက်အအုံများနှင့် ဘဏ်ချိတ်ဆက်မှုလုပ်ငန်းများ ပြင်ဆင်ပြီးမှသာ ကုန်သွယ်ရေးတံတားကို ပြန်လည်ဖွင့်လှစ်၍ ကုန်စည်ဖြတ်သန်းသွားလာနိုင်မယ့်အခြေအနေဖြစ်တယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင် ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တံတားပေါ်ရှိ စက်ပစ္စည်းများ၊ အဆောက်အအုံများနှင့် ဘဏ်ငွေသွင်း၊ ငွေထုတ်ကိစ္စနှင့် အင်တာနက်လိုင်း ချိတ်ဆက်မှုများ ပြတ်တောက် ပျက်စီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မြဝတီမြို့ကို စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစာင့်တပ် - BGF တို့က လုံခြုံရေးနှင့် စီမံအုပ်ချုပ်ရေးကိစ္စများ ပူးတွဲလုပ်ဆောင်နေပြီး စစ်ကောင်စီဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ပြန်လည်လည်ပတ် လုပ်ကိုင်နိုင်ရန် ဝန်ထမ်းများ ပြန်လည်ခေါ်ယူ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ယနေ့ ဧပြီလ ၂၆ ရက်တွင်မူ မြဝတီမြို့တွင်း ပုံမှန်သွားလာမှုရှိနေပြီး မြို့ပြင်နေရာများတွင် လုံခြုံရေးအခြေအနေပေါ် မူတည်ကာ သွားလာမှုရှိနေကြာင်း၊ ထို့ကော်ကိုး တောင်ပတ်လမ်းမှ ကုန်စည်နှင့် ခရီးသွားလာမှု ဆက်လက်သွားလာ၍ရနေကြောင်း ဒေသခံတွေက ပြောဆိုထားပါတယ်။

သို့ရာတွင် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့ကို ဧပြီလ ၂၅ ရက်နေ့ကစပြီး အဝင်၊ အထွက် ကန့်သတ်ထားလိုက်ပြီဖြစ်ကာ ဝင်ခွင့်မပြုတော့တဲ့အကြောင်း အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်တွေထဲ လိုက်လံကြေညာခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ အမြှောက်တွေ အထိုင်ချတပ်ဆင်ထားတဲ့ စွယ်တော်ကုန်းတောင်ခြေနဲ့ အနီးတစ်ဝိုက်ကို ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo - CJ