【 နိုင်ငံတကာဆောင်းပါး 】ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုတဲ့ အရေးယူပိတ်ဆို့ခြင်းများ

【 နိုင်ငံတကာဆောင်းပါး 】ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုတဲ့ အရေးယူပိတ်ဆို့ခြင်းများ

အမေရိကန်က ဥပဒေပြုသူများအကြား လူကြိုက်များနေတဲ့ စီးပွားရေးအရ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေဟာ ငြိမ်းချမ်းရေးအားထုတ်မှုများကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံတကာပဋိပက္ခအဖွဲ့က တနင်္လာနေ့မှာထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အမေရိကန်နဲ့အနောက်နိုင်ငံတွေဟာ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားအပေါ် ကြီးမားတဲ့ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီးနောက်မှာ မည်သည့်အချိန်မှာ အရေးယူပိတ်ဆို့မယ်၊ မည်ကဲ့သို့ အကျိုးရှိအောင် လုပ်ဆောင်မယ်နဲ့ မည်သည့်အချိန်မှာ ပယ်ဖျက်ပေးမယ်ဆိုတဲ့ မေးခွန်းများကို ပေါ်ပေါ်ထင်ထင် အဖြေမပေးနိုင်တဲ့အပြင် စစ်ပွဲကိုလည်း အပြီးမသတ်နိုင်ဆဲဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ အမေရိကန်က အရေးယူပိတ်ဆို့မှု အသုံးပြုခြင်းဟာ ၉၃၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ထိုကဲသို့ အရေးယူပိတ်ဆို့မှုများကို အကောင်အထည်ဖော်ရန်အတွက် အရင်းအမြစ်များကို ဖြတ်တောက်ခြင်း၊ အစိုးရနဲ့ လူပုဂ္ဂိုလ်များကို လူ့အခွင့်အရေးအလွဲသုံး စားလုပ်မှုအတွက် အပြစ်ပေးခြင်းနဲ့ စစ်ပွဲမှာပါဝင်နေသူများကို ညှိနှိုင်းစေရန် တွန်းအားပေးခြင်းတို့ ပြုလုပ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာတော့ အရေးယူပိတ်ဆို့မှုတွေဟာ ပဋိပက္ခဖြေရှင်းရေး လမ်းကြောင်းကို ပိတ်ဆို့နိုင်ပြီး ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခအလွန် ပြန်လည်နလန်ထူရေးကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။ 

အစီရင်ခံစာဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း တာဝန်ရှိသူများ၊ နိုင်ငံခြားသံတမန်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပဋိပက္ခမှာ ပါဝင်နေသူများနဲ့ အရေးယူပိတ်ဆို့မှုခံနေရသော နိုင်ငံများမှ လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံမေးမြန်းမှုတွေအပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ 

“အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်လိုက်တဲ့အတွက် အမေရိကန်အစိုးရကို သွေးထွက်သံယိုဖြစ်စရာ စစ်ရေးအရ ကုန်ကျစရာမလိုဘဲ လိုချင်တဲ့ရည်မှန်းချက်ဆီ တွန်းပို့ပေးနိုင်တယ်ဆိုပေမဲ့ ဒီနည်းလမ်းမှာလည်း ပေးဆပ်ရတာတွေ ရှိပါတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထိခိုက်မှုရှိတာဖြစ်ပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အရေးယူဒဏ်ခတ်မှုများ ပြုလုပ်တဲ့အခါမှာ တိုင်းတာချက်များနဲ့ မည်သို့သော အခြေအနေမျိုးမှာ ပြန်လည်ပယ်ဖျက်မလဲဆိုတာအပေါ် ရေရာသေချာမှုမရှိတာကြောင့် ပဋိပက္ခအဖြေရှာရာမှာ အမေရိကန်ရဲ့ အားထုတ်မှုကို ထိခိုက်စေပါတယ်။

“အမေရိကန်ဟာ ဒဏ်ခတ်ခံရတဲ့လူတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်မှ ပယ်ဖျက်ပေးမယ်ဆိုတာ တစ်ခါမှ ရှင်းရှင်းလင်းလင်း မပြောပါဘူး။ အချို့သောနိုင်ငံတွေမှာဆိုရင် လက်တွေ့မဆန်တဲ့ ရွေးချယ်ချက်တွေကို ချမှတ်ပေးထားတာဖြစ်ပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အချို့နိုင်ငံတွေမှာတော့ အမေရိကန်ဟာ အစကတည်းက ပယ်ဖျက်ချင်စိတ် မရှိခဲ့တာဖြစ်ပါတယ်။ အရေးယူပိတ်ဆို့ခံရသူတွေဟာ ဘာကြောင့် ဒဏ်ခတ်ခံရတယ် စာရင်းကနေ ကင်းလွတ်ခွင့်ရဖို့ ဘာကို ပြုလုပ်နိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရတဲ့အပြင် ပယ်ဖျက်ခြင်းခံရရင်လည်း ကြီးကြီးမားမား ပြောင်းလဲမှုမရှိနိုင်တဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့နေရပါတယ်။ အမေရိကန်တာဝန်ရှိသူများအတွက် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားနိုင်စွမ်းမရှိဘဲ ဆွေးနွေးနေခြင်းဟာ အခြားသူပိုက်ဆံနဲ့ ပိုကာကစားနေသလိုပါပဲ” လို့ ဆက်လက်ဖော်ပြထားပါတယ်။ 

အခြားသောပြဿနာတစ်ခုကတော့ အမေရိကန်ဟာ ပျော့ညံ့တယ်လို့ အထင်ခံရမှာစိုးတာကြောင့် အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက်ဖို့ နှေးကွေးတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုလမ်ဘီယာမှာ လက်နက်ချပြီးသား တိုက်ခိုက်ရေးသမားတွေဟာ သာမန်ပြည်သူတွေလို နေထိုင်ဖို့ ခက်ခဲတာကြောင့် တစ်ဖန်စစ်တိုက်ဖို့ ပြန်ရွေးခဲ့ကြတယ်လို့ သိရပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ကိုလမ်ဘီယာအာဏာပိုင်တွေနဲ့ သဘောတူညီချက် ရေးထိုးပြီးတာတောင် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကနေ လွတ်ကင်းခွင့်မရတာကြောင့် သာမန်လူ့အသိုင်းအဝိုင်းကို ပြန်လည်ဝင်ရောက်ခွင့် မရရှိတာ ဖြစ်ပါတယ်။ 

အမေရိကန်ရဲ့ လက်ရှိအရေးယူပိတ်ဆို့မှုတွေထဲမှာ အကြီးမားဆုံးကတော့ ရုရှားအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေဖြစ်ပါတယ်။ ဒီပိတ်ဆို့မှုတွေကို မျှော်မှန်းမထားခဲ့ကြောင်း ဘိုင်ဒန်အစိုးရက ပြောပါတယ်။ ထို့ကြောင့် အစောပိုင်းမှာ အရေးယူပိတ်ဆို့မှု နည်းပါးလိမ့်မယ်လို့ မျှော်လင့်ထားသော်လည်း ဘိုင်ဒန်အစိုးရဟာ တာဝန်ယူချိန် သက်တမ်း ၂ နှစ်အတွင်းမှာ အရေးယူပိတ်ဆို့ထားမှုဟာ ထရမ့်လက်ထက်တုန်းက အများဆုံးရောက်ခဲ့ချိန်ထက် နှစ်ဆများနေတာဖြစ်ပါတယ်။ 

ဒီအရေးယူပိတ်ဆို့မှုတွေရဲ့ ရည်ရွယ်ချက်ကတော့ ကျူးကျော်စစ် ဆင်နွှဲခြင်းအတွက် ပူတင်အစိုးရကို အပြစ်ပေးကာ ငွေကြေးနှင့် အရင်းအမြစ်များကို ချွေတာရန်အတွက် ယူကရိန်း၌ စစ်ဘက်ဆိုင်ရာ ပန်းတိုင်များကို ပြန်လည်သုံးသပ်ရန်ဖြစ်ပါတယ်။ ဝါရှင်တန်နဲ့ အနောက်နိုင်ငံတွေဟာ ပူတင်ရဲ့ ဘဏ္ဍာငွေနဲ့ အင်အားရရှိရေး နောက်ဖေးတံခါးကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်နဲ့ ရုရှားစီးပွားရေးသူဌေးကြီးတွေကို ပစ်မှတ်ထားခဲ့ပါတယ်။ သို့သော်လည်း လက်တွေ့မှာတော့ ဒီလိုအလုပ်မဖြစ်ခဲ့ဘူးလို့ ကျူအိုင်ရဲ့ မဟာဗျူဟာ ညွှန်ကြားရေးမှူး ဂျော့ဂျ် ဘီးဘီက ဆိုပါတယ်။

“ဘိုင်ဒန်အုပ်ချုပ်ရေးကတော့ ဒီလိုအရေးယူမှုတွေကြောင့် ပူတင်အနေနဲ့ ယူကရိန်းကို ကျူးကျော်ရာမှာ အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများတယ်လို့ လက်ခံစေလိုတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ 

“သို့သော်လည်း ဒီလိုယုံကြည်နေရခြင်းက ပူတင်အနေနဲ့ ကျူးကျော်စစ်ဆင်နွှဲရခြင်းမှာ ရုရှားကို နေတိုးတပ်ဖွဲ့ တပ်ချဲ့ခြင်းမှ ကာကွယ်ရန်ထက် အကျိုးအမြတ် တစ်ခုအတွက် ပြုလုပ်ခြင်းလို့ လွဲမှားစွာ ယူဆထားတာကြောင့် ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကို မကြည့်ဘဲ အဓိက အကျိုးစီးပွားကို ကာကွယ်ဖို့ ဘာမဆိုလုပ်မဲ့ နိုင်ငံအတွက် အရေးယူပိတ်ဆို့မှုတွေက သက်ရောက်မှုမရှိတာဖြစ်ပါတယ်။ ယူကရိန်းမှာ စစ်ပွဲရပ်တန့်ဖို့ ညှိနှိုင်းဆွေးနွေးရေးအတွက်တော့ အသုံးဝင်နိုင်ပေမဲ့ ဝါရှင်တန်အနေနဲ့ ရုရှားက စစ်ပွဲကို မနက်ဖြန် ချက်ချင်းရပ်လိုက်ရင်တော့ အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးမယ်ဆိုတဲ့ အာမခံချက်ကို မပေးနိုင်တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။   

Linko

Ref: Can sanctions help win peace? According to this report, not likely| Responsiblestatecraft-org