【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ခရိုင်းမီးယားအတွက် ရုရှားစိုးရိမ်နေရပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ခရိုင်းမီးယားအတွက် ရုရှားစိုးရိမ်နေရပြီလား

    တစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေက တစ်ပတ်ထက် တစ်ပတ် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာနေပါတယ်။

    ဒီရက်ပိုင်းမှာ လွှတ်တော်က တရားစီရင်ရေးကို လွှမ်းမိုးနိုင်ဖို့ ပြုပြင်ပြောင်းလဲရေးကြိုးစားနေလို့ ဆန္ဒပြမှုတွေ၊ အစ္စရေးကာကွယ်ရေးဝန်ကြီးကို ဖြုတ်ချလိုက်တဲ့ သတင်းတွေနဲ့ အစ္စရေးသတင်းတွေက လည်း စိတ်ဝင်စားစရာကောင်းနေသလို အမေရိကန် ကန်ထရိုက်တာတစ်ဦး သေဆုံးပြီး တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ခဲ့တဲ့ ဆီးရီးယားနိုင်ငံထဲက အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရမှုကို အမေရိကန်ရဲ့ လေကြောင်းက လက်တုံ့ပြန်တိုက်ခိုက်တဲ့သတင်းတွေကလည်း စိတ်ဝင်စားစရာပါပဲ။

    ပြင်သစ်သမ္မတ မက်ခရွန်ကို သက်တမ်းတစ်လျှောက် လူကြိုက်အနည်းဆုံးဖြစ်ခဲ့တဲ့ ပင်စင်ယူရတဲ့ အသက်အရွယ်တိုးမြှင့်လို့ ဖြစ်နေတဲ့ ပြင်သစ်တစ်ဝန်း ဆန္ဒပြမှုသတင်းတွေကလည်း ယခုထိ မပြီးဆုံးသေးပါဘူး။ဒီလို ပြင်သစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ဒီတစ်ပတ်မှာ ပြင်သစ်ကို လာရောက်မယ့် ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

    ဒီတစ်ပတ်ဟာ နိုင်ငံရေးဆိုင်ရာ သတင်းတွေချည်းပဲ စိတ်ဝင်စားစရာရှိခဲ့တာတော့  မဟုတ်ပါဘူး။သဘာ၀ဘေးဆိုင်ရာ သတင်းတွေဖြစ်တဲ့ မစ္စစ္စပီမှာ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်လို့ လူ ၂၆ ဦး သေဆုံးကာ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ သတင်းလိုမျိုး၊ အာဖရိကတောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီကြောင့် မာလာဝီ၊ မိုဇမ်ဘစ်နဲ့ မာဒါဂတ်စကာနိုင်ငံတွေမှာ လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ပြီး ၁,၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့တာ၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံ နေရာအနှံ့အပြားမှာ အင်အားပြင်းမြေငလျင်တစ်ခု  မတ် ၂၁ ရက်မှာ လှုပ်ခတ်လို့ လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေလိုမျိုး သတင်းတွေလည်း ရှိခဲ့ပါတယ်။

    ဒါပေမဲ့ အိန္ဒိယမှာ ဝန်ကြီးချု ပ်မိုဒီက ပြိုင်ဘက် နိုင်ငံရေးသမားဖြစ်တဲ့ ရာဟူးလ်ဂန္ဓီကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့အတွက် သူ့ကို အသရေပျက်စေခဲ့မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့ သတင်းလို၊ အမေရိကန်သမ္မတ ကနေဒါကို သွားရောက်တဲ့ သတင်းလို၊ တရုတ်သမ္မတ ရုရှားကို သွားရောက်ချိန်မှာ ယူကရိန်းကို ဂျပန်ဝန်ကြီးချုပ် သွားရောက်တဲ့ သတင်းလို သတင်းမျိုးတွေလည်းရှိခဲ့ပါတယ်။

    ဒီတစ်ပတ်က မပြီးသေးတဲ့ ရုရှားစစ်ပွဲသတင်းတွေမှာ အလှည့်အပြောင်းကို စတွေ့လာနေရတဲ့ ရက်သတ္တပတ်ပါပဲ။

    ရုရှားစစ်ပွဲ အလှည့်အပြောင်း စပြီလား

    မေ ၂၀ ရက်က စခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ တရုတ်ခရီးစဉ်က ပြင်းထန်လာနေတဲ့ ရုရှား-ယူကရိန်း စစ်ပွဲအလှည့်အပြောင်းကို မျှော်နေတဲ့သူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

    ရှီကျင်ဖျင်ရဲ့ ခရီးစဉ်မတိုင်ခင်မှာ ရုရှားသမ္မတ ပူတင်ကို နိုင်ငံတကာရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။ဒါကြောင့် ရှီရဲ့ ခရီးစဉ်ဟာ ပူတင်အတွက် အရေးပါနေခဲ့ပါတယ်။

    ရှီရဲ့ ခရီးစဉ်အစမှာပဲ တရုတ်နဲ့ အစဉ်အလာပြိုင်ဘက် ဂျပန်ဝန်ကြီးချုပ်ဟာ ရုတ်တရက် ယူကရိန်းကို ရောက်သွားခဲ့ပါတယ်။ဒါဟာ ယူကရိန်းနဲ့ ရုရှားကြား မျှခြေကို ထိန်းသလိုဖြစ်ခဲ့သလို နိုင်ငံတကာမီဒီယာတွေမှာ တရုတ်သမ္မတ သတင်းတွေ ဖုံးသွားမှာကိုလည်း ချေဖျက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

    တစ်ဖက်သတ် ကျူးကျော်ခံခဲ့ရတဲ့  ယူကရိန်းအတွက် ဂျပန်ဝန်ကြီးချုပ် လာရောက်ခြင်းက အတော်လေးကို တာသွားခဲ့ပါတယ်။ 

    ဒီတစ်ပတ် ယူကရိန်းတိုက်ပွဲတွေက အမျိုးမျိုးဖြစ်နေပါတယ်။ယူကရိန်းဘက်က ရှေ့တန်းစစ်မျက်နှာဖြစ်တဲ့ ဘတ်ခ်မွတ်မှာ တောင့်ခံထားလို ရုရှားဘက်က တစ်ကီလိုမီတာ သိမ်းနိုင်တိုင်း ရုရှားစစ်သားတွေကို ဒေါ်လာ ၆၅၀ ပေးမယ်ဆိုပြီး မက်လုံးထုတ်နေရတဲ့အထိကိုပါပဲ။ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ စစ်ပွဲကို ရပ်ဆိုင်းဖို့၊ ဆွေးနွေးဖို့ တိတိကျကျ မထွက်ခဲ့ပေမယ့် ပူတင်က ရှီရဲ့ အချက် ၁၂ ချက်ပါ ပဋိပက္ခဖြေရှင်းရေးကို ထောက်ခံကြိုဆိုတယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်။ဒီခရီးစဉ်ပြီးရင် ယူကရိန်းသမ္မတနဲ့ ရှီကျင့်ဖျင်ကြား ဖုန်းနဲ့ဆွေးနွေးဖွယ်ရှိတယ်ဆိုပေမယ် ယခုချိန်ထိ သတင်းထွက်မလာသေးတဲ့အတွက် ဆွေးနွေးဖြစ်၊ မဖြစ် မသိရသေးပါဘူး။ 

    ရှီကျင့်ဖျင် မော်စကိုကနေ ပြန်တဲ့အချိန်မှာပဲ ရုရှားက ယူကရိန်းကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တောင်ပိုင်းမြို့ ဇာပိုရစ်ဇီယာ၌ လူနေတိုက်ခန်း အဆောက်အအုံတစ်ခု ထိမှန်လို့ တစ်ဦးသေဆုံးကာ မီးလောင်ခဲ့ပြီး အခြားမြို့တစ်ခုဖြစ်တဲ့ ရစ်ရှ်ချိဗ်မှာတော့ ကောလိပ်ကျောင်း တစ်ခုရဲ့ အဆောင်နှစ်ခုကို ဒရုန်းထိမှန်ခဲ့လို့ လေးဦးသေဆုံးခဲ့ပါတယ်။

    ရုရှားဘက်က အဲဒီရက်မှာပဲ ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက်လို့ ခရိုင်းမီးယားရေတပ်စခန်းနှင့် ရုရှားနိုင်ငံ ဘရန့်စ်ပြည်နယ်က ရေနံတူးဖော်ရေးစခန်းတွေ ပျက်စီးခဲ့တယ် ဆိုပါတယ်။

    ခရိုင်းမီးယားကို တိုက်ခိုက်ခံရတာ တကယ်ဟုတ်မယ်ဆိုရင် မတ် ၂၅ ရက်မှာ ရုရှားလုံခြုံရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ခ် ပြောခဲ့တဲ့ စကားက ရုရှားဘက်က အခြေအနေကို မြင်သာထင်သာရှိစေပါတယ်။ 

    မက်ဗီဒက်ခ်က ယူကရိန်းအနေနဲ့  ခရိုင်းမီးယားကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားမယ်ဆိုရင် နျူကလီးယားလက်နက်သုံးမှာလို့ ပြောခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းဆီကနေ သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားကို ယူကရိန်းဘက်က ပြန်သိမ်းယူဖို့ ပြောထားသလို မကြာမီမှာ စတင်ဖွယ်ရှိတဲ့ ယူကရိန်းထိုးစစ်အတွက်လည်း အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက စစ်လက်နက်တွေ ထောက်ပံ့နေသလို မကြာခင်ကလည်း တိုက်လေယာဉ်တွေပေးခဲ့တာ ရှိပါတယ်။

    ဗြိတိန်က ယူကရိန်းကို Challenger 2 တိုက်ခိုက်ရေး တင့်ကားတွေအပြင် ယူရေနီယမ်ဓာတ်သတ္ထုပါဝင်တဲ့ တင့်ကားကျည်တွေပါ ပေးမယ်ဆိုပြီး ထုတ်ပြန်ခဲ့လို့ ရုရှားဘက်က သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။ဒီလိုပေးမယ်ဆိုရင် အနောက်အုပ်စုဘက်က နျူကလီးယားလက်နက် စတင်အသုံးပြုပြီလို့ ယူဆမှာဖြစ်ကြောင်း မော်စကိုမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံအပြီး မတ်လ ၂၁ ရက် အင်္ဂါနေ့ညနေ ထုတ်ပြန်တဲ့ နှစ်နိုင်ငံသဘောတူ ပူးတွဲကြေညာချက်မှာ ပူတင်က ပြောခဲ့တာပါ။

    ဒါကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ရုရှား မှာ ဒီလို ယူရေနီယံပါတဲ့ ကျည်ဆံတွေရှိတယ်လို့ ပြောခဲ့သလို အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ယူကရိန်းတွေက Challenger 2 တင့်ကားတွေ စတင်အသုံးပြုတော့မှာကို မလိုလားရင် ဗြိတိန်ရဲ့ တင့်ကားကျည်တွေကို စိုးရိမ်တယ်ဆိုရင်တော့ ရုရှားတွေ ယူကရိန်းပိုင်နက်ထဲကနေ အမြန်ဆုံးထွက်ခွာသွားဖို့ ပြောခဲ့ပါတယ်။

    ရုရှားလုံခြုံရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ခ်ကတော့ အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေကူညီပေးလေ နျူကလီးယားစစ်ပွဲကြီးဖြစ်ဖို့ ပိုနီးလေဆိုပြီး အနောက်နိုင်ငံတွေ လက်နက် ထောက်ပံ့မှုကို သတိပေးခဲ့ပါတယ်။

    Challenger 2 တင့်ကားတွေနဲ့အတူ ယူရေနီယမ် ဓာတ်သတ္ထုပါဝင်တဲ့ တင့်ကားကျည်တွေ ယူကရိန်းကိုပေးဖို့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ကန့်ကွက်ကြောင်း ရုရှားအစိုးရက ပြောဆိုနေချိန်မှာ ပိုလန်-ယူကရိန်း နယ်စပ်မှာရှိတဲ့ ဗြိတိသျှစစ်စခန်းကို ဗြိတိန်တော်ဝင် မင်းသား ဝီလျံ သွားကြည့်တာကလည်း ထူး‌ခြားနေပါတယ်။  

    ရုရှားသမ္မတ ပူတင်ကလည်း မတ် ၁၉ ရက်မှာ ကျင်းပမယ့် ခရိုင်းမီးယားသိမ်းယူမှု နှစ်ပတ်လည်ပွဲကို တက်ရောက်ဖို့သွားရင်း မာရီယူပိုးလ်ကို ဝင်ခဲ့သလို ယူကရိန်းသမ္မတ ဇီလင်စကီးက တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတဲ့ ယူကရိန်းအရှေ့ပိုင်းစစ်မြေပြင်ကို မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်ကြည့်ရှုပြီး ယူကရိန်းတပ်သားတွေ တပ်မှူးတွေကို တွေ့ဆုံပြီး သူရဲကောင်းဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ 

    ရုရှားထုတ်ပြလိုက်တဲ့ ဘီလာရုစ်

    မတ်လ ၂၅ ရက် အစိုးရရုပ်/သံသတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အိမ်နီးချင်း ဘီလာရုစ်နိုင်ငံမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ တပ်ဆင်ထားရှိမယ်လို့ ပြောခဲ့ပါတယ်။ဒါဟာ ရုရှားအဖို့ နျူကလီးယားလက်နက်တွေ ပြည်ပမှာထားရှိတာ ပထမဆုံးအကြိမ်ပါ။ဒီလိုထားရှိတာကို ပူတင်က အမေရိကန်ဆိုရင် သူ့နိုင်ငံပြင်ပမှာ နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ထား ရှိတာ ကြာခဲ့ပြီလို့ ပြောခဲ့ပါတယ်။

    ပူတင်က ဘီလာရုစ်နိုင်ငံ ကိုယ်တိုင်ကလည်း သူ့နိုင်ငံမှာ နျူကလီးယားလက်နက်တွေ ထားရှိပေးဖို့ တောင်းဆိုနေတာ ကြာခဲ့ပြီလို့ ပြောခဲ့ပါတယ်။ 

    ယူကရိန်းသမ္မတ ဇီလင်စကီးကတော့ ယူကရိန်းနိုင်ငံမြောက်ပိုင်း နယ်စပ်တစ်လျှောက် ဘီလာရုစ်နိုင်ငံထဲမှာ ဗျူဟာမြောက် နျူကလီယားထိပ်ဖူးတပ် လက်နက်တွေ ချထားမယ်ဆိုတဲ့ ရုရှားသမ္မတ ပူတင် ရဲ့အစီအစဉ်ကို အပြင်းအထန်ကန့်ကွက်ခဲ့သလို ဖြစ်လာနိုင်ခြေရှိတဲ့ နျူကလီယားခြိမ်းခြောက်မှုကိစ္စရပ် ဖြေရှင်းရေး ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။ 

    NATO နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ကတော့ နျူကလီးယားလက်နက်နဲ့ပတ်သက်လို့ သမ္မတ ပူတင် အပါအဝင် ရုရှားအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ခြိမ်းခြောက်ပြောဆိုနေပေမယ့် လက်တွေ့မှာ ရုရှားနျူကလီးယားတပ်ဖွဲ့တွေကြား လှုပ်ရှားမှု တစ်စုံတရာ မတွေ့ရဘူးလို့ ပြောခဲ့ပါတယ်။ NATO က ရုရှားနျူကလီးယားတပ်ဖွဲ့တွေရဲ့ အပြောင်းအလဲနဲ့ တပ်လှုပ်ရှားမှုတွေကို အချိန်ပြည့် အနီးကပ်စောင့်ကြည့်နေပြီး ရုရှားရဲ့ နျူကလီးယားတပ်ဖွဲ့တွေ ပြောင်းလဲလှုပ်ရှားမှုရှိရင်ရှိသလို နေတိုးအဖွဲ့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေကလည်း ပြောင်းလဲလှုပ်ရှားမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ 

    ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေ ဖြန့်ချဖို့လုပ်တာဟာ ရုရှားရဲ့ စစ်ဘောင်ချဲ့တာလားဆိုတာ တွက်ဆချင်စရာပါ။

    မတ် ၁၆ ရက်ကတော့ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်နဲ့ ဒိန်းမတ် လေးနိုင်ငံ ပူးပေါင်းဖွဲ့စည်းမယ့် နောဒစ်လေကြောင်းတပ်ဖွဲ့ ထူထောင်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်အရဆို ရင် လေးနိုင်ငံစလုံးမှာရှိနေတဲ့ F-35 နဲ့ F-16 တိုက်လေယာဥ် အစင်းနှစ်ရာကျော်ကို စစ်ဆင်ရေး အမိန့်ပေးဌာနတစ်ခုတည်းအောက်မှာ ထားရှိမှာဖြစ်ပြီး လေကြောင်းတပ်ဖွဲ့ကနေ ရေတပ်နဲ့ မြေပြင်တပ်တွေကိုပါ ပူးပေါင်းဖွဲ့စည်းသွားမယ်လို့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ 

    ဒီလိုအခြေအနေတွေအရဆိုရင် ရုရှားအနေနဲ့ စစ်ပွဲမှာ အရေးနိမ့်ဖို့ နီးလာနေသလို အိမ်နီးချင်းတွေကို စစ်ပွဲထဲပါအောင်ထည့်ဖို့ လုပ်နေနိုင်တာကိုလည်း အိမ်နီးချင်းတွေက ခုခံကာကွယ်ဖို့ ပြင်နေတာမို့လို့ တရုတ်ကြားဝင်ဆောင်ရွက်မယ့် စစ်ရပ်ဆဲတာ၊ ဆွေးနွေးတာက ဖြစ်လာနိုင်ပါ့မလားဆိုတာ တွေးဆစရာပါ။

    သေချာတာကတော့ အနောက်နိုင်ငံတွေ ထောက်ပံ့ကူညီမှုကြောင့် ရုရှား ပြန်တိုက်ခိုက်ခံနေရပြီဆိုတာနဲ့ ခရိုင်းမီးယားအတွက် ရုရှားစိုးရိမ်နေရပြီဆိုတဲ့ သတင်းတွေပါပဲ။

    မင်းထက်