【 နိုင်ငံတကာဆောင်းပါး 】 စစ်၊ နည်းပညာနှင့် ရာသီဥတု ပွတ်တိုက်မှုကြောင့် ကမ္ဘာကြီး အန္တရာယ်ကျရောက်နေ

【 နိုင်ငံတကာဆောင်းပါး 】 စစ်၊ နည်းပညာနှင့် ရာသီဥတု ပွတ်တိုက်မှုကြောင့် ကမ္ဘာကြီး အန္တရာယ်ကျရောက်နေ

နည်းပညာ၊ ရာသီဥတု အလွန်အမင်းဖောက်ပြန်ခြင်းနှင့် ပဋိပက္ခခြိမ်းခြောက်မှုများ ပွတ်တိုက်ခြင်းကြောင့် ကမ္ဘာသည် လာမည့် ၂ နှစ်အတွင်း အမှောင်ထုနှင့် ရင်ဆိုင်နေရပြီး ထိုနောက်တွင်လည်း အခြေအနေ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ကမ္ဘာ့အထက်လွှာကို အကြံပေးနေသည့် အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်သူများ ပြောသည်။

လူသားတိုးတက်မှုသည် တစ်စစီပြိုကွဲနေပြီး ပြည်သူများသည် အန္တရာယ်သစ်များ၊ ပြန်လည်ပေါ်ပေါက်လာသော အန္တရာယ်များကြောင့် ထိခိုက်လွယ်နေကြောင်း ကျွမ်းကျင်သူများ ပြောသည်။ထိုအန္တရာယ်များသည် လာမည့်ဆယ်စုနှစ်တွင် ကမ္ဘာ့ကပ်ဆိုးဖြစ်မည်ကို အများအပြား စိုးရိမ်နေကြသည်။

လာမည့်အပတ်တွင် ဒါဗို့စ်တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်မတိုင်မီ ထုတ်ပြန်သည့် ကျရောက်နိုင်သည့်အန္တရာယ် အစီရင်ခံစာတစ်စောင်တွင် ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်သည့် သတင်းမှားများ အထူးသဖြင့် ဥဏ်ရည်တုနည်းပညာကြောင့် ဖြစ်လာသည့် သတင်းမှားများသည် ၂၀၂၄ ခုနှစ်တွင် မဲပေးမည့် မဲဆန္ဒရှင် ဘီလီယံပေါင်းများစွာအတွက် လတ်တလော အကြီးမားဆုံးအန္တရာယ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြင်းထန်သော ရာသီဥတုဖောက်ပြန်မှုနှင့် ဆန်ကျင်ကွဲပြားသော လူ့အဖွဲ့အစည်းများသည် လာမည့် ၂ နှစ်တွင် ကမ္ဘာက ရင်ဆိုင်ရမည့် ထိပ်တန်းအန္တရာယ် ၃ ခုတွင်ပါဝင်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြသည်။ထိုအစီရင်ခံစာသည် အာမခံလုပ်ငန်းများနှင့် ကျွမ်းကျင်သူနှင့် မူဝါဒချမှတ်သူ ၁၄၀၀ ကျော် အမြင်များကို အခြေခံပြုစုထားသည့် အစီရင်ခံစာဖြစ်သည်။

ဆယ်နှစ်တာကာလကို ကြည့်သောအခါ ပြင်းထန်သော ရာသီဥတုဖောက်ပြန်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ဂေဟစနစ်ပြိုလဲခြင်းနှင့် သယံဇာတ မလုံလောက်ခြင်းအပါအဝင် သဘာဝပတ်ဝန်းကျင် ခြိမ်းခြောက်မှုသည် ထိပ်တန်းအန္တရာယ် ၄ ခုတွင် ပါဝင်သည်။

ဉာဏ်ရည်တု နည်းပညာ၏ ဆိုးကျိုးများသည် လာမည့် ၂ နှစ်အတွင်း ၂၉ ခုမြောက် အဆိုးရွားဆုံး ခြိမ်းခြောက်မှုဖြစ်သော်လည်း ဆိုက်ဘာမလုံခြုံမှုသည် ကြောက်မက်ဖွယ်အန္တရာယ်ဖြစ်လာပြီး ၁၀ နှစ်စာအတွက် အကဲဖြတ်ချက်တွင် ၆ ခုမြောက် အန္တရာယ်အကြီးမားဆုံးအရာ ဖြစ်လာသည်။

ထိုအစီရင်ခံစာ၏ မျှော်လင့်ချက်ကင်းမဲ့သည့် ကြိုတင်ဟောကိန်းများတွင် အောက်ပါတို့ ပါဝင်သည်။

- သဘာဝပတ်ဝန်းကျင် အန္တရာယ်သည် ပြန်လမ်းမရှိသည့် အမှတ်သို့ရောက်ပြီး လူ့အဖွဲ့အစည်းများသည် အခြေအနေနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနေထိုင်ရန် စရိတ်ကို မတတ်နိုင်တော့သည့် အခြေအနေရောက်မည်။

- ရည်ရွယ်ချက်ရှိရှိထုတ်သည့် သတင်းမှားများသည် ရွေးကောက်ပွဲများ၊ လူ့အဖွဲ့အစည်း အကွဲအပြဲများကို ထိခိုက်စေပြီး ဆင်ဆာတည်းဖြတ်ခြင်းကို လမ်းခင်းပေးသောကြောင့် အမှန်တရားသည် ဖိအားပေးခံရမည်။

- စီးပွားရေးကျပ်တည်းမှု ဆက်လက်ကြီးထွားလာမည်ဖြစ်ပြီး ထိခိုက်လွယ်နိုင်ငံများသည် ဉာဏ်ရည်တုနည်းပညာ တိုးတက်မှုများမှ အထီးကျန်ပြီး ပိုမိုနောက်ကျ ကျန်ခဲ့နိုင်သည်။

- စစ်သွေးကြွအုပ်စုများသည် အဖျက်ဆော့ဖ်ဝဲလ်များနှင့် ဇီဝလက်နက်များရရှိပြီး ဉာဏ်ရည်တုနည်းပညာနှင့် လက်နက်ကိုင်ပဋိပက္ခ ပေါင်းစပ်မှုသည် အလွန်အန္တရာယ်ကြီးမားနိုင်သည်။

- ကမ္ဘာ့မြောက်ပိုင်းနှင့် တောင်ပိုင်းအကြား ပိုမိုနက်ရှိုင်းလာသည့် အကွဲအပြဲသည် နိုင်ငံတကာစီမံအုပ်ချုပ်ရေးယန္တရားကို သွက်ချာပါဒဖြစ်စေပြီး ထိုအန္တရာယ်များကို မဖြေရှင်းနိုင်ဘဲဖြစ်မည်။

ဒါဗို့စ်သို့ သွားမည့် ကမ္ဘာ့ခေါင်းဆောင်များသည် ပိုမိုခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ကာ အားလုံအကျုံးဝင်သည့် အနာဂတ်အတွက်နှင့် ကာလတို အကျပ်အတည်းများကို တိုက်ဖျက်ရန် အခြေခံများကို ချမှတ်ရန် စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင် ဒါရိုက်တာ ဆားဒီးယား ဇဟီဒီ ပြောသည်။

“ရှုထောင့်ကွဲပြား ဆန့်ကျင်မှုက ပုံဖော်တဲ့ မတည်ငြိမ်တဲ့ ကမ္ဘာ့စနစ်နဲ့ မလုံခြုံမှု၊ ရာသီဥတုဖောက်ပြန်မှုရဲ့ ဆိုးရွားလာတဲ့ ရိုက်ခတ်မှုများနဲ့ စီးပွားရေးမရေရာမှုဟာ သတင်းမှား၊ သတင်းတုအပါအဝင် အရှိန်မြင့်လာတဲ့ အန္တရာယ်တွေကို ဖြစ်စေတယ်” ဟု သူဆက်လက်ပြောကြားသည်။

           ကပ်ဆိုး အလားအလာများ

လာမည့် ၂ နှစ်အတွင်း အဓိကအားဖြင့် အနုတ်လက္ခဏာဆောင်သည့် အမြင်များကို သရုပ်ခွဲလေ့လာသူများ ဖော်ပြပြီး လာမည့် ၁၀ နှစ်ကာလတွင် ပိုမိုဆိုးရွားမည်ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။

ကမ္ဘာ့ကပ်ဆိုးအန္တရာယ်ကို ပိုမိုဆိုးရွားစေမည့် အုံကြွ မုန်တိုင်းထန်မှုကိုသာ လာမည့် ၂ နှစ်အတွင်း ဖြစ်လာမည်ဟု ကျွမ်းကျင်သူများ၏ ၃၀ ရာခိုင်နှုန်း ပြောသည်။၎င်းတို့၏ ၆၃ ရာခိုင်နှုန်းခန့်က လာမည့်ဆယ်စုနှစ်အတွက် အကောင်းမမြင်ကြပေ။အခြား ၃၇ ရာခိုင်နှုန်းက ပိုမိုအပြုသဘောဆောင်သည့် အမြင်ရှိပြီး အဆက်အစပ်မရှိသည့် ပြတ်တောက်မှုများသာရှိပြီး ကပ်ဆိုးအန္တရာယ်သည် နိမ့်ကျ (သို့မဟုတ်) လျစ်လျူရှုနိုင်သည့် အဆင့်သာရှိမည်ဟု ယုံကြည်သည်။

လာမည့် ၂ နှစ်တွင် သတင်းမှား သတင်းတုသည် လူ့အဖွဲ့အစည်း အကွဲအပြဲကို ပိုမိုဆိုးရွားစေပြီး ရွေးကောက်ပွဲအပြီး မတည်ငြိမ်မှုများ၊ အကြမ်းဖက်ဆန္ဒပြပွဲများ၊ အမုန်းရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

ပကတိအမှန်တရားနှင့်ပတ်သက်သည့် ယူဆချက်များသည် ပိုမိုသဘောထားဆန့်ကျင် ကွဲလွဲလာပြီး အစိုးရများက ၎င်းတို့မှန်သည်ဟု ယူဆသည့်အပေါ် အခြေခံပြီး သတင်းများကို ထိန်းချုပ်ရန် လမ်းဖွင့်ပေးမည်ဟု ကျွမ်းကျင်သူများ သတိပေးသည်။

ဉာဏ်ရည်တု နည်းပညာ တိုးတက်မှုများက သတင်းတုများကို တိုက်ဖျက်ရေးလုပ်ငန်းကို အခြေခံကျကျ နှောင့်ယှက်မည်ဟု ဘာဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ Marsh & McLennan မှ ဥရောပဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး အရာရှိချုပ် ကာရိုလိုင်းနား ကလင့် ပြောသည်။

“တစ်ချိန်တည်းမှာပဲ ကုမ္ပဏီတွေဟာ ပထဝီနိုင်ငံရေးနဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ များပြားလာတဲ့ မသမာသူတွေရဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေကြောင့် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်တွေ ပိုမိုရှုပ်ထွေးလာတာကို ညှိနှိုင်းရလိမ့်မယ်” ဟုလည်း သူပြောသည်။

           နည်းပညာနှင့် ပဋိပက္ခ ပေါင်းစပ်

လက်နက်ကိုင် ပဋိပက္ခများသို့ နည်းပညာကို အန္တရာယ်ကြီးမားစွာ ထည့်သွင်းနိုင်ကြောင်း ကျွမ်းကျင်သူများ သတိပေးပြီး ဉာဏ်ရည်တု နည်းပညာ ကျေးဇူးကြောင့် နိုင်ငံတော်များနှင့် စစ်သွေးကြွများ မဟာလူသား အသိပညာများရရှိမည်ဟု ပြောသည်။

“ပစ်မှတ် အလိုလျောက်ရွေးချယ်ခြင်းနဲ့ ဦးတည်ချက်များ ဆုံးဖြတ်ခြင်းအပါအဝင် ပဋိပက္ခဆုံးဖြတ်ချက် ချမှတ်ရာမှာ ဉာဏ်ရည်တု နည်းပညာရောက်လာခြင်းဟာ လာမယ့်ဆယ်စုနှစ်မှာ မတောတဆဖြစ်စေ ရည်ရွယ်ချက်ရှိရှိဖြစ်စေ တင်းမာမှုမြင့်မားမယ့် အန္တရာယ်ကို ဖြစ်စေတယ်” ဟုလည်း ၎င်းတို့ပြောသည်။

တစ်ချိန်တည်းတွင် ဉာဏ်ရည်တု နည်းပညာကြောင့် ဖြစ်လာသည့် ရာဇဝတ်မှုများ၊ စစ်သွေးကြွမှုများနှင့် အစွန်းရောက်မှုများကို စီးပွားရေးကျပ်တည်းမှုနှင့် သယံဇာတ မလုံလောက်မှုကြောင့် ပိုမိုဆိုးရွားစေပြီး ကမ္ဘာက ရင်ဆိုင်နေရသည့် အမျိုးမျိုးသောအန္တရာယ်များအကြား ဆက်စပ်မှုကို ဖော်ပြလာသည်။

ခေတ်သစ်မတိုင်မီကထက် ၁.၅ ဒီဂရီ ဆဲလ်စီးယပ်အထိ ကမ္ဘာ့ပူနွေးမှုကို ကန့်သတ်ရန် အရေးအပါဆုံး ဆယ်စုနှစ်အတွင်း ရာသီဥတုအန္တရာယ်သည် ထိပ်ဆုံးသို့ရောက်လာမည်။ထိုထက်ကျော်လွန်သည့်အခြေအနေမှာ ကမ္ဘာ၏ အခြေအနေနှင့် လိုက်လျောညီထွေနေနိုင်သည့် စွမ်းရည်ထက် ပြင်းထန်မည်ဖြစ်သည်။

သို့သော် အမြင်များသည် အသက်အရွယ် အုပ်စုအလိုက်နှင့် ကဏ္ဍအလိုက် ကွဲပြားနေပြီး ထိုခြိမ်းခြောက်မှုများသည် ပိုမိုနီးကပ်လာသည်ဟု ပိုမိုငယ်ရွယ်သူများက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများထက် ပိုမိုမြင်ပြီး တစ်စိတ်တစ်ပိုင်းသာ ကောင်းမွန်သော ဘက်လိုက်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဖော်ပြနေသည်ဟု အထက်ပါအစီရင်ခံစာတွင် ဖော်ပြသည်။

NaYoe
Ref - Thenationalnews : World at risk of catastrophe as war, tech and climate collide