【 နိုင်ငံတကာဆောင်းပါး 】 တရုတ် တစ်ပိုင်းလျှပ်ကူးကဏ္ဍအပေါ် ကန့်သတ်မှု အောင်မြင်နိုင်မလား

【 နိုင်ငံတကာဆောင်းပါး 】 တရုတ် တစ်ပိုင်းလျှပ်ကူးကဏ္ဍအပေါ် ကန့်သတ်မှု အောင်မြင်နိုင်မလား

ဆီမီးကွန်ဒတ်တာလုပ်ငန်းတွင် တရုတ်နှင့် ပြိုင်ဆိုင်မှုကို ၂၀၂၂ ခုနှစ်မှစကာ အမေရိကန်က မြှင့်တင်ခဲ့သည်။
 
၂၀၂၂ ဩဂုတ်လတွင် ဆီမီးကွန်ဒတ်တာလုပ်ငန်းအတွက် သုတေသနကို အားကောင်းစေရန်၊ ထောက်ပံ့ရေးကွင်းဆက် ခံနိုင်ရည်အား မြှင့်တင်ရန်နှင့် အမေရိကန်ပြည်ထောင်စုရှိ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုကို ပြန်လည်အသက်ဝင်လာစေရန် ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၇ ဘီလီယံ ပမာဏရှိသည့် CHIPS and Science Act ကို လက်မှတ်ရေးထိုးခဲ့သည်။
 
၂၀၂၂ အောက်တိုဘာလတွင် ဘိုင်ဒင်အစိုးရက တရုတ်နိုင်ငံ၏ ချစ်ပ်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းအတွက် ယနေ့အထိ ကြီးမားသော ကန့်သတ်ချက်များကို ထုတ်ပြန်ခဲ့သည်။ဤကန့်သတ်ချက်အသစ်သည် တရုတ်နိုင်ငံသို့ အဆင့်မြင့်ချစ်ပ်များ ရောင်းချခြင်းကို တားမြစ်ထားပြီး ဉာဏ်ရည်တုလေ့ကျင့်ရန် လိုအပ်သည့် ကွန်ပျူတာစွမ်းအားကို တရုတ်နိုင်ငံမှ ဆုံးရှုံးသွားစေသည်။၎င်းကန့်သတ်ချက်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့မှုကွင်းဆက်ကို ပံ့ပိုးပေးသည့် စက်မှုလုပ်ငန်းအထိ ချစ်ပ်ထုတ်လုပ်သည့် ကိရိယာများအပေါ်အထိ ကန့်သတ်ချက်များကို တိုးချဲ့ကာ အမေရိကန်အရည်အသွေးနှင့် ချစ်ပ်ထုတ် လုပ်သည့် ကိရိယာများတွင် အသုံးပြုသည့် အစိတ်အပိုင်းများကိုပါ ဖြတ်တောက်ထားသည်။
 
ဘိုင်ဒင်အစိုးရ၏ လုပ်ဆောင်မှုများကို ကြည့်ပါက တရုတ်နှင့် နည်းပညာစစ်ပွဲကို အဆုံးသတ်ရန်အတွက် ပေကျင်းကို အလားအလာရှိသော “ထွက်ပေါက်မဟာဗျူဟာ” ကို ကမ်းလှမ်းခြင်းမရှိသည်ကို ယခုထိတွေ့ရသည်။ထိုအစား မကြာသေးခင်က နယ်သာလန်ကုမ္ပဏီဖြစ်သည့် ASML ၏ တရုတ်သို့ lithography စနစ်များ တင်ပို့မှုလိုင်စင်ကို ရုပ်သိမ်းရန် အမေရိကန်က ဖိအားပေးခဲ့သည်။ထို lithography စနစ်များသည် ချစ်ပ်များတွင် လေဆာအသုံးပြုပြီး လျှပ်စီးပတ်လမ်းများ ပုံနှိပ်ပေးသည့် စက်ဖြစ်ပြီး Qualcomm Snapdragon series နှင့် Intel Core series ကဲ့သို့သော အဆင့်မြင့်ချစ်ပ်များ ထုတ်လုပ်ရာတွင် အရေးပါပြီး Intel နဲ့ Samsung ကဲ့သို့သော လုပ်ငန်းကြီးများတွင် အဓိက သုံးကြသည်ဖြစ်ရာ ထို့အတွက် တရုတ်ဘက်က ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့သည်ကို တွေ့ရသည်။
 
ထို့ကြောင့် တရုတ်ခေါင်းဆောင်များ၏ အမြင်တွင် အမေရိကန်၏ ဆီမီးကွန်ဒတ်တာ ပိတ်ဆို့အရေးယူမှုအသစ်သည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်အတွက် အဓိကနည်းပညာများအပေါ်တွင် အမေရိကန်အစိုးရ ဘယ်လောက်ထိ တက်ကြွစွာပါဝင်နေသည်ကို ပြနေပေသည်။သို့သော် ထိုသို့ အမေရိကန်ဘက်ကထားမှုနှင့် ပြောင်းပြန်ပင် တရုတ်ဘက်က အဆင့်မြင့် ချစ်ပ်များ ထောက်ပံ့ရေးကွင်းဆက် လုံခြုံရေးကို ၎င်း၏ အမြင့်ဆုံးဦးစားပေးအဖြစ် မြှင့်တင်ခဲ့သည်။
 
အမေရိကန်ပြည်ထောင်စု၏ နောက်ဆုံးထုတ် semiconductor တင်ပို့မှု ထိန်းချုပ်မှုများကို ကြေညာပြီးနောက် ရက်ပိုင်းအကြာတွင် ထုတ်ပြန်ခဲ့သည့် အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက် အစီရင်ခံစာတွင် အမေရိကန်နှင့် လက်ရှိ ကုန်သွယ်ရေးပဋိပက္ခကို စီးပွားရေး အဓိက စစ်မြေပြင်အဖြစ် သတ်မှတ်ခဲ့ပြီး “အဆင့်မြင့်နည်းပညာကို ကိုယ်ပိုင်စွမ်းအား၊ ကိုယ့်ဘာသာလွတ်လပ်စွာ အကောင်အထည်ဖော်ရန်” ကတိပြုခဲ့သည်။
 
အမေရိကန်သည် တရုတ်နိုင်ငံကို ရှည်လျားပြီး နှစ်ဘက်စလုံးအရှုံးဖြစ်စေသည့် (lose-lose ) “ချစ်ပ်စစ်ပွဲ” ကို ဆင်နွှဲနေသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး ကိရိယာများ တင်ပို့မှုအပေါ် ထိန်းချုပ်မှုများ ပြုလုပ်ပြီးနောက်၊ ယခုနှစ် အောက်တိုဘာလတွင် အမေရိ ကန်ကူးသန်းရောင်းဝယ်ရေးဌာနသည် တရုတ်နိုင်ငံ၏ အဆင့်မြင့် ကွန်ပျူတာချစ်ပ်များ ရယူခြင်းမှ ရပ်တန့်စေရန် ၎င်း၏ ပို့ကုန်ထိန်းချုပ်မှုများကို တိုးချဲ့ပြင်ဆင်ခဲ့သည်။
 
အောက်တိုဘာလတွင် ကြေညာခဲ့သော အမေရိကန် ချစ်ပ်များကို အဆင့်မြှင့်ထားသော ပိတ်ပင်မှုကြောင့် အမေရိကန်၏ ထိပ်တန်း ချစ်ပ်ဒီဇိုင်း Nvidia သည် စတုတ္ထသုံးလပတ်တွင် ၎င်း၏ တရုတ်ရောင်းအား သိသိသာသာ ကျဆင်းသွားဖွယ်ရှိကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်များက ခန့်မှန်းခဲ့သည်။ Nvidia သည် ၎င်း၏ A800 နှင့် H800 GPU များကို တရုတ်နိုင်ငံသို့ တင်ပို့ခြင်းမပြုရန် တားမြစ်ထားသည့် တင်းကျပ်ထားသော ထိန်းချုပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ဈေးကွက်အတွက် လိုက်လျောညီထွေရှိသော ချစ်ပ်များကို ထုတ်လုပ်နေသည်ဟု ဆိုသည်။
 
“ချစ်ပ်ဒီဇိုင်းများကို ခိုးယူခြင်း” နှင့် “ကုန်ထုတ်နည်းပညာကို ခိုးယူခြင်း” ကဲ့သို့သော တရုတ်နည်းပညာကုမ္ပဏီများအပေါ် အခြေအမြစ်မရှိသော ခိုးယူမှု စွပ်စွဲချက်များသည် တရုတ်အပေါ် အမေရိကန်၏ အသရေဖျက်မှု ကြိုးပမ်းမှုများဖြစ်သည်။ဤဇာတ်လမ်းအများစုတွင် တစ်ဖက်သတ်သတင်းရင်းမြစ်များသာပါရှိပြီး နောက်ဆက်တွဲအစီရင်ခံချက်များလည်း မရှိပေ။လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိသလို တရုတ် ဘက်မှလည်း တုံ့ပြန်ရန် လက်လှမ်းမမီဘဲ တရုတ်ကို တိုက်ခိုက်သည့် အသံများကို ပိုမိုချဲ့ထွင်စေသည်။
 
တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အောင်မြင်မှုများသည် ခိုးယူမှု (သို့မဟုတ်) ဓားပြတိုက်ခြင်းမှ မဟုတ်ဘဲ ကိုယ်ပိုင်ဖန်တီးရယူသည့် အောင်မြင်မှုများဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ဆိုသည်။
 
ကိန်းဂဏန်းများအရ ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တရုတ်သိပ္ပံပညာရှင်များသည် နိုင်ငံတကာဂျာနယ်များတွင် စာတမ်းပေါင်း ၂.၆ သန်း ပြုစုထုတ်ဝေခဲ့ပြီး ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးဖြစ်ကြောင်း ကျောက်က ပြောခဲ့ခြင်းရှိသည်။
 
အမေရိကန်ဘက်က ထိုသို့ ဆီမီးကွန်ဒတ်တာလုပ်ငန်းကို ကန့်သတ်ပိတ်ဆို့မှုများကြောင့် တရုတ်ဘက်ကို ကြီးမားစွာထိခိုက်မည်ဟု ယုံကြည်ထားခြင်းရှိသည်။တရုတ်စက်မှုလုပ်ငန်းများသည် မျိုးဆက်သစ်ချစ်ပ်များ (သို့မဟုတ်) ၎င်းတို့ကိုယ်တိုင်ပြုလုပ်ရန် ကိရိယာများကို မရနိုင်ပါက ၂၀၂၅ ခုနှစ် (သို့မဟုတ်) ၂၀၂၆ ခုနှစ် တွင် ထိခိုက်သွားနိုင်ကြောင်း ခန့်မှန်းမှုများရှိခဲ့သည်။သို့သော် ထိုအချက်များသည် အခါခပ်သိမ်း မှန်နေသည်တော့ မဟုတ်။
 
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ တရုတ်စက်ရုံများမှ စက်ယန္တရားများ တင်ဒါခေါ်ယူမှုအားလုံး၏ ထက်ဝက်နီးပါးသည် ပြည်တွင်းထုတ်လုပ်သူများက ရရှိခဲ့သည်။ဆိုလိုသည်မှာ အဆင်မြင့်နည်းပညာအတွက် ပြည်တွင်းက ထောက်ပံ့မှုသည် ကောင်းစွာအစားထိုး နေရာယူနိုင်ကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်။
 
အမေရိကန်အနေဖြင့် တရုတ်ဆီမီးကွန်ဒတ်တာလုပ်ငန်းဖွံ့ဖြိုးလာမှုနှင့်ပတ်သက်ပြီး ကောက်ချက်ဆွဲသည်မှာ စစ်ဘက်နှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် ချစ်ပ်ပြားများကို ရည်ရွယ်ချက်ရှိရှိ ချိတ်ဆက်ခြင်းဖြစ်သည်။သို့သော် ၂၀၂၁ ခုနှစ်အစောပိုင်း Financial Times ဖော်ပြချက်တွင် တရုတ်နိုင်ငံ၏ ချစ်ပ်စက်မှုလုပ်ငန်း အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် အမေရိကန်နိုင်ငံရှိ တစ်ပိုင်းလျှပ်ကူးစက်လုပ်ငန်းတွင်   ၎င်း၏အားသာချက်ကို ဆုံးရှုံးနိုင်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်မှ တာဝန်ပေးထားသော ကော်မရှင်တစ်ခုက မှတ်ချက်ပြုခဲ့ကြောင်းကို ဖော်ပြခဲ့သည်ကို တွေ့ရသည်။
 
ဆီမီးကွန်ဒတ်တာလုပ်ငန်းကို ကန့်သတ်ခြင်းသည် အမေရိကန်အနေဖြင့် ၎င်း၏အကျိုးစီးပွားအပေါ် အခြေခံခြင်းဖြစ်ရာ အစောပိုင်းတွင်ဖော်ပြသလို နှစ်ဘက်လုံး ဆုံးရှုံးနိုင်သည့် လမ်းကြောင်းကို ဆွဲခေါ်သွားနေခြင်းဖြစ်သည်။သို့သော် ထင်ထားသလို မဖြစ်သည်မှာ တရုတ်ဘက်က တစ်ပိုင်းလျှပ်ကူးအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ထို့ပြင် အမေရိကန်အတွက် ကြီးမားသည့် တရုတ်ဆီမီးကွန်ဒတ်တာစျေးကွက်ရှိ အမေရိကန်ဝေစုကို လက်လွှတ်လိုက်ရပြီး ၎င်းဝေစုကို တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် ကုမ္ပဏီများက ရရှိသွားခဲ့သည်။
 
ထိုသည်မှာ အမေရိကန်အတွက် ထင်သလို မဖြစ်ခဲ့သည့် ကန့်သတ်ပိတ်ဆို့မှုတစ်ခုပင်ဖြစ်လေသည်။
 
စိုးငြိမ်း