【 နိုင်ငံတကာဆောင်းပါး 】 ၂၀၂၄ ရွေးကောက်ပွဲနှင့် ဘိုင်ဒင်

【 နိုင်ငံတကာဆောင်းပါး 】 ၂၀၂၄ ရွေးကောက်ပွဲနှင့် ဘိုင်ဒင်

၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာကို အပြောင်းအလဲကြီးမားစွာဖြစ်နိုင်တဲ့ နိုင်ငံကြီးနှစ်ခုက ရွေးကောက်ပွဲနှစ်ခုရှိပါတယ်။ဒါက အမေရိကန်နဲ့ ရုရှားပါ။ 
 
ရုရှားကတော့ အာဏာရှင် ပူတင်က အတိုက်အခံတွေကို ရှင်းလင်းထားပြီး ရွေးကောက်ပွဲကို ချုပ်ကိုင်ထားတဲ့အတွက် ပြန်လည်အရွေးခံရဖို့ သေချာနေပါတယ်။အရွေးမခံရရင် ရုရှားပြည်တွင်းမှာ ကသောင်းကနင်းဖြစ်မှာ အသေအချာပါပဲ။တခြားအချက်တစ်ခုက စစ်ဖြစ်နေတဲ့အချိန်မှာ ခေါင်းဆောင်အပြောင်းအလဲမလုပ်တဲ့ သဘောသဘာ၀ကြောင့်ပါပဲ။ခြွင်းချက်ရှိတယ်ဆိုပေမယ့် အာဏာကိုချုပ်ကိုင်ထားတဲ့ နိုင်ငံတွေမှာတော့ ဒီလိုအပြောင်းအလဲလုပ်လေ့မရှိတာများပါတယ်။
 
အမေရိကန်ကတော့ ရှေ့နှစ်မှာလုပ်မယ့် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘိုင်ဒင်အတွက် ပြန်လည်ရွေးကောက်ခံရဖို့ ရာနှုန်းပြည့် မသေချာပါဘူး။ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ၎င်း၏ရှေ့တော် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှု ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်အတွက် ခေါင်းစဉ်နဲ့ တက်လာတာဖြစ်ပါတယ်။ယခု သူ့ရဲ့ပြိုင်ဘက် ထရမ့်က ဘိုင်ဒင်ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ ခေါင်းစဉ်နဲ့ မဲဆွယ်တက်လာဖို့ ပြင်နေပါပြီ။
 
ထရမ့်လက်ထက်မှာ ပြိုင်ဘက်ဖြစ်တဲ့ ဘိုင်ဒင်ကို သူ့ရဲ့သားဖြစ်သူ ဟန်းတားဘိုင်ဒင်ရဲ့ ယူကရိန်းမှာ အာဏာအလွဲသုံးစားပြုလုပ်ခဲ့မှုနဲ့ ယူကရိန်းအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ရေး တောင်းဆိုခဲ့လို့ ထရမ့် လွှတ်တော်မှာ အခက်တွေ့ခဲ့ပါတယ်။အခုသမိုင်းတစ်ပတ်လည်မှုအဖြစ် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေး ကောက်ပွဲနီးလာချိန်မှာ ပြိုင်ဘက်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သမ္မတရွေးကောက်ပွဲဝင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ကော်လိုရာဒိုပြည်နယ် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ဒီဆုံးဖြတ်မှုဟာ တစ်နိုင်ငံလုံးအတွက် ဆုံးဖြတ်တာမဟုတ်ဘဲ ကော်လိုရာဒိုမှာ ဆုံးဖြတ်တာဖြစ်လို့ ကော်လိုရာဒိုမှာသာ ထရမ့် ဝင်ပြိုင်လို့မရတာပါ။ထရမ့်အတွက် စိုးရိမ်စရာတစ်ခုရှိတာက တခြားပြည်နယ်တွေကလည်း အလားတူလိုက်ဆုံးဖြတ်ရင် ထရမ့် အခက်တွေ့နိုင်ပြီး နောက်ဆုံး ပြည်ထောင်စုတရားရုံးချုပ်မှာ အပြီးသတ်ဆုံးဖြတ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။အဓိက ကတော့ ဘာကြောင့် ဒီလိုဆုံးဖြတ်တာလဲဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ တုန်းက ရှုံးတာနဲ့ လွှတ်တော်ကို ပုန်ကန်စီးနင်းဖို့ သူ့ထောက်ခံသူတွေကို လှုံ့ဆော်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုန်ကန်မှု ပြဌာန်းချက်နဲ့ ငြိတယ်လို့ သတ်မှတ်ပြီး ဝင်ပြိုင်ခွင့်ပိတ်ခဲ့တာပါ။
 
ဒီလိုအခြေအနေတွေကြောင့် သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒင် ပြန်ရွေးကောက်ခံရနိုင်တယ်လို့ ထင်လို့လည်း မရပါဘူး။ဘာကြောင့်ဆို ဘိုင်ဒင်လက်ထက် အမေရိကန်အနေနဲ့ စစ်ရေးအသုံးစရိတ်ထောင်းတာနဲ့ ဂါဇာ အပါအဝင် အရှေ့အလယ်ပိုင်း သံတမန်ရေးရာမှာ ကျရှုံးမှုတွေကြောင့် ဘိုင်ဒင်ရဲ့ ဦးဆောင်မှုနဲ့ မူဝါဒက သူ့ပါတီတွင်းမှာတောင် ပြန်မေးခွန်းထုတ်ခံနေရတဲ့ အခြေအနေရှိနေတာကြောင့်ပါ။
 
ဒါ့အပြင် မကြာခင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဟန်းတားဘိုင်ဒင်ကို ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၄ သန်းကို အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့မှုနဲ့ အခွန်တိမ်းရှောင်ထားတဲ့ ငွေနဲ့ ဇိမ်ခံဟိုတယ်များ၊ ထူးခြားဆန်းပြားသော ကားများနှင့် မူးယစ်ဆေးဝါးများ ဝယ်ယူရန်အတွက် သုံးစွဲခဲ့တဲ့အတွက် အခွန်တိမ်းရှောင်မှု ကိုးမှုဖြင့် စွဲချက်တင်ခဲ့ပါတယ်။ဒယ်လာဝဲလ်ပြည်နယ်မှာလည်း ဟန်းတားဘိုင်ဒင်ကို လက်နက်မှုများနဲ့ စွဲချက်တင်ထားတာရှိလို့  ဒါတွေက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတ ဘိုင်ဒင်၏ ကြိုးပမ်းမှုများအပေါ် အကျိုးသက်ရောက်မှုများရှိလာမှာလည်းရှိနေပါတယ်။
 
ဒီလိုအခြေအနေတွေကြောင့်  လာမယ့် ၂၀၂၄ ရွေးကောက်ပွဲမှာ ဘိုင်ဒင်နဲ့ ထရမ့်အခြေအနေက သူမသာ ကိုယ်မသာအခြေအနေလို့ ပြောရမယ့် အနေအထားပါ။ဒါကြောင့် လက်ရှိသမ္မတကို အမေရိကန်ပြည်သူတွေ ဆက်ရွေး၊ မရွေးဆိုတာ ဘိုင်ဒင်လက်ထက် အမေရိကန်ပြည်တွင်းအခြေအနေက ပိုအဓိကကျလာဖို့ များလာပါတယ်။
 
ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန်အိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာန ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ အမေရိကန်၌ အိုးမဲ့အိမ်မဲ့သူ ဦးရေသည် ၆ သိန်း ၅ သောင်းကျော်ရှိပြီး စတင်ကောက်ခံခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းကဆိုရင် အမြင့်မားဆုံးကိန်းဂဏန်းဖြစ်တယ် ဆိုပါတယ်။ဒီလိုမြင့်မားရတဲ့အ ကြောင်းအရင်းတွေအဖြစ် ကျွမ်းကျင်သူတွေ သုံးသပ်မှုမှာ နေအိမ်ငှားရမ်းခများ တိုးလာခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် COVID-19 ကပ်ရောဂါများ စသည့် အကြောင်းအရင်းများစွာကြောင့် အိုးမဲ့အိမ်မဲ့သူများ တိုးလာတာလို့ ဆိုပါတယ်။
 
ဒီဇင်ဘာလ ၂၀ ရက် အမေရိကန်စီးပွားရေး ခွဲခြမ်းစိတ်ဖြာမှုဗျူရိုမှ ထုတ်ပြန်သော အချက်အလက်အရဆိုရင်လည်း အမေရိကန်၏ စာရင်းအင်းလိုငွေပြမှုဟာ ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ဒေါ်လာ ၂၀၀.၃ ဘီလီယံအထိရှိနေပါတယ်။
 
သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မဲဆွယ်စည်းရုံးမှုကိုကြည့်ရင် ၂၀၂၄ ရွေးကောက်ပွဲနှစ်သို့ ဦးတည်သွားမည့် ၎င်း၏လုပ်ငန်းဆောင်ရွက်မှုများကို မြှင့်တင်နေပြီး အဓိကကျသော စစ်မြေပြင်နိုင်ငံများတွင် အခြေခံအုတ်မြစ်ချပြီး ပြိုင်ဘက် သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ ၎င်း၏ ငြင်းခုံမှုကို ထက်မြက်စေဖို့ ရည်ရွယ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ 
 
တရားဝင်မဲဆွယ်ပွဲများမှာ သမ္မတနှင့် ဒုသမ္မတတို့က ကိုယ်ဝန်ဖျက်ချခြင်း၊ စီးပွားရေး၊ သေနတ် အကြမ်းဖက်မှု တိုက်ဖျက်ခြင်း၊ လိင်တူအခွင့်အရေး၊ လူမှုဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည့် ကိစ္စရပ်များကို အလေးပေးဆောင်ရွက်ခြင်းဖြင့် ဆန့်ကျင်ဘက်များကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားနေပါတယ်။
 
သို့သော် ယူကရိန်း၊ အစ္စရေးနှင့် နယ်ခြားလုံခြုံရေးအတွက် ရန်ပုံငွေဖြည့်တင်းမှုအစီအစဉ်အတွက် လွှတ်တော်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများက ဘိုင်ဒင်၏ မဲဆွယ်မှုကို အနှောင့်အယှက်ဖြစ်စေသလို ပြိုင်ဘက် ရီပတ် ဘလစ်ကန်တွေအတွက် မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။အထူးသဖြင့် ဘိုင်ဒင်လက်ထက်မှာ ခိုင်မာသော စီးပွားရေးညွှန်းကိန်းများရှိနေသော်လည်း၊ လူထုစစ်တမ်းများတွင်မူ စီးပွားရေးနှင့်ပတ်သက်၍ ခေါင်းမာသော အဆိုး မြင်မှုများကို ဆက်လက်ပြသနေပါတယ်။
 
အဆိုပါအကျပ်အတည်းများက လွန်ခဲ့သော ၁၂ လအတွင်း ဘိုင်ဒင်အပေါ် ထောက်ခံမှုအဆင့် ကျဆင်းမှု၏ အဓိကအရင်းခံများလည်းဖြစ်ပါတယ်။ယခုနှစ်မှာ ဘိုင်ဒင်ရဲ့ ထောက်ခံမှုစစ်တမ်းမှာ ၄၅ ရာခိုင်နှုန်းဖြင့် စတင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကောက်ယူခဲ့သည့် CNN ၏ နိုဝင်ဘာလစစ်တမ်းတွင် ဘိုင်ဒင်အပေါ် ထောက်ခံမှုမှာ ၃၇ ရာခိုင်နှုန်းသာရှိခဲ့တော့တာ တွေ့ရပါတယ်။ထူးခြားမှုတစ်ခုမှာ နိုဝင်ဘာလက ကောက်ယူခဲ့သည့် Marquette Law School စစ်တမ်းမှာတော့ မဲဆန္ဒရှင် ၅ ဦးတွင် ၁ ဦးက ထရမ့်နှင့် ဘိုင်ဒင်ကြား ပြိုင်ဆိုင်မှုကို စိတ်မဝင်စားကြောင်း ဆန္ဒပြုထားခြင်းပဲဖြစ်ပါတယ်။
 
ဘိုင်ဒင်ရဲ့ ဦးဆောင်မှုအပေါ် အချို့သော ဒီမိုကရက်များသည် စစ်မြေပြင်တွင် စစ်ဆင်ရေးများ စတင်ရန် နှေးကွေးနေခြင်းနှင့်ပတ်သက်၍ စိတ်ပျက်နေကြပါတယ်။သို့သော် မကြာသေးမီရက်သတ္တပတ်များအတွင်းက မစ်ချီဂန်၊ နီဗားဒါးနှင့် ဝီစက္ကဆင်အပါအဝင် အဓိကတိုက်ပွဲမြေပြင်ပြည်နယ်များတွင် ခေါင်းဆောင်ခန့်အပ်မှုများကို ကြေညာခဲ့ရာမှာ ဒီမိုကရက်တစ်တွေစတင်မဲဆွယ်မယ့် တောင်ကာရိုလိုင်းနားလည်း ပါဝင်လာပါတယ်။
 
ဒါပေမဲ့ မဲဆန္ဒရှင်များ၏ အမူအကျင့် အပြောင်းအလဲများကြောင့် ၂၀၂၄ ခုနှစ် မဲဆွယ်စည်းရုံးမှုဟာ ယခင်နှစ်များနှင့် ကွဲပြားသွားဖို့ရှိနေတယ်လို့ အောက်ခြေ အောင်နိုင်ရေး တာဝန်ရှိသူတွေက ဆိုထားပါတယ်။မကြာသေးမီက Times/Siena စစ်တမ်းအရ အသက် ၃၀ နှစ်အောက် မဲဆန္ဒရှင်များကြားမှာ ဘိုင်ဒင်အပေါ် ထောက်ခံမှုအဆင့်ဟာ အလုံးစုံမှာ ၂၆ ရာခိုင်နှုန်းသာရှိပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာဆိုရင် ဘိုင်ဒင်ကိုင်တွယ်မှုအပေါ် ၂၀ ရာခိုင်နှုန်းသာ ထောက်ခံကြပါတယ်။ဒါကြောင့် ပြည်တွင်းစီးပွားရေးအပြင် နိုင်ငံတကာကိုင်တွယ်မှုအပေါ် ထောက်ခံမှုလျော့ကျနေတာကို ဘိုင်ဒင် ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ဒါဟာ ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ထောက်ခံမှုနဲ့  တခြားစီဖြစ်ခြင်းပါပဲ။
 
မကြာသေးမီက CNN စစ်တမ်းအရ သမ္မတ၏ စီးပွားရေး ကိုင်တွယ်ပုံကို သုံးပုံတစ်ပုံက ထောက်ခံကြောင်း တွေ့ရှိခဲ့ပြီး အမေရိကန်နိုင်ငံသား ၁၀ ဦးမှာ ခုနစ်ဦးက အမေရိကန်၏ စီးပွားရေးအခြေအနေ ညံ့ဖျင်းသည်ဟု ယုံ ကြည်နေကြပါတယ်။ငွေကြေးဖောင်းပွမှုနည်းခြင်း၊ အလုပ်လက်မဲ့နည်းပါးခြင်းနှင့် လုပ်ခများ မြင့်တက်လာခြင်းအပါအဝင် စီးပွားရေးတွင် တောက်ပသော အစက်အပြောက်များ ပေါ်ထွက်နေသော်လည်း၊ အိမ်ဖြူတော်သည် ဒီဇင်ဘာလတွင် စားသုံးသူယုံကြည်မှု မြင့်တက်လာကြောင်း ပြသသည့် အချက်အလက်များကြောင့် စီးပွားရေးကျဆင်းမှု စိုးရိမ်မှုများအတွက် သက်သာရာရလာပါတယ်။ထိုအရာများကြောင့် ရွေးကောက်ပွဲမှာ ဘိုင်ဒင် အားသာချက်ဖြစ်ဖို့ ဒီမိုကရက်တစ်များက မျှော်လင့်နေ သော်လည်း လူများစွာအဖို့ ကပ်ရောဂါ၏ စီးပွားရေးတုန်လှုပ်ချောက်ချားမှုမှ ရုန်းထွက်နိုင်ဖို့ ကြိးစားနေရဆဲဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းမှာ ဘီလီယံရာနဲချီပြီး ကုန်ကျခဲ့ပေမယ့် ထင်သလို မဖြစ်လာတာကလည်း ဘိုင်ဒင်အပေါ်  အမေရိကန်ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပိုစိတ်ပျက်စေလိမ့်မှာဖြစ်ပါတယ်။
 
ထရမ့်က သူ့ကိုပြန်လည်ရွေးကောက်ရင် အာဏာရှင်မဖြစ်လာဘူးလို့ ပြောခဲ့ပေမယ့် အမေရိကန်ပြည်သူတွေက ဒီမိုကရေစီဖိုးအေနိုင်ငံကြီးမှာ လက်နက်အားကိုးနဲ့ ရွေးကောက်ပွဲရလဒ်ကို ပြင်ဖို့ ကြိုးစားတဲ့ ကသောင်းကနင်းအချိန်ကို မေ့မှာမဟုတ်ပါဘူး။ဒါက ဘိုင်ဒင်နဲ့ ထရမ့်အကြား ဘာကိုရွေးမလဲဆိုတာ အမေရိကန်ပြည်သူတွေ ချဉ်းကပ်မယ့် ပကတိအရှိတရားအဖြစ် မြင်ကြပါတယ်။
 
နိုဝင်ဘာလမှာ အမေရိကန်ပြည်သူတွေက သူတို့ ၏ နေ့စဉ်ဘဝများကို ထိန်းချုပ်မယ့် အစွန်းရောက်မူဝါဒများနှင့် ‘အာဏာရှင်နေ့’ ချဉ်းကပ်မှုကို မဲပေးကြမှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
 
ဒီအတွက် ရီပတ်ဘလစ်ကင်တွေဘက်က  ထရမ့်မဟုတ်တဲ့ ဦးဆောင်သူအသစ်ဆိုရင် ပြိုင်ဘက် ဘိုင်ဒင်ကို အလဲထိုးနိုင်လိမ့်မယ်လို့ ယူဆမှုတွေ မြင့်တက်လာနေပါတယ်။
 
လင်းသစ်အောင်