【 နိုင်ငံတကာဆောင်းပါး 】 ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့ သံတမန်ရေးရာ မြင်ရတဲ့ အခင်းအကျင်း

【 နိုင်ငံတကာဆောင်းပါး 】 ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့ သံတမန်ရေးရာ မြင်ရတဲ့ အခင်းအကျင်း

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ UAE က ကုလလုံခြုံရေးကောင်စီမှာ ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို တင်သွင်းခဲ့ပါတယ်။

ဒါကို အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့လို့ နိုင်ငံတကာမှာ ဂယက် အတော်ကို ရိုက်ခတ်ခဲ့ပါတယ်။အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့ တရုတ်က အမေရိကန်ရဲ့ အဲဒီဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

တရုတ်ကိုယ်စားလှယ် ကျန်းကျွင်းက “ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာနဲ့ ပယ်ချလိုက်တာ အလွန်စိတ်ပျက်စရာကောင်းပြီး ဝမ်းနည်းစရာပါ” လို့ ဒီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒါဟာ ဂါဇာမှာ အစ္စရေးရဲ့ တစ်ဖက်သတ် ပစ်ခတ်သတ်ဖြတ်မှုကို ခံနေရတဲ့ အရပ်သားတွေအတွက် ဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးဖြစ်ပြီး ဒါကိုတားမြစ်ဖို့ ကြိုးစားတာကို ဟန့်တားတဲ့ UAE ရဲ့ ကြိုးစားမှုကို ဗီတိုနဲ့ ပယ်ချခဲ့တာဟာ အာရပ်တွေ သမိုင်းမှာ အမေရိကန်အတွက် မကောင်းတဲ့ သမိုင်းကြောင်း ဖြစ်သွားခဲ့ပါတယ်။

ဟားမတ်စ်တွေကို ဦးတည်တိုက်ခိုက်တယ်ဆိုတဲ့ ဂါဇာစစ်ပွဲမှာ သေဆုံးသူအရေအတွက်က အောက်တိုဘာ ၇ ရက်က ဇန်နဝါရီ ၁၃ ရက်နေ့ထိဆိုရင် ၂၈,၉၅၁ ဦးရှိပါတယ်။ဒီထဲမှာ သေဆုံးသူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းက အရပ်သားတွေဖြစ်ပြီး ကလေးငယ်တွေက ၁၂,၃၄၅ ဦးနဲ့ အမျိုးသမီးက ၆၄၇၁ ဦးရှိတယ်လို့ ဥရောပ-မြေထဲပင်လယ်ဒေသ လူအခွင့်အရေးစောင့်ရှောက်မှုအဖွဲ့ရဲ့ ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။  
 
ဂါဇာမှာရှိတဲ့ အရပ်သားတွေအတွက် အပစ်ခတ်ရပ်စဲမှုဟာ ဆက်လက်အသက်ရှင်နိုင်ဖို့ အခွင့်အရေးပါပဲ။တစ်ရက်စောရပ်ရင် ပါလက်စတိုင်း ရာနဲ့ချီပြီး အသက်ရှင်နိုင်တာမို့လို့ အာရပ်နိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေက ဂါဇာမှာ အပစ်ရပ်ဖို့ အသေအလဲကြိုးပမ်းနေကြတာဖြစ်ပါတယ်။ဒါဟာ လူသားတာဝန်ပါပဲ။

အမေရိကန်ရဲ့ ဗီတိုအာဏာသုံးမှုကို ကန့်ကွက်တဲ့ ကုလဆိုင်ရာ တရုတ်ကိုယ်စားလှယ် ကျန်းကျွင်းရဲ့ မှတ်ချက်က အစ္စရေး၏ ဟားမတ်စ် စစ်ပွဲမှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ တရုတ်ရဲ့ သဘောထားကို ပိုမိုထင်ဟပ်စေခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးဖို့အတွက် တရုတ်ရဲ့ ကြိုးစားမှုက အစောပိုင်းကတည်းက ရှိနေတာပါ။

နိုဝင်ဘာ ၂၀ မှာဆိုရင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဆော်ဒီ၊ အီဂျစ်၊ ဂျော်ဒန်၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို ပေကျင်းထိ ဖိတ်ခေါ်ပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

BRICS ရဲ့ထူးခြားသော ထိပ်သီးအစည်းအဝေးမှာ ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများနှင့် ပါလက်စတိုင်းနိုင်ငံ ချက်ချင်းထူထောင်ပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တောင်းဆိုခဲ့ပါသေးတယ်။

ဒါတွေကိုကြည့်ရင် တရုတ်ဘက်က ဂါဇာပြဿနာကို အဆုံးသတ်ဖို့ စိတ်ဆန္ဒ ပြင်းပြင်းပြပြရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ တရုတ်၏ သံတမန်ရေးအရ ပါဝင်ပတ်သက်မှုဟာ သမိုင်းကြောင်းအရဆိုရင် အကန့်အသတ်ရှိပေမယ့် ရှီကျင့်ဖျင်ဟာ ၎င်းရဲ့ ယခင်ခေါင်းဆောင်များထက် သူ့လက်ထက်မှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းဖို့  ပိုအာရုံစိုက်နေတာကို မြင်ရမှာဖြစ်ပါတယ်။

တရုတ်ရဲ့ ၂၀၁၆  ဇန်နဝါရီ အာရပ်မူဝါဒစာတမ်းမှာ အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ် ထားပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့  ပြဌာန်းထားပါတယ်။ ၂၀၂၁ ခုနှစ် မေလ အစ္စရေးနှင့် အစ္စလာမ္မစ် ဂျီဟတ်တို့ရဲ့ ဂါဇာစစ်ပွဲတုန်းကလည်း တရုတ်က ငြိမ်းချမ်းရေးအစီအစဉ်လေးရပ်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။အဲဒီအစီအစဉ် ၄ ရပ်မှာ အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ ကုလလုံခြုံရေးကောင်စီ လုပ်ဆောင်ချက်နှင့် နှစ်နိုင်ငံဖြေရှင်းချက်ဆိုပြီး ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ တရုတ်က ကမ္ဘာ့ပြဿနာတွေမှာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တောင်းဆိုမှုပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးဆောင်ရွက်မှု (GSI) ကို ထုတ်ပြန်ခဲ့တာရှိပါတယ်။အဲဒီနောက် တစ်လအကြာမှာ ဆော်ဒီ-အီရန် ပုံမှန်ပြန်လည်ထူထောင်ရေး သဘောတူညီချက်ရဖို့အတွက် တရုတ်က ကြားဝင်စေ့စပ်ခဲ့ပါတယ်။အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာလည်း တရုတ်က ကြားဝင်ဖျန်ဖြေသူအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ဖို့ ထိုအချိန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက အစ္စရေး၊ ပါလက်စတိုင်းအရာရှိများနဲ့ ဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ယခုလို အစ္စရေးနှင့် ဟားမတ်စ်ကြား ပြင်းထန်တဲ့စစ်ပွဲ မဖြစ်ခင်ကတည်းက နှစ်ဖက်စလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်လအတွင်းကို ပြန်ကြည့်မယ်ဆိုရင် တရုတ်ဟာ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်ပြီး အဆုံးသတ်ဖို့အတွက် အာရပ်နိုင်ငံများနဲ့ တောက်လျှောက်ဆွေးနွေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။တစ်ဖက်က ဒီလိုဆွေးနွေးနေသလို တစ်ဖက်ကလည်း ပြောသင့်ပြောထိုက်တာကို ပြောခဲ့တာရှိပါတယ်။

အစ္စရေးရဲ့ အရပ်သားတွေရှိရာ တစ်ဖက်သတ် တိုက်ခိုက်မှု ပြင်းထန်ချိန် အောက်တိုဘာ ၁၅ ရက်မှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အစ္စရေးရဲ့ လုပ်ရပ်တွေဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းထက် ကျော်လွန်နေတယ်လို့ ဆော်ဒီအာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။အောက်တိုဘာလနှောင်းပိုင်းမှာ တရုတ်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Zhai Jun ဟာ အဆိုပါဒေသတွင်းကို သွားရောက်ကာ အလားအလာရှိသော အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။

အမေရိကန်ကတော့ တရုတ်နှင့် ပြောင်းပြန်ပါပဲ။ဟားမတ်စ်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အလစ်အငိုက်ထိုးစစ်ကို ခံလိုက်ရတဲ့ အစ္စရေးကို အကန့်အသတ်မရှိ ပံ့ပိုးပေးခဲ့ပါတယ်။အာရပ်နိုင်ငံတွေ ဝိုင်းနေတဲ့ အစ္စရေးအပေါ် အမေရိကန်ရဲ့ အစ္စရေးလိုလားတဲ့ မူဝါဒဟာ ဒီဖြစ်ရပ်မှာ အတော်လေးအကြပ်ရိုက်ခဲ့ပုံ ပေါ်ခဲ့ပါ တယ်။နောက်ဆုံးမှာ အမေရိကန်ဟာ ဂါဇာကမ်းမြောင်စစ်ပွဲမှာ နေတန်ယာဟုအစိုးရဘက်ကနေ မျက်စိစုံမှိတ်ပြီး ရပ်တည်လိုက်ရပုံပေါ်ပါတယ်။ဒီလိုရပ်တည်လိုက်တဲ့အတွက် အမေရိကန်အပေါ်  အာရပ်ကမ္ဘာ၏ မကျေနပ်မှုဟာ မြင့်တက်လာပြီး အာရပ်ကမ္ဘာမှာ တရုတ်ရဲ့ မိတ်ဖက်ဆက်ဆံရေးဟာ  ပိုအားကောင်းလာခဲ့ပါတယ်။

ဂါဇာဖြစ်ရပ်မှာ အစ္စရေးနဲ့  အီရန် မဟာမိတ်ပြုထားသော ပြည်သူ့စစ်တွေကြား ပဋိပက္ခက ပိုကျယ်ပြန့်လာနေပြီး ကြီးမားတဲ့ ဒေသတွင်းစစ်ပွဲဖြစ်ဖို့ ဦးတည်နေပါတယ်။သေချာတာကတော့ စစ်ပွဲဟာ ဂါဇာကမ်းမြောင်ကို ကျော်သွားရင် ရေနံစျေးနှုန်းကို ထိခိုက်မှာဖြစ်ပြီး ယိုင်နဲ့နဲ့ ကမ္ဘာ့စီးပွားကို ရိုက်ချိုးချမယ့်အန္တရာယ် ရှိနေခဲ့ပါတယ်။ဒါကို နိုင်ငံကြီးတွေက သိသလို တရုတ်ကလည်း ဒီလိုအထိမဖြစ်ဖို့ သံတမန်ရေးရာ ဆွေးနွေးပွဲတွေကနေ ပဋိပက္ခကို စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ အားထုတ်နေတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၈ ရက် ဗီတိုအာဏာသုံး ဆုံးဖြတ်မှုကို ပြန်ကြည့်မယ်ဆိုရင် ဒီလိုဗီတိုအာဏာသုံးမှုဟာ အမေရိကန်အတွက် ထူးဆန်းတဲ့သုံးမှု မဟုတ်ပါဘူး။သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင် အမေရိကန်ဟာ အစ္စရေးနှင့် ပါလက်စတိုင်းတို့နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များအတွက် ၁၉၄၅ ခုနှစ်မှ ၂၀၂၃ ခုနှစ် အတွင်း ၎င်း၏ ဗီတိုအာဏာကို ၃၄ ကြိမ် အသုံးပြုခဲ့ပါတယ်။ဒါဟာ အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေး ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အမေရိကန်ရဲ့ အားထုတ်မှုပါပဲ။ဒါကြောင့် UAE တင်သွင်းတဲ့ အဆိုမှာ အမေရိကန်က ဗီတိုအာဏာသုံးတာဟာ နိုင်ငံကြီးတွေ တွက်ဆထားတဲ့ ပါဝါဂိမ်းဖြစ်ပြီး ဂါဇာဒေသခံ ကလေးသူငယ်တွေနဲ့ အရပ်သားတွေရဲ့ အသက်ရှင်သန်မှုကို သိပ်ထည့်မတွက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ဒီလိုတွက်ဆမှုထဲမှာ တရုတ်ရဲ့ လုပ်ဆောင်မှုက ခွဲထွက်နေပြီး ဒေသခံတွေ ရှင်သန်ဖို့ကို ပိုအလေးပေးနေတာကို တွေ့ရမှာဖြစ်ပါ တယ်။  

အဲဒီအစား စစ်ပွဲရပ်တန့်ခြင်းထက် ခေတ္တရပ်ရန်ဆိုတာကသာ အစ္စရေးရဲ့ အကျိုးစီးပွားကို ဗျူဟာမြောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ကုလလုံခြုံရေးကောင်စီရဲ့ စွမ်းအားကိုလည်း လူမြင်ကောင်းအောင် ထိန်းထားရာလည်းရောက်ပါတယ်။

ဂါဇာနှင့် ပတ်သက်ပြီး တရုတ်၏ ရပ်တည်ချက်က ရှင်းလင်းပါတယ်။မကြာသေးမီက အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုင်ရိုမှာ တွေ့ဆုံစဉ် သတင်းမီဒီယာတွေကို ဝမ်ယိပြောခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို မီဒီယာတွေက ဂါဇာအခြေအနေအပေါ် ထင်မြင်ချက်တောင်းရာမှာ ဝမ်ယိက တရုတ်နိုင်ငံဟာ  တရားမျှတမှုဘက်မှာ တစ်လျှောက်လုံးရပ်တည်ပြီး ပါလက်စတိုင်းပြဿနာကို အမြန်ဆုံး ဘက်စုံ၊ တရားမျှတစွာ ရေရှည်ဖြေရှင်းရေးကို တွန်းအားပေးရန် ဆက်တိုက်ကြိုးစားနေကြောင်း၊ ဂါဇာအခြေအနေနှင့်ပတ်သက်၍ တရုတ်ပြည်ဘက်က အပစ်အခတ် အမြန်ဆုံးရပ်စဲရန်၊ လူသားချင်းစာနာထောက်ထားမှုကို အာမခံပေးရန်၊ ဂါဇာဒေသ အနာဂတ်အတွက် ပါလက်စတိုင်းပြည်သူများ၏ ဆန္ဒကို လေးစားရန်နဲ့ “နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်း” ကို အကောင်အထည်ဖော်ဆောင်ရန်ကို ပြောခဲ့ပါတယ်။

ဂါဇာစစ်ပွဲ ကျယ်ပြန့်လာမှာကို တရုတ်က လက်တွေ့ကျကျ စိုးရိမ်ပါတယ်။ဒါကြောင့် မီးကို ရေနဲ့ ငြိမ်းသလို စစ်ပွဲကို ဆွေးနွေးမှုစားပွဲဝိုင်းဆီ ဆွဲခေါ်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။အမေရိကန်ကတော့ စစ်ပွဲကို စစ်ပွဲနဲ့ ငြှိမ်းဖို့ ကြိုးစားနေသလို တွေ့ရပါတယ်။မကြာသေးမီက ဖြစ်ခဲ့တဲ့ ပင်လယ်နီဖြစ်ရပ်မှာ ဟူသီတွေကို ယီမင်နိုင်ငံထဲထိ ဝင်ချေမှုန်းတာကိုကြည့်ရင် အမေရိကန်က စစ်ပွဲကို စစ်ပွဲကသာ ထိန်းနိုင်မယ်ဆိုတဲ့ အယူအဆဟောင်း အခိုင်အမာရှိနေဆဲဆိုတာ မြင်သာမှာဖြစ်ပါတယ်။

ပင်လယ်နီမှာ ကုန်သွယ်သင်္ဘောတွေကို ဟူသီတွေက တိုက်တာနဲ့ပတ်သက်ပြီး တရုတ်ဘက်က ပြောတာရှိပါတယ်။ဒါက အရပ်ဘက်သင်္ဘောများကို နှောင့်ယှက်တိုက်ခိုက်မှုလုပ်ရပ်များကို ရပ်စဲပြီး တစ်ကမ္ဘာလုံး ထုတ်လုပ်ရေးကွင်းဆက်နဲ့ ထောက်ပံ့ရေးကွင်းဆက် အဆင်ပြေမှုနှင့် နိုင်ငံတကာကုန်သွယ်ရေးစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းဖို့၊ ဥပဒေအရ ပင်လယ်နီပင်လယ်ရပ်ဝန်း ရေကြောင်းလုံခြုံရေးကို အတူတကွကာကွယ်ထိန်းသိမ်းဖို့နဲ့ ယီမင်နိုင်ငံအပါအဝင် ပင်လယ်နီတစ်လျှောက် နိုင်ငံများရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေကို လေးစားဖို့ ပြောခဲ့ပါတယ်။

စစ်ပွဲကို အရှေ့အလယ်ပိုင်းကနေကျော်ပြီး ကမ္ဘာကို မကျယ်ပြန့်လာဖို့ တရုတ်ရော အမေရိကန်ရော လုပ်နေတယ် ဆိုပါတယ်။ဒါပေမဲ့ လုပ်နည်းတွေက မတူပါဘူး။

အဲဒီဒေသတွင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရော ရောက်နေပါတယ်။ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့  ဘယ်နိုင်ငံရဲ့ သံတမန်ခရီးစဉ်က ဆောင်ကြဉ်းလာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။စောင့်ကြည့်ရပါဦးမယ်။

စိုးငြိမ်း