【 နိုင်ငံတကာဆောင်းပါး 】 အရှေ့ဘက် ယူကရိန်းတန်ပြန်ထိုးစစ်အတွင်းမှ

【 နိုင်ငံတကာဆောင်းပါး 】 အရှေ့ဘက် ယူကရိန်းတန်ပြန်ထိုးစစ်အတွင်းမှ

အမှောင်ထုထဲတွင် ယူကရိန်းစစ်သားနှစ်ဦးသည် ဒရုန်းထိန်းချုပ်ကိရိယာတွင် စုနေပြီး ၎င်းတို့မျက်နှာမှာ စခရင်မှလာသော အလင်းဖြင့် လင်းနေသည်။

“အိုး! တစ်ခုခု မီးလောင်နေတယ်” လို့ တစ်ယောက်က ပြောလိုက်သည်။

သူတို့က ရုရှားပစ်မှတ်တစ်ခုကို  ဗုံးတစ်လုံးပစ်ချလိုက်ခြင်းဖြစ်သည်။

ညအချိန် တိုက်ခိုက်ချေမှုန်းရေးသည် ယူကရိန်းအရှေ့ဘက်ခြမ်း၊ ဘတ်ခ်မွတ်မြို့အနီးတွင်ဖြစ်ပြီး ညှိနှိုင်းထားသော ယူကရိန်းထိုးစစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ထိုနေရာသို့ CNN မှ သီးသန့်ဝင်ရောက်ခွင့် ရရှိခဲ့သည်။

“ငါတို့က သူတို့ရဲ့ ပထမတန်းခံစစ်လိုင်းကို တိုက်ပြီး ငါတို့ကောင်တွေက ရန်သူတွေဆီကို ချီတက်မယ်” ဟု ဒရုန်းပိုင်းလော့တစ်ဦးက ပြောသည်။၎င်းကို  “Groove” ဟု အမည်ပြောင်ခေါ်ပြီး ထိုနေရာအတိုင်းသွားရင်း သူကပြောသည်။  

ယူကရိန်းမြေပြင်တပ်များတွင် အနောက်တိုင်းလုပ် ညမြင်ကွင်းဆိုင်ရာ ကိရိယာများ တပ်ဆင်ထားသဖြင့် ညအချိန်စစ်ဆင်ရေးများတွင် အားသာချက်ရှိသော်လည်း ကိယက်ဗ်၏ မြေပြင်တိုက်ခိုက်ရေးလေယာဉ်များမှာ  အမှောင်အတွက် မသင့်တော်သောကြောင့် “Code 9.2” ဟု အမည်ပြောင်ပေးထားသော ဒရုန်းတပ်ဖွဲ့၏ အခန်းကဏ္ဍသည် ဤနေရာတွင် အရှိန်မြှင့်လာနေပြီဖြစ်သည်။

“ဒရုန်းတွေက နေ့ခင်းဘက်လိုပဲ ညဘက်မှာ မြင်နေရတယ်” ဟု Groove က ရှင်းပြသည်။

“ခြေလျင်တပ်ကို ငါတို့တွေ့တယ်၊ မော်တော်ကားတွေ၊ အမြောက်တွေနဲ့ ငါတို့ဖျက်ဆီးပစ်ဖို့ လိုအပ်သမျှကို တိုက်တယ်။”

၎င်းတို့သည် ယူကရိန်းလုပ် ‘Vampire’ မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေပြီး ၎င်းမှာ စစ်မြေပြင်တွင် ယူကရိန်းတပ်ဖွဲ့များကို နည်းပညာဖြင့် ထောက်ပံ့ပေးသည့် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဝန်ကြီးဌာနမှ ဦးဆောင်သည့် ပဏာမခြေလှမ်းတစ်စိတ်တစ်ပိုင်းဖြစ်သော ကိယက်ဗ်အစိုးရမှ ဝယ်ယူသည့် ပန်ကာ ၆ ခုပါ ယာဉ်တစ်စီးဖြစ်သည်။

“ဒရုန်းတစ်ခုစီတိုင်းမှာ အပူအာရုံခံပုံဖမ်းစက် တပ်ဆင်ထားတာကြောင့် ညဘက်မှာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။၎င်းတို့မှာ ၁၅ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပါတယ်” ဟု ယူကရိန်းဒုတိယဝန်ကြီးချုပ်နှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဝန်ကြီး မြန်ခီလို ဖီဒိုရော့ဗ်က ပြီးခဲ့သော သြဂုတ်လက တယ်လီဂရမ်ကနေ ဗီဒီယိုဖြင့် ပြောကြားခဲ့ပြီး အဆိုပါဒရုန်း ၂၇၀ ကို ရှေ့တန်းသို့ ပို့ဆောင်မည်ဟု ကြေညာခဲ့သည်။

“စစ်တပ်က သံချပ်ကာကားတွေနဲ့ တင့်ကားတွေအပြင် ရန်သူ့ကာကွယ်ရေးအဆောက်အဦတွေ၊ ခံတပ်တွေ ဒါမှမဟုတ် ခဲယမ်းမီးကျောက်တွေကို ဖျက်ဆီးဖို့ သူတို့ကိုအသုံးပြုလိမ့်မယ်” ဟု ဖီဒိုရော့ဗ် ဆိုသည်။

ထိုဒရုန်းများကို Groove နှင့် သူ့တို့တပ်ဖွဲ့ (ယူနစ်) တို့က  လုပ်ဆောင်နေတာဖြစ်သည်။

CNN သို့ ပေးသည့် ၎င်းတို့၏ ဒရုန်းများဖြင့် ညမြင်ကွင်းကင်မရာများ အသုံးပြု၍ ရိုက်ကူးထားသည့် ဗီဒီယိုများတွင်  ဒရုန်းများက ရုရှားသံချပ်ကာယာဉ်များပေါ်တွင် ဗုံးကြဲချသည်ကို ပြသထားပြီးထိုထဲတွင် အသစ်နှင့် ပိုအဆင့်မြင့်သော မော်ဒယ်လ်များထဲမှ တစ်ခုဖြစ်သော ယူကရိန်းတွင် ရုရှားဖြန့်ကြက်နေသည့် ခေတ်မီ ရုရှား T-90 တင့်ကားကို ဖျက်ဆီးခဲ့သည့် မကြာသေးမီက တိုက်ခိုက်မှုလည်း ပါဝင်သည်။  

ရုရှားတပ်ဖွဲ့ဝင်များကို ၎င်း၏ဒရုန်းဖြင့် နယ်မြေချဲ့ထွင်ရှာဖွေနေသည့် Groove က “တစ်ခါတလေ အများကြီးတွေ့တယ်” ဟု ဆိုသည်။၎င်းတို့သည် ရုရှားယာဉ်အချို့ကို လိုက်၍ ဗုံးများကြဲချကြသည်။

“လောလောဆယ်တော့ အများကြီးမတွေ့ဘူး။အဲဒီမှာ ကားတချို့ရှိပေမယ့် မထိခဲ့ဘူး” ၎င်းက ဆက်လက်ပြောသည်။

မောင်းသူမဲ့ဒရုန်းဖြင့် တိုက်ခိုက်မှု အရှိန်မြင့်လာသည်နှင့်အမျှ အခြားတပ်ဖွဲ့များ စစ်မြေပြင်သို့ ရောက်ရှိလာသည့်အခါ အင်အားကြီးအမြှောက်များနှင့် အမေရိကန်က ထောက်ပံ့သည့် လက်နက်ကျည်ဆံများက ရုရှားစခန်းများကို ကျည်များဖြင့် ဖောဖောသီသီ ရေချိုးသလို သွန်ချပေးတော့သည်။

မော်တာယူနစ်များပါဝင်ပြီး ၎င်းတို့၏ လျင်မြန်သော ထိတ်လန့်တုန်လှုပ်ဖွယ် ဒုံးကျည်များဖြင့် ကောင်းကင်ကို မီးရှူးမီးပန်းများ ဖြည့်သွင်းကာ Grad အများအပြား ပစ်လွှတ်သည့် ဒုံးပျံစနစ်များက မော်စကိုတပ်များထံ ရောက်ရှိစေကာ ခြေလျင်တိုက်ခိုက်ရေးယာဉ်များက ရုရှားခံစစ်လိုင်းကိုဖြတ်ကျော်ရန် ရှေ့တန်းသို့ အလျင်အမြန် အသော့နှင်ကြသည်။

၎င်းမှာ ကျယ်ကျယ်ပြန့်ပြန့် ချေမှုန်းမှုဖြစ်ပြီး၊ Code 9.2 မှ ‘Flint’ ဟုခေါ်သော တပ်မှူးက ၎င်းတို့၏ ဌာနချုပ်တွင် ဤစစ်ဆင်ရေးကို ပြုလုပ်နေသည်မှာ ရက်သတ္တပတ်များ ကြာမြင့်နေပြီဟု ဆိုသည်။

သူ့လူများက ရုရှားစခန်းသို့ ပစ်ချမည့် လက်နက်ခဲယမ်းများကို ပြင်ဆင်နေစဉ် ‘Flint’ က “ကျွန်တော်တို့ အဲဒါကို တစ်လကျော်ကြာအောင် ချိန်ထားတာ” ဟု ဆိုသည်။

“ဒါဟာ ပေါင်းစပ်တိုက်ခိုက်မှုပဲ” ဟု ၎င်းက ထပ်ရှင်းပြပြီး ဘတ်ခ်မွတ်တောင်ဘက်သို့ ရန်သူကို တွန်းထုတ်မှုသည် အဆိုပါဒေသတွင် မကြာသေးမီက အနိုင်ရရှိမှုကို တည်ဆောက်ရန် ဒီဇိုင်းထုတ်ထားကာ ရုရှားထိန်းချုပ်မှုမှ အရေးကြီးသော နယ်မြေကို ယူကရိန်းအား ပြန်လည်ရယူစေနိုင်ခဲ့သည်။တောင်ပိုင်းတွင် ထိုးစစ်ဆင်နွှဲကာ အရှေ့ပိုင်းတွင် ပြန်လည်သိမ်းနိုင်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ဝင်များသည် တောင်ပိုင်းတွင် အနောက်တိုင်းမှရရှိသည့် စစ်လက်နက်ပစ္စည်းအများအပြားကို စုစည်းထားပြီး ဝင်ရိုးနှစ်ခုဖြင့် အိုရီခိဗ်မှ မီလီတိုပိုလ်သို့နှင့် ဗယ်လီကာနိုဗိုစလီကာမှ ဘာဒရီ ရန်နက်စ်သို့ ဦးတည်ချီတက်နေသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များကို ထောက်ပံ့ရန်အတွက် အဆိုပါနေရာသို့ ဂျာမန်လုပ် Leopard 2 တင့်ကားများ၊ အမေရိကန် Bradley ခြေလျင်တိုက်ခိုက်ရေးယာဉ်များအပါအဝင် စေလွှတ်ခဲ့သည်။

ထိုတန်ပြန်ထိုးစစ်၏ အဆုံးစွန်သော ပန်းတိုင်မှာ ပင်လယ်နက်သို့ရောက်ရှိပြီး ခရိုင်းမီးယားသို့ ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ရန်ဖြစ်သည်။ယူကရိန်းသည် တောင်ပိုင်းရှိ ရွာငယ်အချို့ကိုသာ ပြန်လည်သိမ်းပိုက်ခြင်းဖြင့် ယခုအချိန်အထိတော့ အောင်မြင်မှုမှာ နှေးကွေးပြီး သေးငယ်နေသေးသည်။

ပြီးခဲ့သော ဆောင်းရာသီတွင် ရုရှားက ဘတ်ခ်မွတ်ကို ရက်စက်စွာ ချေမှုန်းပြီးကတည်းက နိုင်ငံ၏ အရှေ့ဘက်ခြမ်းမှာ စစ်ဆင်ရေးတွေ အများကြီးဖြစ်ခဲ့ကာ ကိယက်ဗ်၏ တပ်ဖွဲ့များသည် စတုရန်းကီလိုမီတာ ဒါဇင်ပေါင်းများစွာကို တစ်ဖြည်းဖြည်းချင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

“ကျနော်တို့က သူတို့ရဲ့ခံစစ်စည်းကိုဖြတ်ပြီး နေရာတွေမှာ သူတို့ကို ကောင်းကောင်းတိုက်နေတယ်” ဟု Groove က ပြောသည်။

ဆောင်းရာသီအတွင်း ရုရှား၏ အနိုင်ရလဒ်များစွာအတွက် ရယူခဲ့သော ရုရှားကြေးစားစစ်တပ် ဝဂ္ဂနာ (Wagner) တပ်ဖွဲ့လည်း  ထိုဧရိယာထဲ ပြန်ရောက်နေပြီဟု ၎င်းက ပြောသည်။

“ဟုတ်ပါတယ် ဝဂ္ဂနာ (Wagner) လည်း ဒီမှာပါ” ဟု သူကပြောသည်။

“သူတို့ပြန်လာတယ်၊ သူတို့ရဲ့တပ်မှူးတွေကို အမြန်ပြောင်းပြီး ဒီကိုပြန်လာခဲ့ကြတယ်။”

ထိုကြေးစားတပ်ရောက်ရှိမှုသည် ရုရှားတွင် စစ်မှုထမ်းရှားပါးမှုကို ဖြေရှင်းရန်အတွက် တစ်စိတ်တစ်ပိုင်းအဖြစ် Groove က ယုံကြည်သည်။

“ရုရှားဟာ ပတ်ဝန်းကျင်ဒေသတွေကနေ တပ်ဖွဲ့ဝင်တွေ စုဆောင်းပြီး ဒီနေရာသို့ပို့ဆောင်ခဲ့တယ်” လို့ ၎င်းကဆိုသည်။

“ဒီမှာ တပ်ဖွဲ့ဝင်တွေ သိပ်မကျန်တော့ဘူး။”

မည်သို့ပင်ဆိုစေ နှေးကွေးစွာ ကြိတ်ချေသုတ်သင်နေသည့် စစ်ပွဲတွင် အရှေ့ပိုင်းရှိ ယူကရိန်းတပ်များသည် တောင်ပိုင်း ရှေ့တန်းရှိ ၎င်းတို့၏ ရဲဘော်များထက် ခေတ်မီအနောက်တိုင်းစက်ကိရိယာ နည်းပါးသဖြင့် ဤနေရာ၌ ယူကရိန်းတပ်ဖွဲ့များသည် ခွန်အားထက် ဦးနှောက်ကို ပိုမိုအားကိုးရတော့မည်ဖြစ်သည်။

“နည်းဗျူဟာများကို ကျွန်တော်တို့ အဆက်မပြတ်ပြောင်းလဲနေတယ်” ဟု တပ်မှူး ‘Flint’ က ရှင်းပြသည်။

“ဒါက လက်ဝှေ့ပွဲလိုပါပဲ။ကိုယ်ခန္ဓာပြီးသွားတော့ ခေါင်းကို ပြောင်းထိုးတာပေါ့။”

NaYoe
Ref - Exclusive: Inside Ukraine’s offensive in the East | CNN