【 နိုင်ငံတကာဆောင်းပါး 】 LMC နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု လားရာ

【 နိုင်ငံတကာဆောင်းပါး 】 LMC နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု လားရာ

မဟာမဲခေါင်ဒေသခွဲ (GMS) (သို့မဟုတ်) မဟာမဲခေါင်ဒေသသည် အရှေ့တောင်အာရှရှိ မဲခေါင်မြစ်ဝှမ်း၏ နိုင်ငံဖြတ်ကျော်ဒေသဖြစ်သည်။ထိုဒေသတွင် အာရှခြောက်နိုင်ငံဖြစ်သော ကမ္ဘောဒီးယား၊ တရုတ် (အထူးသဖြင့် ယူနန်ပြည်နယ်နှင့် ကွမ်ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ လူဦးရေ သန်း ၃၀၀ ကျော် နေထိုင်သည်။
 
မဟာမဲခေါင်ဒေသသည် အစားထိုး၍မရသော သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ ကြွယ်ဝမှုများကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အထင်ရှားဆုံး ဇီဝမျိုးစုံမျိုးကွဲများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ထိုဒေသသည် ကမ္ဘာ့ပြည်သူများအတွက် အရေးကြီးသော စားနပ်ရိက္ခာပံ့ပိုးပေးသည့်နေရာဖြစ်ပြီး လူမှုရေးနှင့် စီးပွားရေးအရ ဂယက် ရိုက်ခတ်မှုရှိသော အကြီးစားဆောက်လုပ်ရေးပရောဂျက်များစွာ၏ နေရာဖြစ်သည်။
 
သာယာဝပြောပြီး ပေါင်းစည်းမှုရှိကာ သဟဇာတရှိသော ဒေသခွဲတစ်ခုအဖြစ် ၎င်းတို့၏ မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန် ဆယ်စုနှစ်နှစ်ခုကျော်ကြာ မဟာမဲခေါင်ဒေသခွဲ၏ ခြောက်နိုင်ငံသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်သည့် GMS အစီအစဉ်အောက်တွင် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ထိုအစီအစဉ်မှာ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ နှင့် စီးပွားရေးစင်္ကြံများ ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ချိတ်ဆက်မှုကို အားကောင်းစေခြင်း။စျေးကွက်ပေါင်းစည်းမှု၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလာရေး လွယ်ကူချောမွေ့စေခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေခြင်း။လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မျှဝေခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ခံစားချက်ကို တည်ဆောက်ခြင်း စသည့် သုံးဖက်မြင် မဟာဗျူဟာ (Cs သုံးခု) ကို လက်ခံကျင့်သုံးကာ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အတူတကွတည်ဆောက်ခြင်းဖြစ်သည်။
 
၂၀၁၆ ခုနှစ် မတ်လတွင် လန်ချန်မြစ်နှင့် မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ အတူပူးပေါင်းဆောင်ရွက်သော ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်သစ်ကို စတင်ခဲ့သည်။ထို ၇ နှစ်တာအတွင်း လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပါဝင်သည့် နိုင်ငံ ၆ နိုင်ငံအကြား နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မဏ္ဍိုင်ကြီးသုံးရပ်နှင့်ပတ်သက်၍ အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြသည်။
 
ထိုခုနစ်နှစ်တာအတွင်း တရုတ်က ကမကထပြုသည့် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများက ပြည်သူများ၏ လူနေမှုဘဝ ကောင်းမွန်လာရေးအတွက် ထိရောက်စွာ ပံ့ပိုးကူညီနိုင်ခဲ့သည်။
 
ယခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်းတွင် (၈) ကြိမ်မြောက် လန်ချန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့သည်။ထိုအစည်းအဝေးတွင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများတွင် အလေးထားဖော်ဆောင်မည့် ဦးတည်ချက်လုပ်ငန်း ၆ ချက်ကို အဖွဲ့ဝင် ၆ နိုင်ငံက သဘော တူခဲ့သည်။ထိုသဘောတူညီချက် ၆ ချက်မှာ….
 
(၁) ပိုမိုနီးစပ်သော အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန်ဖြစ်သည်။ထို့အတွက် နိုင်ငံ့ခေါင်းဆောင်များကြား ဆက်သွယ်ရေး အသွားအလာမြှင့်တင်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဗျူဟာ ဦးတည်ချက်ကို ဦးဆောင်ရမည်ဖြစ်သည်။ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ပိုမိုခိုင်မာစေရန်အားမြှင့်ခြင်း၊ လန်ချန်း-မဲခေါင် စျေးကွက်ကို ကောင်းမွန်စွာတည်ဆောက်ခြင်း၊ ပြည်သူလူထုအား ဗဟိုပြုရေး အယူဝါဒ စွဲမြဲလက်ခံခြင်း၊ ပိုမိုများပြားသည့် ပြည်သူလူထုများအား ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များခံစားနိုင်စေပြီး ပြည်သူလူထုအကျိုး သယ်ပိုးပေးရန်ဖြစ်သည်။
 
(၂) ချိတ်ဆက်မှု ပိုမိုကောင်းမွန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရပ်ဝန်းကို ဖန်တီးတည်ဆောက်ရန်ဖြစ်သည်။အခြေခံအဆောက်အအုံချိတ်ဆက်မှု ဘက်စုံတိုးတက်ရေး မြှင့်တင်ရန်ဖြစ်သည်။ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန်ဖြစ်သည်။ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်ကွန်ရက်များ ပြီးမြောက် အောင် လုပ်ဆောင်ပြီး နယ်စပ်ဖြတ်ကျော် စီးပွားရေးအထူးဇုန်၏ ပူးပေါင်းဆောင်ရွက်မှုများ နောက်တစ်ဆင့်ဖော်ဆောင်၍ ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးသွားရန်ဖြစ်သည်။
 
(၃) ပိုမိုလုံခြုံသော ဖွံ့ဖြိုးတိုးတက်မှု ပတ်ဝန်းကျင် ဖန်တီးရန်ဖြစ်သည်။လုံခြုံသော ပူးပေါင်းဆောင်ရွက်မှုအား နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်ရေး အဓိကအချက်အဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ “လန်ချန်း-မဲခေါင် အေးချမ်းသာယာရေးလှုပ်ရှားမှုအစီအစဉ်” အမြန်ဆုံးချမှတ်ရမည်ဖြစ်ပြီး ဒေသခွဲ နယ်စပ်ဖြတ်ကျော်မှုခင်းများကို ပြတ်ပြတ်သားသား နှိမ်နှင်းတိုက်ဖျက်ရန်ဖြစ်သည်။အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများဖြစ်ပြီး ပြည်သူလူထုလုံခြုံရေးကို အန္တရာယ်ပြုနိုင်သော၊ နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး၏ လုံခြုံမှုကို နှောင့်ယှက်နိုင်သော အဆိပ်ပင်များအား ဖယ်ရှားရမည်။
 
(၄) ပိုမိုဒစ်ဂျစ်တယ်ဆန်သော ဖွံ့ဖြိုးတိုးတက်မှု အလားအလာဆီသို့ ချီတက်ရန်ဖြစ်သည်။နိုင်ငံ ၆ နိုင်ငံမှ သိပ္ပံနှင့် နည်းပညာဌာနများသည် ဒေသခွဲ ဆန်းသစ်တီထွင်မှုစင်္ကြံ တည်ဆောက်ရန် ဆွေးနွေးတိုင်ပင်နေကြသည်။တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုစင်္ကြံ မူဘောင်အတွင်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် တီထွင်မှု ပူးပေါင်းဆောင် ရွက်ရေးများ ပိုမိုလုပ်ဆောင်ရန် ဆန္ဒရှိပြီး (Global AI Governance Initiative) အဆိုပြုချက်အတိုင်း လိုက်နာပြီး ကျန်သည့် ၅ နိုင်ငံနှင့် AI ဉာဏ်ရည်တု စူးစမ်းရှာဖွေမှုများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖော်ပြထားသည်။
 
(၅) ပိုမိုတစ်မူထူးခြားချက်ရှိသည့် လူသားယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် လိုအပ်သည်။ခရီးသွားလုပ်ငန်း၊ အားကစား၊ နေရာဒေသ၊ အထက်တန်းကျောင်းနေ လူငယ်များ အစရှိသော နယ်ပယ်များတွင် မတူကွဲပြားသော၊ အရောင်အသွေးစုံလင်သော လူသားယဉ်ကျေးမှု ဆက်ဆံရေး ဖလှယ်ရေးများ ဖော်ဆောင်ပြီး နိုင်ငံ ၆ နိုင်ငံလုံးရှိ ပြည်သူလူထုများအား ကောင်းသထက်ကောင်း၊ ရင်းနှီးသထက် ရင်းနှီးလာအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
 
(၆) ပိုမိုအားလုံးပါဝင်သော ပူးပေါင်းဆောင်ရွက်မှုအယူအဆကို အဆိုပြုရမည်ဖြစ်သည်။အလုံပိတ်ခွဲခြားသော သီးသန့်အသိုင်းအဝိုင်းငယ်မျိုးလုပ်ဖို့ လုံးဝအားမပေးရန်ဖြစ်သည်။ဒေသစီးပွားရေး ပေါင်းစည်းမှန်ကန်သော ဦးတည်ချက်ကိုသာ အခိုင်အမာကျင့်သုံးသွားရန်ဖြစ်သည်။လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနဲ့ မဲခေါင်မြစ်ဝှမ်း ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ မြစ်ဝှမ်းဒေသ ၃ နေရာ စနစ်၊ မဲခေါင်မြစ်ကော်မတီအဖွဲ့ အစရှိသော စနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးမှုများတွင် အင်တိုက်အားတိုက် လုပ်ဆောင်သွားပြီး ဒီဒေသဇုန်ကို ပွင့်လင်းလက်ခံနိုင်သော၊ အပြန်အလှန်ဆက်ဆံဖလှယ်ပြီး သင်ယူနိုင်သော သင့်မြတ်သည့် မိသားစုဥယျာဉ်အဖြစ် တည် ဆောက်သွားရန်ဖြစ်သည်။
 
မြန်မာနိုင်ငံနှင့် ပူးတွဲကျင်းပသည့် အဋ္ဌမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအား မျှဝေထားသော အနာဂတ်နှင့်အတူ ပိုမိုနီးကပ်သော အသိုက်အဝန်းကို တည်ဆောက်ရန်နှင့် အပြန်အလှန်ချိတ်ဆက်ထားသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုခါးပတ်ကို ဖန်တီးရန် တိုက်တွန်းခဲ့သည်။
 
ဝမ်က လန်ချန်း-မဲခေါင် ယန္တရားသည် မြင့်မားသော အစမှတ်ရှိပြီး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ပြီး ကျယ်ပြန့်သော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးကြောင်း ပြောခဲ့သည်။  
 
ယခုအစည်းအဝေးတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) တွင် အပြုသဘောဆောင်သော တိုးတက်မှုကို ဝန်ကြီးများက ချီးကျူးပြောကြားခဲ့ကြပြီး LMC သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမှု၊ ဒေသတွင်း တိုးတက်မှုနှင့် သာယာဝပြောမှု၊ နိုင်ငံအားလုံး၏ စက်မှုအသွင်ကူးပြောင်းမှုနှင့် ခေတ်မီအသွင်ပြောင်းမှု၏ အရေးကြီးသော ပလက်ဖောင်းတစ်ခုရှိလာသည်ကိုလည်း သဘောတူခဲ့ကြသည်။
 
LMC ကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုအား အစည်းအဝေးတက်ရောက်လာသူများက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နောက်ထပ်တစ်ဆင့်တွင် လုပ်ငန်းစဉ် ဦးတည် ချက်ဆိုင်ရာ တရုတ်နိုင်ငံ၏ အဆိုပြုချက်များကိုလည်း သဘောတူခဲ့ကြသည်။
 
မဲခေါင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် လွန်ခဲ့သည့် ၇ နှစ်ကထက် နှစ်ဆတိုးလာကာ ၂၀၂၂ ခုနှစ်တွင် မဲခေါင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် နှစ်များတစ်လျှောက် ကျယ်ကျယ်ပြန့်ပြန့် အရှိန်မြှင့်လာခဲ့သည်။ထို့ပြင် နောင်လာမည့် နှစ်များသည့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများမှာ Belt and Road Initiative၊ Global Development Initiative အတွက် ရှေ့ဆောင်ဇုန်၊ Global Security Initiative အတွက် စမ်းသပ်ဇုန်နှင့် Global Civilization Initiative အတွက် ထိပ်တန်းနေရာအဖြစ် တည်ဆောက်သွားမည်ဟုဆိုရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (LMC) အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုသည် ယခင့် ယခင်များကထက် ပိုမိုအားကောင်းလာတော့မည် ဖြစ်လေတော့သည်။
 
လင်းသစ်အောင်