【 နိုင်ငံတကာဆောင်းပါး 】တတိယပါတီကို ဝင်ရောက်သူများ ဒီမိုကရက်များအတွက် စိုးရိမ်ဖွယ်ဖြစ်လာ

【 နိုင်ငံတကာဆောင်းပါး 】တတိယပါတီကို ဝင်ရောက်သူများ ဒီမိုကရက်များအတွက် စိုးရိမ်ဖွယ်ဖြစ်လာ

ဂျိုးဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်တို့ကို ဆန့်ကျင်တဲ့အနေနဲ့ အရီဇိုးနားမှာ တတိယမြောက် နိုင်ငံရေးပါတီ တစ်ခုပေါ်ပေါက်လာပြီး ဒီပါတီကို ဝင်ရောက်သူဟာ ၁၅,၀၀၀ ကျော်နေပြီဖြစ်ပါတယ်။ ဒီကိန်းဂဏန်းဟာ ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ကြီး ၄၀ က တစ်ခုချင်းစီရဲ့ လူဦးရေထက် နည်းနေသေးသော်လည်း သမ္မတရွေးကောက်ပွဲကိုတော့ သက်ရောက်မှုရှိနိုင်ပါတယ်။ 

ခေါင်းစဉ်မရှိသူများ ပါတီရဲ့ တည်ရှိမှုကြောင့် ဒေါ်နယ်ထရမ့်အနေနဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရနိုင်ချေ ပိုများလာမှာကို ဒီမိုကရက်တွေက စိုးရိမ်နေရပါတယ်။ ဒီအဖွဲ့ဟာ ရွေးကောက်ပွဲမှာပါဝင်မယ်လို့ တရားဝင်မကြေညာသေးသော်လည်း အရီဇိုးနားနဲ့ အခြားပြည်နယ် ၁၀ ခုမှာ ရွေးကောက်ပွဲ ဝင်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တာဝန်ရှိသူတွေကတော့ ဒီနှစ်အကုန်မှာ ပြည်နယ် ၂၀ မှာ ရွေးကောက်ပွဲဝင်နိုင်ရေး လုပ်ဆောင်နေပြီး ရည်မှန်းချက်ကတော့ ရွေးကောက်ပွဲနေ့မှာ ပြည်နယ် ၅၀ ကနေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီပါတီဆီကို ရောက်သွားနိုင်တဲ့ မဲတွေဟာ ဒေါ်နယ်ထရမ့်ဘက်က မဟုတ်ဘဲ ဂျိုးဘိုင်ဒန်ဘက်က ဖြစ်နိုင်လို့ ဒီမိုကရက်တွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်မရှိသူများ ပါတီနဲ့အတူတူ ထိုပါတီတွေကို ဆက်သွယ်တဲ့ နိုင်ငံရေးသမားတွေအပေါ် ဖိအားပေးနိုင်ဖို့ ပိုမိုအားထုတ်လာကြပါတယ်။ 

အရီဇိုးနားမှာ ဘိုင်ဒန်က မဲပေါင်း ၁၀,၀၀၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဟာ ခေါင်းစဉ်မရှိသူများ ပါတီကို ရွေးကောက်ပွဲ မဝင်နိုင်ရေးအတွက် ပြည်နယ်အတွင်းရေးမှူးကို တရားစွဲခဲ့ပါတယ်။ သို့သော် တရားခွင်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ အခုအခါမှာတော့ ခေါင်းစဉ်မရှိသူများပါတီထံ လှူဒါန်းသူများ မရောက်ရှိနိုင်ရေး ပြည်နယ်အတွင်းရေးမှူးကို တွန်းအားပေးနေပါတယ်။ ခေါင်းစဉ်မရှိသူများ ပါတီကတော့ ဘဏ္ဍာငွေ ဘယ်လိုရရှိတယ်ဆိုတာကို ဖော်မပြထားပါဘူး။ 

၂၀၂၀ ခုနှစ်တုန်းက ဘိုင်ဒန်အနေနဲ့ ကပ်သီလေး အနိုင်ရခဲ့တာဟာ ထရမ့် ဆန့်ကျင်သူ ရီပါ့ပလစ်ကန်များ၊ လက်ယာယိမ်း တစ်သီးတစ်သန့်များနဲ့ နှစ်ဖက်စလုံးကို မကြိုက်သော်လည်း ဘိုင်ဒန်ကို ပိုကောင်းမည်ဟု ထင်သူများကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အနည်းငယ်သော မဲပေးသူများသာ ခေါင်းစဉ်မရှိသူများ ပါတီကို ရောက်သွားပါက ဘိုင်ဒန်ဘက်မှာ အားနည်းသွားမှာ ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက်မှာတော့ သမ္မတရွေးကောက်ပွဲအနိုင်ရဖူးတဲ့ တတိယမြောက် ပါတီဆိုတာ မရှိသေးပါဘူး။ အင်အားအကောင်းဆုံးလို့ ဆိုရမဲ့ ၁၉၉၂ ခုနှစ်တုန်းက သမ္မတလောင်း ရော့စ် ပဲရော့ထ်တောင် မဲတစ်မဲမှ မရခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက အစိမ်းရောင်ပါတီရဲ့ ဂျေးလ် စတိန်းဟာ ဟီလာရီ ကလင်တန်ကို အနိုင်မရအောင် နှောက်ယှက်ခဲ့တာလို့ ဒီမိုကရက်တွေက ဆိုပါတယ်။ ၂၀၂၀ ခုနှစ်တုန်းကလည်း မဲပေါင်း ၄၅,၀၀၀ လောက်နဲ့ ဘိုင်ဒန်ရဲ့ အောင်မြင်မှုက ထရမ့်ဆီကို ရောက်သွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ 

ဒါပေမဲ့လည်း ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံရေးအခြေအနေတွေက ပြောင်းလဲလာပြီလို့ ခေါင်းစဉ်မရှိသူများ ပါတီ ထောက်ခံသူများက ဆိုပါတယ်။ အခုအချိန်ဟာ မခန့်မှန်းနိုင်ဘဲ ပိုများလာတဲ့ ရွေးချယ်မှုတွေအတွက် အမေရိကန်တွေဟာ စိတ်ဝင်စားမှုကို ပြသတာ သမိုင်းတစ်လျှောက် အများဆုံးဖြစ်နေတာ ဖြစ်ပါတယ်။ 

အရီဇိုးနားရဲ့ မြို့ကြီးနှစ်ခုက ပြည်သူ ၁၃,၅၀၀ ဟာ ခေါင်းစဉ်မရှိသူများ ပါတီမှာ မှတ်ပုံတင်ခဲ့ကြပြီး အခြားမြို့က မှတ်ပုံတင်သူကတော့ ၁,၉၀၀ ရှိပါတယ်။ မှတ်ပုံတင်ကြသူများရဲ့ တစ်ဝက်ကတော့ ယခင်က တစ်သီးပုဂ္ဂလများဖြစ်ပြီး လေးပုံတစ်ပုံက ပါတီမှာ စတင်ဝင်ရောက်ဖူးသူတွေဖြစ်တယ်လို့ သိရပါတယ်။ ကျန်သူတွေကတော့ ဒီမိုကရက်တွေနဲ့ ရီပါ့ပလစ်ကန်တွေ ဖြစ်ကြပါတယ်။ 

အဓိကပါတီတွေကနေ လာတဲ့ မှတ်ပုံတင်သူက လေးပုံတစ်ပုံပဲ ရှိတယ်ဆိုပေမဲ့ ဒီလူတွေဟာ မဲပေးကြမယ့်လူတွေ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ဒီမိုကရက်ပါတီဝင်ဟောင်း ၆၃ ရာခိုင်နှုန်းနဲ့ ရီပါ့ပလစ်ကန် ပါတီဝင်ဟောင်း ၆၅ ရာခိုင်နှုန်းတို့က မဲပေးခဲ့ကြပြီး တစ်သီးပုဂ္ဂလဟောင်းများရဲ့ ၄၅ ရာခိုင်နှုန်းကသာ မဲပေးခဲ့ကြပါတယ်။  

ခေါင်းစဉ်မရှိသူများ ပါတီရဲ့ အဖွဲ့ဝင်များဟာ လူငယ်များ ဖြစ်ပါတယ်။ တစ်ဝက်လောက်ဟာ အသက် ၃၅ နှစ်အောက်ဖြစ်ပြီး ၅ ရာခိုင်နှုန်းကသာ အသက် ၆၅ နှစ်အထက် ဖြစ်ကြပါတယ်။ ၁၂ ရာခိုင်နှုန်းကတော့ အရီဇိုးနားပြည်နယ်တက္ကသိုလ်ရှိတဲ့ ခရိုင်မှာ နေထိုင်ကြတာဖြစ်ပါတယ်။ 

ခေါင်းစဉ်မရှိသူများ အနေနဲ့ ရွေးကောက်ခံပါက ပါတီဝင်ဖြစ်သည် ဖြစ်စေ၊ မဖြစ်စေ မဲပေးနိုင်တာ ဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ဖြစ်မဖြစ်ကိုမူ ပါတီ ခေါင်းဆောင်များက ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။  

ပါတီအနေနဲ့ ရွေးကောက်ခံမယ့်သူကို ဘယ်လိုရွေးချယ်မလဲဆိုတာ ဖော်ပြမထားပေမဲ့ လာမယ့်လအတွင်းမှာ အစီအစဉ်ချမှတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ခေါင်းစဉ်မရှိသူများ ပါတီဟာ ဒီမိုကရက်တစ်နဲ့ ရီပါ့ပလစ်ကန် ပါတီနှစ်ခုစလုံးနဲ့ အဆက် အသွယ်ရှိနေပါတယ်။ ဒါ့အပြင် စီးပွားရေးခေါင်းဆောင် တစ်ဦးဦး သို့မဟုတ် အငြိမ်းစား စစ်တပ်အဖွဲ့ဝင်ဟောင်း တစ်ဦးဦးကိုလည်း ရွေးချယ်လိုက်နိုင်ပါတယ်။ 

ရွေးကောက်ခံမဲ့သူကို ရွေးချယ်ရာမှာ ထရမ့်နဲ့ဘိုင်ဒန်တို့နဲ့ နှိုင်းယှဉ်ပြီး ဖော်ပြတဲ့ စစ်တမ်းတွေရဲ့ လွှမ်းမိုးမှုရှိမှာ မဟုတ်ဘူးလို့ ခေါင်းစဉ်မရှိသူများ ပါတီရဲ့ အဓိက မဟာဗျူဟာမှူး ရိုင်ယန် ကလန်စီက ဆိုပါတယ်။ ဒီလို နှိုင်းယှဉ်တဲ့ စစ်တမ်းတွေဟာလည်း အဓိပ္ပာယ်မရှိသလို မဲပေးသူတွေဟာ ကမ်ပိန်းမစတင်ခင်အထိ ခေါင်းစဉ်မရှိသူများ ပါတီရဲ့ ကိုယ်စားလှယ်ကို သိရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ခေါင်းစဉ်မရှိသူများ ပါတီက ထရမ့်အတွက် အတားအဆီးဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း ငြင်းဆိုခဲ့ပြီး ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်အတွက် အခွင့်အလမ်းရှိမှသာ ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဘယ်လိုလမ်းကြောင်းက အောင်မြင်မှုရနိုင်မယ့် အခွင့်အရေးကို ဆိုလိုတယ်ဆိုတာကိုတော့ ပြောထားတာမျိုး မရှိတာ ဖြစ်ပါတယ်။ 

Linko

Ref: A third party signed up 15,000 voters in Arizona. Democrats worry that’s enough for a Biden spoiler|AP