【 နိုင်ငံတကာဆောင်းပါး 】 ဥရောပရဲ့ ဝံပုလွေဆိုးကြီးတွေကို ဘယ်သူတွေကြောက်ရွံ့နေကြသလဲ ?

【 နိုင်ငံတကာဆောင်းပါး 】 ဥရောပရဲ့ ဝံပုလွေဆိုးကြီးတွေကို ဘယ်သူတွေကြောက်ရွံ့နေကြသလဲ ?

ဥရောပရဲ့ ဝံပုလွေဆိုးကြီးတွေကို ဘယ်သူတွေကြောက်ရွံ့နေကြသလဲလို့မေးရင် လယ်သမားတွေရယ် ပြီးတော့ ဥရောပရဲ့ အာဏာအရှိဆုံး အမျိုးသမီးလို့ ပြောလို့ရတဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါလီယန်လည်း ပါဝင်ပါတယ်။  

နှစ်ပေါင်းများစွာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုအပြီးမှာ ပြန်ပေါ်လာတဲ့ ဝံပုလွေတွေဟာ အရင်တုန်းက မရောက်ခဲ့တဲ့ နေရာတွေကိုပါ ရောက်လာကြပါပြီ။ ၁၉၉၂ ခုနှစ်တုန်းက ချမှတ်ခဲ့တဲ့ ဥရောပဌာနေ သားရိုင်းတွေကို ကာကွယ်တဲ့ ဥပဒေနောက်ပိုင်း ဥရောပမှာ ဝံပုလွေအကောင်ရေဟာ ၂ သောင်းနီးပါးထိ ရှိလာခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံမှာဆိုရင် ဝံပုလွေတွေဟာ ရာစုနှစ်တစ်ခုကြာ ပျောက်သွားပြီးမှ ပြန်ပေါ်လာတာဖြစ်ပါတယ်။

ဥရောပသမဂ္ဂကော်မရှင်ကတော့ ယခုလအတွင်းမှာ ဝံပုလွေအကောင်ရေကို ထိန်းချုပ်ဖို့ အဆိုပြုချက်တစ်ခုကို စတင်ခဲ့ပါတယ်။အဓိက ကတော့ လယ်သမားတွေနဲ့ ဝံပုလွေကို ကိုက်ဖြတ်စားသောက်တာခံရတဲ့ တိရစ္ဆာန်တွေရဲ့ ပိုင်ရှင်တွေထံကနေ ဖိအားတွေတိုးလာတာကြောင့်ဖြစ်ပါတယ်။ဥရောပအချို့နိုင်ငံတွေမှာ ဝံပုလွေတွေဟာ မွေးမြူရေးနဲ့ လူသားတွေအတွက် အန္တရာယ်ဖြစ်တယ်လို့ ဗွန် ဒါလီယန်က သတိပေးခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို အရေးယူမှုတွေလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။  

ဝံပုလွေတွေဟာ ဥရောပရဲ့ သမိုင်းကြောင်းနဲ့ ဒဏ္ဍာရီတွေမှာလည်း အရေးပါခဲ့ပါတယ်။ရောမဒဏ္ဍာရီမှာဆိုရင် ရောမမြို့ကို တည်ထောင်သူတွေကို ဝံပုလွေမက စောင့်ရှောက်ခဲ့တာလို့ ဆိုပါတယ်။ကောင်းမှုနဲ့ မကောင်းမှု တိုက်ပွဲမှာလည်း ဝံပုလွေတွေဟာ မကောင်းဆိုးဝါးအဖြစ် အဓိကဇာတ်ကောင်နေရာကနေ ပါဝင်နေပါတယ်။ကလေးပုံပြင်တွေမှာလည်း ဝံပုလွေတွေက မကောင်းတဲ့အခန်းကနေ ပါဝင်ပါတယ်။ဝက်ကလေးသုံးကောင်လိုမျိုး၊ ဝတ်ရုံနီနဲ့ မိန်းကလေးလိုမျိုး ပုံပြင်တွေမှာဖြစ်ပါတယ်။

၁၈ ရာစုတုန်းက ဥရောပသားတွေဟာ ဝံပုလွေနဲ့တူတဲ့ ဒဏ္ဍာရီလာမကောင်းဆိုးဝါးတစ်ကောင်ကို ကြောက်ရွံ့ခဲ့ကြဖူးပါတယ်။  

ဥရောပဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းကတော့ ဝံပုလွေတွေဟာ ဥရောပရဲ့ ဇီဝမျိုးကွဲတွေမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် မကြာသေးခင်က လုပ်ဆောင်ချက်ကြောင့် ဝံပုလွေတွေနဲ့ပတ်သက်ပြီး အမြင်ပြောင်းလဲလာပြီကို တွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း ဗွန် ဒါလီယန်ဟာ ဝံပုလွေတိုက်ခိုက်မှုကြောင့် သူ့ရဲ့မြည်းလေးတစ်ကောင်ကို ဆုံးရှုံးခဲ့ရပါတယ်။အဲဒေသမှာ တိရစ္ဆာန်တွေကို တိုက်ခိုက်တဲ့ ဝံပုလွေထီးတွေကို ပစ်ခတ်ခွင့်ရှိတဲ့ အမိန့်ဟာ ဇန်နဝါရီလမှာ သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပဲ နိုင်ငံရေးသမားတွေဟာ ဒေါသထွက်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာတော့ ဥရောပလွှတ်တော်ဟာ ဝံပုလွေအကောင်ရေကို လျှော့ချဖို့ လုပ်ဆောင်ချက်တစ်ခုကို အတည်ပြုပေးခဲ့ပါတယ်။ဒီလုပ်ဆောင်ချက်ကို ဦးဆောင်တာကတော့ ကွန်ဆာဗေးတစ်ဥရောပပါတီတွေရဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ဟာ ဥရောပလွှတ်တော်ထဲမှာ အင်အားအကြီးဆုံးအဖွဲ့ဖြစ်ပြီး ဗွန် ဒါလီယန်ရဲ့ နိုင်ငံရေးအိမ်လည်းဖြစ်ပါတယ်။

လူတိုင်းကတော့ ဝံပုလွေတွေကို မုန်းနေကြတာ မဟုတ်ပါဘူး။ဂျာမနီရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး NGO တစ်ခုက အကြီးတန်းမူဝါဒမန်နေဂျာဖြစ်တဲ့ ဘရူနာ ကမ်းပို့စ်ကတော့ လုံးလုံးသဘောမတူပါဘူး။ “ဥရောပရဲ့ ဝံပုလွေတွေက လူတွေကို ဒုက္ခမပေးပါဘူး။တစ်ခါတလေ မွေးမြူရေးတိရစ္ဆာန်တွေကို တိုက်ခိုက်တယ်ဆိုပေမယ့် ဒီခြိမ်းခြောက်မှုကို လျှော့ချဖို့က အခြားနည်းလမ်းများစွာရှိပါတယ်” လို့ ဆိုပါတယ်။

ဒါတွေကတော့ သေစေနိုင်တဲ့ နည်းလမ်းမျိုးမဟုတ်တဲ့ ခြံတွေပိုမိုခတ်ခြင်းနဲ့ အလင်း၊ ဆူညံသံနဲ့ လှုပ်ရှားမှုတို့ကို အသုံးပြုပြီး ခြောက်ခြင်းတို့ကိုဆိုတာဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေအတွက်ကတော့ ဝံပုလွေအကောင်ရေ တိုးပွားလာခြင်းဟာ အောင်မြင်တဲ့လုပ်ဆောင်ချက်တစ်ခုလို့ မှတ်ယူထားပါတယ်။

ဥရောပရဲ့ ဝံပုလွေပြဿနာဟာ ကမ္ဘာတစ်ဝန်းမှာ လူသားတွေကြောင့် သဘာဝကျက်စားရာနေရာတွေ ပျောက်ကွယ်လာခြင်းကနေ ဖြစ်ပေါ်လာတဲ့ လူသားနဲ့ သဘာဝကြား ပဋိပက္ခတွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။အလက်စကာကနေ အရီဇိုးနားအထိ အမေရိကန်ပြည်နယ်များစွာမှာ ဝက်ဝံတိုက်ခိုက်မှုတွေတိုးလာပြီး ကင်ညာကဲ့သို့ အာဖရိကနိုင်ငံတွေမှာလည်း မွေးမြူရေးတိရစ္ဆာန်တွေကို ကာကွယ်ဖို့ မျိုးသုဉ်းခါနီး ခြင်္သေ့တွေကို သတ်ဖြတ်နေတာကို တွေ့ရပါတယ်။အိန္ဒိယမှာတော့ မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ အာရှဆင်တွေဟာ နှစ်စဉ်နှစ်တိုင်း လူပေါင်း ၅၀၀ ကို သတ်ဖြတ်နေတာကြောင့် လယ်သမားတွေနဲ့ ဒေသခံတွေကြား တင်းမာမှုတွေ တိုးလာနေပါတယ်။  

ဥရောပမှာတော့ လယ်သမားတွေမှာ နောက်ခံအင်အားရှိကြပါတယ်။ဥရောပလယ်သမားတွေအတွက် ဝါဒဖြန့်ချိရေးအဖွဲ့ ကိုပါကော့ချ်ကာဟာ နှစ်စဉ်နှစ်တိုင်းမှာ ယူရိုသန်းချီသုံးစွဲပြီး ဥရောပရဲ့ စိုက်ပျိုးရေးမူဝါဒကို ပုံဖော်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ဒီအဖွဲ့ကတော့ ဥရောပလွှတ်တော်ရဲ့ ကြေညာချက်ဟာ မြို့ပြင်မှာ ကြုံတွေ့နေရတဲ့ ဝမ်းနည်းဖွယ်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ကြိုဆိုခဲ့ကြပါတယ်။  

စက်တင်ဘာလတုန်းက ဗွန် ဒါလီယန်ရဲ့ သမဂ္ဂဆိုင်ရာ မိန့်ခွန်းမှာ အဓိကကဏ္ဍအဖြစ် ပါဝင်နေတာကတော့ စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်ပြီး မဟာဗျူဟာကျ ဆွေးနွေးမှုတည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။မိန့်ခွန်းထဲမှာ ဗွန် ဒါလီယန်က နေ့စဉ်နေ့တိုင်း အစားအသောက်ပေးဆောင်တဲ့အတွက် လယ်သမားတွေကို ကျေးဇူးတင်ခဲ့ပါတယ်။တစ်နှစ်တောင် မကျန်တော့တဲ့အချိန်အတွင်းမှာ ရောက်လာမယ့် ရွေးကောက်ပွဲရယ်၊ လက်ခမောင်းခတ်နေကြတဲ့ လယ်သမားတွေရယ်နဲ့ နေရာပျောက်မှာကြောက်နေတဲ့ ကွန်ဆာဗေးတစ်တွေကြားထဲမှာ ဝံပုလွေပြဿနာဟာ အသုံးချခံနိုင်ငံရေး လှည့်ကွက်ဖြစ်နေတယ်လို့ များစွာက သုံးသပ်ထားပါတယ်။   

အချို့အတွက်တော့ ဝံပုလွေပြဿနာကို ဖြေရှင်းခြင်းက လူမှုနေထိုင်ရေးပုံစံ ရွေးချယ်မှုဖြစ်တယ်လို့ ဆိုပါတယ်။မကြာသေးခင်ကမှ လူငယ်တစ်ဦးကို ဆုံးရှုံးခဲ့ရပြီး ကလေးတွေလည်း တောတွင်းလေ့လာမှုတွေ မလုပ်နိုင်တော့ဘူးလို့ဆိုတဲ့ အီတလီက ဥရောပလွှတ်တော်အမတ်တစ်ဦးက ဝံပုလွေပြဿနာဟာ လယ်သမားတွေချည်းရဲ့ ပြဿနာပဲ မဟုတ်ဘူးလို့ ဆိုပါတယ်။  

အချို့ကတော့ ဗွန် ဒါလီယန်ရဲ့ သူ့ရဲ့ မြည်းတစ်ကောင်ကို ဆုံးရှုံးလိုက်ရလို့ ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ ဝံပုလွေအကောင်ရေကို လျှော့ချဖို့ စိတ်အားထက်သန်နေတာလို့ ပြောကြပါတယ်။

မည်သို့ပင်ဖြစ်စေ အဓိကအချက်ကတော့ ဥရောပရဲ့ လယ်သမားတွေရဲ့ အသံကို တာဝန်ရှိသူတွေက နားထောင်ပေးကြတယ်ဆိုတာပဲဖြစ်ပါတယ်။  
ဥရောပသမဂ္ဂ ဘုံစိုက်ပျိုးရေးမူဝါဒဟာဆိုရင် ဥရောပသမဂ္ဂရဲ့ ဘဏ္ဍာရေးရဲ့ သုံးပုံတစ်ပုံကို သုံးစွဲထားတာဖြစ်ပြီး ဒီမူဝါဒကနေတစ်ဆင့် လယ်သမားတွေထံ ယူရိုဘီလီယံ ၆၀ ကျော်ပေးနေတာဖြစ်ပါတယ်။အမေရိကန်နဲ့ မတူတာကတော့ ဥရောပမှာ လယ်သမားတွေနဲ့ စိုက်ပျိုးရေးကဏ္ဍဟာ အခြားသောအကြောင်းအရာများထက် ပိုပြီးအရေးပါနေတာဖြစ်ပါတယ်။  

ဥပမာအားဖြင့် ၂၀၁၉ တုန်းက နယူးယောက်တိုင်းမ်စ်ရဲ့ စုံစမ်းဖော်ထုတ်မှုအရ ဥရောပသမဂ္ဂရဲ့ လယ်ယာအဖွဲ့အစည်းတွေဟာ မာဖီးယားပုံစံနဲ့ မြေယာသိမ်းပိုက်မှုတွေရှိနေပြီး အချို့နေရာတွေမှာဆိုရင် နောက်ခံအင်အားကြီးသူအချို့လက်ထဲ ရောက်သွားကြတယ်လို့ ဆိုပါတယ်။ဒီလိုမျိုးအခြေအနေတွေကြောင့် မြစ်အောက်ပိုင်းနိုင်ငံတွေရဲ့ ဂေဟစနစ်၊ မျိုးကွဲများနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ရတယ်လို့ ဆိုပါတယ်။  

ဥရောပမှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၁၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးကနေဖြစ်သော်လည်း ကာဗွန်အသားတင်သုည ကြိုးပမ်းမှုတွေမှာ ချန်လှပ်ထားဆဲဖြစ်ပါတယ်။မတ်လတုန်းက ဥရောပတစ်လျှောက် လယ်သမားပါတီတွေ ရွေးကောက်ပွဲအနိုင်ရပြီးနောက်မှာ ကာဗွန်ထုတ်လွှတ်မှုအတွက် လယ်သမားတွေကို တာဝန်ယူခိုင်းရေး ကြိုးပမ်းနေမှုတွေကို မတည်ငြိမ်ဖြစ်စေခဲ့ပါတယ်။  

ဆွီဒင်မှာဆိုရင် ခရစ်ယာန်ဒီမိုကရက်ပါတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကေဂျဲလ်အန်း အော်တိုဆန်က ဝံပုလွေဆန့်ကျင်ရေးမှာ အသံအကျယ်ဆုံးဖြစ်ပါတယ်။ဝံပုလွေခြိမ်းခြောက်မှုကြောင့် ကလေးတွေကို အိမ်အပြင်ထွက်မဆော့ခိုင်းရဲသလို ကျောင်းကားဆီကိုတောင် တစ်ယောက်တည်း မလွှတ်ရဲတော့ဘူးလို့ ဆိုပါတယ်။ဆွီဒင်မှာ ဝံပုလွေအကောင်ရေ ၄၆၀ ရှိတဲ့အနက် ၇၅ ကောင်ကို သတ်ခွင့်ပေးထားပါတယ်။  

ဝံပုလွေပြဿနာဟာ မြို့ပြနဲ့ကျေးရွာ ပြိုင်ဆိုင်မှုအငြင်းအခုန်ကိုလည်း ဖြစ်စေတယ်လို့ သဘာဝနဲ့ သစ်တော သုတေသနအဖွဲ့က ယိုအာချင်း မာဂီအေးက ဆိုပါတယ်။မိုးကြိုးပစ်ခြင်းနဲ့ ရောဂါတွေကြောင့် မွေးမြူရေး တိရစ္ဆာန်တွေ သေဆုံးရတာဟာ ဝံပုလွေကြောင့် သေဆုံးမှုထက် ပိုများတယ်လို့ သူကပြောပါတယ်။  

“ဒါကြောင့်ပဲ ဝံပုလွေတွေက နိုင်ငံရေးအသုံးချခံ ဖြစ်လာပါတယ်။သူတို့ဟာ လယ်သမားတွေ၊ အမဲလိုက်သမားတွေနဲ့ အခြားကျေးလက်ပြည်သူတွေက ထိန်းချုပ်နိုင်မှုကို ဆုံးရှုံးသွားရတဲ့ ဒေါသတရားရဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်” လို့ သူကဆိုပါတယ်။  

NaYoe
Ref - Foreignpolicy | Who’s Afraid of Europe’s Big, Bad Wolves ?