【 ဆောင်းပါး 】 ဗျို့...ကူညီပါရစေ

【 ဆောင်းပါး 】 ဗျို့...ကူညီပါရစေ

ပြီးခဲ့သည့်ရက်ပိုင်းက အများပြည်သူကြား ဟိုးလေးတကျော်ဖြစ်ပြီး ပွဲဆူစေခဲ့သည့် ဖြစ်ရပ်တစ်ခုဆိုလျှင် ဘာကိုရည်ညွှန်းသည်ကို သိကြပါလိမ့်မည်။ဟုတ်ပါသည်။နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းသူ သမီးငယ် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မလျှော်မကန်၊ မသင့်မမြတ် ပြုမူဆောင်ရွက်ချက်များကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်က မြန်မာတစ်ပြည်လုံး အုံးအုံးကျွတ်ကျွတ်ဖြစ်လောက်အောင် ပွဲဆူခဲ့ရသည်။အများစုသိပြီးဖြစ်သည့် ကိစ္စရပ်ဖြစ်သော်လည်း သည်နေရာတွင် ယင်းဖြစ်ရပ်ကို အကျဉ်းချုပ်ကာ ပြန်လည်ကောက်နုတ်ချင်ပါသည်။

သမီးငယ် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး သံသယတရားခံအဖြစ် ဖမ်းဆီးထိန်းသိမ်း စစ်မေးနေသည့် အောင်ကြီး ကို တရားရုံးက ဒီဇင်ဘာ ၁၈ ရက်မှာ တရားရှင်လွှတ်ပေးခဲ့သည်။ယင်းသို့လွှတ်ပေးပြီး နောက်ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပသည်။အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့ (CID) မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ CID ဌာနမှူး ရဲမှူးကြီး သာထွန်းအောင်၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန် နှင့် မျိုးရိုးဗီဇ DNA ညွှန်ကြားရေးမှူး ဒေါက်တာချစ်ပန် တို့က ဦးဆောင်ရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် အောင်ကြီးအား တရားရုံးက လွှတ်ပေးလိုက်သည်မှာ စောနေသေးကြောင်း၊ ထိုသို့လွှတ်ပေးလိုက်ခြင်းအတွက် အံ့သြရကြောင်းတို့ကို ရဲတပ်ဖွဲ့ဘက်က ထည့်သွင်းပြောကြားခဲ့ကြသလို သမီးငယ် ဗစ်တိုးရီးယား၏ အမည်ရင်းနှင့် မိခင်အမည်တို့ကိုပါ ထိုသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ယင်းအချက်သည် မြန်မာပြည်သူလူထုအပေါ် ရိုက်ခတ်မှုပြင်းထန်ခဲ့ခြင်းဖြစ်သည်။
ဗစ်တိုးရီးယားလေး၏ မိဘနှစ်ပါး၊ အမှုအတွက် လိုက်ပါကူညီပေးနေသူများ၊ တရားရုံး၊ သတင်းမီဒီယာများနှင့် နောက်ဆုံး အများပြည်သူတို့ဘက်ကပင် ဗစ်တိုးရီးယားလေး၏ ဘဝမှန်မပေါ်ထွက်စေရေး ဝိုင်းကာဝန်းကာဖြင့် ကာကွယ်မှုတွေ၊ သိုသိပ်ဖုံးကွယ်မှုတွေ ပြုပေးနေချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ထိုသို့ပြုမူလိုက်ခြင်းအတွက် မေးခွန်းများစွာ ထွက်ပေါ်စေခဲ့သည်။မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် ပြည်သူက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ကြသည်။ယုတ်မာကောက်ကျစ်သည့် လုပ်ရပ်ဟုပင် ခေါင်းစဉ်တပ်စွပ်စွဲကြသည်။ပို၍ဆိုးဝါးစေသည်မှာ ထိုသတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် ‘ရဲဇာနည်’ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တိုက်ရိုက် (Live) ထုတ်လွှင့်ပေးခြင်းဖြစ်သည်။ထိုသို့ တိုက်ရိုက်ထုတ်လွှင့်ချက်တွင် ကလေးငယ် ဗစ်တိုးရီးယား၏ အမည်ရင်းထုတ်ဖော်ပြောဆိုချက် ပါဝင်သွားသည့်အပေါ်တွင် အများပြည်သူဘက်က ဝေဖန်နေကြသော်လည်း နာရီနှင့်ချီကာ ယင်းထုတ်လွှင့်ချက်ကို ဖြုတ်ချခြင်းမပြုခဲ့ပေ။

ထိုနေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ တိုက်ရိုက်ထုတ်လွှင့်ခဲ့သော သတင်းမီဒီယာများဘက်ကမူ ချက်ခြင်းဆိုသလို တိုက်ရိုက်ထုတ်လွှင့်မှု ရုပ်သံဖိုင်များကို ဖျက်ပစ် (Delete) ပေးခဲ့သည်။ထုတ်လွှင့်မှုထဲတွင် ထိုသို့ပါဝင်သွားခဲ့ ခြင်းအတွက်လည်း တောင်းပန်စာများ ချက်ခြင်းဆိုသလို ထုတ်ပြန်ပေးခဲ့သည်။ The Voice Daily ၊ 7 Day TV ၊ DVB ၊ BBC ၊ Myanmar Now ၊ RFA  ၊ The Irrawaddy စသည့် မီဒီယာတို့ဘက်က တောင်းပန်စာများကို တိုက်ရိုက်ထုတ်လွှင့်မှုစတင်ပြီး တစ်နာရီအတွင်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် တွေ့ခဲ့ရသည်။သတင်းမီဒီယာများဘက်က တာဝန်ယူ၊ တာဝန်ခံမှုများ ပြသခဲ့ကြသည်ကို တွေ့ရသည်မှာ အားတက်ဖွယ်ဖြစ်သည်။

သို့သော် အဆိုပါသတင်းစာရှင်းလင်းပွဲကို ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကမူ အများပြည်သူကြား ဝေဖန်မှုများ ပြင်းပြင်းထန်ထန်ထွက်ပေါ်လာပြီးချိန်မှသာ အဆိုပါတိုက်ရိုက်ထုတ်လွှင့်မှု ရုပ်သံဖိုင်ကို ဖျက်သိမ်းပေးခဲ့သည်။

ထိုနေ့မှာပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အများပြည်သူ၏ ဝေဖန်ထိုးနှက်မှုကို နောက်တစ်ကြိမ် ခံရပြန်သည်။အဆိုပါတိုက်ရိုက်ထုတ်လွှင့်မှုအပြီး ဆိုခဲ့ပါ ‘ရဲဇာနည်’ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ‘Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အမှုနှင့်ပတ်သက်သည့် အထောက်အထားများ’ ဟု ဆိုကာ ကလေးအမည်နှင့် မိခင်အမည်တို့ ပါဝင်သည့် စာရွက်စာတမ်း အထောက်အထားများကို ပြန်လည်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ထိုလုပ်ရပ်အတွက်လည်း အများပြည်သူဘက်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြန်သည်။ထိုသို့ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာပြီး နောက်မှသာ အဆိုပါစာဖိုင်ကိုလည်း ပြန်လည်ဖျက်သိမ်းသွားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ သည်နေရာတွင် အထူးပြုပြောလိုသည်က ‘ပြောင်းလဲချိန်တန်ပြီ’ ဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်၏ ဆောင်ပုဒ်ကို လိုက်နာဖို့အသင့်ဆုံး အဖွဲ့အစည်းဟု မြင်စေလိုခြင်းဖြစ်သည်။အတိတ်ကာလရှည်ကြီးထဲတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပုံရိပ်ဆိုးများဖြင့်သာ ကျော်ကြားခဲ့သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ရှိခဲ့သည်။ဒီမိုကရေစီခရီးကို နှင်နေသည့် ယနေ့လိုကာလမျိုးတွင်လည်း ရှေးယခင်ကလို ပြုမူ၊ ကျင့်ကြံ၊ လုပ်ဆောင်နေဖို့ မသင့်တော့သည့်ကာလ၊ ပုံရိပ်ဆိုးများကို ဖယ်ခွာရတော့မည့်ကာလဟု ဆိုချင်သည်။စစ်အစိုးရခေတ်၊ အာဏာရှင်အစိုးရခေတ်က အမည်ဆိုးများဖြင့် ပုံပျက်ကာ အများပြည်သူကြား မျက်နှာမရခဲ့သော ရဲတပ်ဖွဲ့ကို ယနေ့ကာလတွင် လုပ်ဆောင်ချက်ကောင်းများဖြင့် အမည်ကောင်းပြန်လည်ပေါ် ထွန်းရန် ကြိုးပမ်းကြရမည်ဖြစ်သည်။

ယခု ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲမလုပ်မီ ရှေ့တစ်ရက်က ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အပါအဝင် ရဲတပ်ဖွဲ့ဝင်အကြီးအကဲများနှင့် တွေ့ဆုံကာ လမ်းညွှန်ချက်များပေးခဲ့သည်။ထိုလမ်းညွှန်ချက်ထဲတွင် ရဲတပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်မြင့်မားရေး၊ ပြည်သူလူထု၏ လုံခြုံရေး၊ အေးချမ်းရေးတို့အတွက် တာဝန်ရှိမှု၊ ပြည်သူယုံကြည်အားကိုးရသည့် ရဲတပ်ဖွဲ့ဖြစ်ရေး၊ ရာထူး၊ လုပ်ပိုင်ခွင့်တို့အပေါ် အလွဲသုံးစားမပြုရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ထိုသို့လမ်းညွှန်မှာကြားရာတွင် “ပြည်သူသည် ရဲများကိုကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ အားကိုးတန်ဖိုးထားခြင်းမျိုးဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူများ လုံလုံခြုံခြုံနေနိုင်အောင်၊ ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးအတွက် လုပ်ဆောင်နေသည်ဟု ပြည်သူကမြင်လာပြီဆိုလျှင် အောင်မြင်ပြီဟု ဆိုရမည်ဖြစ်ကြောင်း” ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ယခုကဲ့သို့ အလားသဏ္ဍာန်တူ မှာကြားချက်တို့ကို ဒေါ်အောင်ဆန်းစုကြည် က လွန်ခဲ့သည့် လေးနှစ်ကျော်ကာလဖြစ်သည့် ၂၀၁၅ ခုနှစ်ထဲတွင်လည်း တစ်ကြိမ်ပြောခဲ့ပြီးဖြစ်သည်။

‘‘ဒီဝတ်စုံကို ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကို မြင်တာနဲ့ ပြည်သူ့စိတ်မှာ ဒါ ငါတို့ရဲ့ အားကိုးစရာဖြစ်တဲ့စိတ် ဖြစ်ပေါ်လာဖို့။ဒီလိုရဲတပ်ဖွဲ့မျိုးဖြစ်လာရင် ကလေးလေးကအစ ရဲကြီးကိုမြင်ရင် ငါတို့လုံခြုံပြီဆိုတဲ့ စိတ်ကို ကလေးကနေအစ ဟိုးလူကြီးအထိ အားလုံးဖြစ်စေချင်တယ်” ဟု ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများ၊ ရဲတပ်ဖွဲ့နှင့်ဆက်ဆိုင်သော နေရာများတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားသည့် စာသားတချို့ကို တွေ့ရတတ်သည်။‘ကူညီပါရစေ’၊ ‘May I Help You’ ဆိုပြီး ဖြစ်သည်။ယင်းစကားရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ထဲတွင် ပါဝင်သည့် ‘ပြည်သူသည် ရဲများကို ကြောက်ရွံ့နေခြင်းမျိုးမဟုတ်ဘဲ အားကိုးတန်ဖိုးထားခြင်းမျိုး ဖြစ်အောင်လုပ်ရမည်’၊ ‘ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကို မြင်တာနဲ့ ပြည်သူ့စိတ်မှာ ဒါ ငါတို့ရဲ့ အားကိုးစရာဖြစ်တဲ့စိတ် ဖြစ်ပေါ်လာဖို့’ ဆိုသည့် စကားရပ်များနှင့်အညီဖြစ်သည်။

သည်ကနေ့ကာလ ‘ကူညီပါရစေ’ ဆိုသည့် ဆိုင်းဘုတ်များကိုမြင်လျှင် သရော်လှောင်ပြောင်သည့် အကြည့်အမြင်၊ အပြောများသာ သက်ရောက်လာကြသည်။ထိုသည်ကို ပြောင်းလဲရမည်ဖြစ်သည်။ထိုသို့ပြောင်းလဲရန်မှာ ကာယကံရှင်ဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ထိရောက်ပီပြင်သည့် လက်တွေ့ပြုပြင်ပြောင်းလဲရေးများဆီ ဦးတည်ကြဖို့ဖြစ်သည်။

ခေတ်ကာလနှင့် လိုက်လျောညီထွေသည့် ပြုပြင်ပြောင်းလဲရေးဆီကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ခွန်စိုက်၊ အားစိုက်လိုက်ပါဖို့ လိုပြီဖြစ်သည်။သို့မှသာ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာနေရာများတွင် မိမိတို့တွေ့မြင်နေကျဖြစ်သည့် စာသားများသည်လည်း အဓိပ္ပာယ်ပြည့်ဝနေမည်ဖြစ်သည်။

ဂျေငြိမ်း
ဒီဇင်ဘာ - ၂၃

( Zawgyi )

ၿပီးခဲ့သည့္ရက္ပိုင္းက အမ်ားျပည္သူၾကား ဟိုးေလးတေက်ာ္ျဖစ္ၿပီး ပြဲဆူေစခဲ့သည့္ ျဖစ္ရပ္တစ္ခုဆိုလွ်င္ ဘာကိုရည္ၫႊန္းသည္ကို သိၾကပါလိမ့္မည္။ဟုတ္ပါသည္။ေနျပည္ေတာ္ရွိ Wisdom Hill မူႀကိဳေက်ာင္းသူ သမီးငယ္ ဗစ္တိုးရီးယားအမႈႏွင့္ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ မေလွ်ာ္မကန္၊ မသင့္မျမတ္ ျပဳမူေဆာင္႐ြက္ခ်က္မ်ားေၾကာင့္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၉ ရက္က ျမန္မာတစ္ျပည္လုံး အုံးအုံးကြၽတ္ကြၽတ္ျဖစ္ေလာက္ေအာင္ ပြဲဆူခဲ့ရသည္။အမ်ားစုသိၿပီးျဖစ္သည့္ ကိစၥရပ္ျဖစ္ေသာ္လည္း သည္ေနရာတြင္ ယင္းျဖစ္ရပ္ကို အက်ဥ္းခ်ဳပ္ကာ ျပန္လည္ေကာက္ႏုတ္ခ်င္ပါသည္။

သမီးငယ္ ဗစ္တိုးရီးယားအမႈႏွင့္ ပတ္သက္ၿပီး သံသယတရားခံအျဖစ္ ဖမ္းဆီးထိန္းသိမ္း စစ္ေမးေနသည့္ ေအာင္ႀကီး ကို တရား႐ုံးက ဒီဇင္ဘာ ၁၈ ရက္မွာ တရားရွင္လႊတ္ေပးခဲ့သည္။ယင္းသို႔လႊတ္ေပးၿပီး ေနာက္ရက္တြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းစာရွင္းလင္းပြဲတစ္ရပ္ကို က်င္းပသည္။အဆိုပါသတင္းစာရွင္းလင္းပြဲတြင္ ျမန္မာႏိုင္ငံမႈခင္းရဲတပ္ဖြဲ႕ (CID) မွ တပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ စိုးႏိုင္ဦး၊ CID ဌာနမႉး ရဲမႉးႀကီး သာထြန္းေအာင္၊ မႈခင္းၫႊန္ၾကားေရးမႉး ရဲမႉးႀကီး မင္းဟန္ ႏွင့္ မ်ိဳး႐ိုးဗီဇ DNA ၫႊန္ၾကားေရးမႉး ေဒါက္တာခ်စ္ပန္ တို႔က ဦးေဆာင္ရွင္းလင္းခဲ့ၾကျခင္းျဖစ္သည္။

ထိုသတင္းစာရွင္းလင္းပြဲတြင္ ေအာင္ႀကီးအား တရား႐ုံးက လႊတ္ေပးလိုက္သည္မွာ ေစာေနေသးေၾကာင္း၊ ထိုသို႔လႊတ္ေပးလိုက္ျခင္းအတြက္ အံ့ၾသရေၾကာင္းတို႔ကို ရဲတပ္ဖြဲ႕ဘက္က ထည့္သြင္းေျပာၾကားခဲ့ၾကသလို သမီးငယ္ ဗစ္တိုးရီးယား၏ အမည္ရင္းႏွင့္ မိခင္အမည္တို႔ကိုပါ ထိုသတင္းစာရွင္းလင္းပြဲတြင္ ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ယင္းအခ်က္သည္ ျမန္မာျပည္သူလူထုအေပၚ ႐ိုက္ခတ္မႈျပင္းထန္ခဲ့ျခင္းျဖစ္သည္။
ဗစ္တိုးရီးယားေလး၏ မိဘႏွစ္ပါး၊ အမႈအတြက္ လိုက္ပါကူညီေပးေနသူမ်ား၊ တရား႐ုံး၊ သတင္းမီဒီယာမ်ားႏွင့္ ေနာက္ဆုံး အမ်ားျပည္သူတို႔ဘက္ကပင္ ဗစ္တိုးရီးယားေလး၏ ဘဝမွန္မေပၚထြက္ေစေရး ဝိုင္းကာဝန္းကာျဖင့္ ကာကြယ္မႈေတြ၊ သိုသိပ္ဖုံးကြယ္မႈေတြ ျပဳေပးေနခ်ိန္တြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဘက္က ထိုသို႔ျပဳမူလိုက္ျခင္းအတြက္ ေမးခြန္းမ်ားစြာ ထြက္ေပၚေစခဲ့သည္။ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေပၚ ျပည္သူက ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ၾကသည္။ယုတ္မာေကာက္က်စ္သည့္ လုပ္ရပ္ဟုပင္ ေခါင္းစဥ္တပ္စြပ္စြဲၾကသည္။ပို၍ဆိုးဝါးေစသည္မွာ ထိုသတင္းစာရွင္းလင္းပြဲကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ တရားဝင္လူမႈကြန္ရက္စာမ်က္ႏွာျဖစ္သည့္ ‘ရဲဇာနည္’ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွ တိုက္႐ိုက္ (Live) ထုတ္လႊင့္ေပးျခင္းျဖစ္သည္။ထိုသို႔ တိုက္႐ိုက္ထုတ္လႊင့္ခ်က္တြင္ ကေလးငယ္ ဗစ္တိုးရီးယား၏ အမည္ရင္းထုတ္ေဖာ္ေျပာဆိုခ်က္ ပါဝင္သြားသည့္အေပၚတြင္ အမ်ားျပည္သူဘက္က ေဝဖန္ေနၾကေသာ္လည္း နာရီႏွင့္ခ်ီကာ ယင္းထုတ္လႊင့္ခ်က္ကို ျဖဳတ္ခ်ျခင္းမျပဳခဲ့ေပ။

ထိုေန႔က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္အတူ တိုက္႐ိုက္ထုတ္လႊင့္ခဲ့ေသာ သတင္းမီဒီယာမ်ားဘက္ကမူ ခ်က္ျခင္းဆိုသလို တိုက္႐ိုက္ထုတ္လႊင့္မႈ ႐ုပ္သံဖိုင္မ်ားကို ဖ်က္ပစ္ (Delete) ေပးခဲ့သည္။ထုတ္လႊင့္မႈထဲတြင္ ထိုသို႔ပါဝင္သြားခဲ့ ျခင္းအတြက္လည္း ေတာင္းပန္စာမ်ား ခ်က္ျခင္းဆိုသလို ထုတ္ျပန္ေပးခဲ့သည္။ The Voice Daily ၊ 7 Day TV ၊ DVB ၊ BBC ၊ Myanmar Now ၊ RFA  ၊ The Irrawaddy စသည့္ မီဒီယာတို႔ဘက္က ေတာင္းပန္စာမ်ားကို တိုက္႐ိုက္ထုတ္လႊင့္မႈစတင္ၿပီး တစ္နာရီအတြင္း ေဖ့စ္ဘြတ္ခ္ေပၚတြင္ ေတြ႕ခဲ့ရသည္။သတင္းမီဒီယာမ်ားဘက္က တာဝန္ယူ၊ တာဝန္ခံမႈမ်ား ျပသခဲ့ၾကသည္ကို ေတြ႕ရသည္မွာ အားတက္ဖြယ္ျဖစ္သည္။

သို႔ေသာ္ အဆိုပါသတင္းစာရွင္းလင္းပြဲကို ဦးေဆာင္က်င္းပသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဘက္ကမူ အမ်ားျပည္သူၾကား ေဝဖန္မႈမ်ား ျပင္းျပင္းထန္ထန္ထြက္ေပၚလာၿပီးခ်ိန္မွသာ အဆိုပါတိုက္႐ိုက္ထုတ္လႊင့္မႈ ႐ုပ္သံဖိုင္ကို ဖ်က္သိမ္းေပးခဲ့သည္။

ထိုေန႔မွာပင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သည္ အမ်ားျပည္သူ၏ ေဝဖန္ထိုးႏွက္မႈကို ေနာက္တစ္ႀကိမ္ ခံရျပန္သည္။အဆိုပါတိုက္႐ိုက္ထုတ္လႊင့္မႈအၿပီး ဆိုခဲ့ပါ ‘ရဲဇာနည္’ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ‘Wisdom Hill မူႀကိဳေက်ာင္းတြင္ ျဖစ္ပြားခဲ့ေသာ အမႈႏွင့္ပတ္သက္သည့္ အေထာက္အထားမ်ား’ ဟု ဆိုကာ ကေလးအမည္ႏွင့္ မိခင္အမည္တို႔ ပါဝင္သည့္ စာ႐ြက္စာတမ္း အေထာက္အထားမ်ားကို ျပန္လည္ျဖန႔္ေဝခဲ့ျခင္းျဖစ္သည္။ထိုလုပ္ရပ္အတြက္လည္း အမ်ားျပည္သူဘက္က ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၾကျပန္သည္။ထိုသို႔ေဝဖန္ျပစ္တင္မႈမ်ား ထြက္ေပၚလာၿပီး ေနာက္မွသာ အဆိုပါစာဖိုင္ကိုလည္း ျပန္လည္ဖ်က္သိမ္းသြားခဲ့သည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ ပတ္သက္၍ သည္ေနရာတြင္ အထူးျပဳေျပာလိုသည္က ‘ေျပာင္းလဲခ်ိန္တန္ၿပီ’ ဆိုေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕အခ်ဳပ္၏ ေဆာင္ပုဒ္ကို လိုက္နာဖို႔အသင့္ဆုံး အဖြဲ႕အစည္းဟု ျမင္ေစလိုျခင္းျဖစ္သည္။အတိတ္ကာလရွည္ႀကီးထဲတြင္လည္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သည္ ပုံရိပ္ဆိုးမ်ားျဖင့္သာ ေက်ာ္ၾကားခဲ့သည့္ အဖြဲ႕အစည္းတစ္ရပ္အျဖစ္ ရွိခဲ့သည္။ဒီမိုကေရစီခရီးကို ႏွင္ေနသည့္ ယေန႔လိုကာလမ်ိဳးတြင္လည္း ေရွးယခင္ကလို ျပဳမူ၊ က်င့္ႀကံ၊ လုပ္ေဆာင္ေနဖို႔ မသင့္ေတာ့သည့္ကာလ၊ ပုံရိပ္ဆိုးမ်ားကို ဖယ္ခြာရေတာ့မည့္ကာလဟု ဆိုခ်င္သည္။စစ္အစိုးရေခတ္၊ အာဏာရွင္အစိုးရေခတ္က အမည္ဆိုးမ်ားျဖင့္ ပုံပ်က္ကာ အမ်ားျပည္သူၾကား မ်က္ႏွာမရခဲ့ေသာ ရဲတပ္ဖြဲ႕ကို ယေန႔ကာလတြင္ လုပ္ေဆာင္ခ်က္ေကာင္းမ်ားျဖင့္ အမည္ေကာင္းျပန္လည္ေပၚ ထြန္းရန္ ႀကိဳးပမ္းၾကရမည္ျဖစ္သည္။

ယခု ဗစ္တိုးရီးယားအမႈႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲမလုပ္မီ ေရွ႕တစ္ရက္က ေဒၚေအာင္ဆန္းစုၾကည္သည္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္ အပါအဝင္ ရဲတပ္ဖြဲ႕ဝင္အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံကာ လမ္းၫႊန္ခ်က္မ်ားေပးခဲ့သည္။ထိုလမ္းၫႊန္ခ်က္ထဲတြင္ ရဲတပ္ဖြဲ႕ဝင္မ်ား စြမ္းေဆာင္ရည္ျမင့္မားေရး၊ ျပည္သူလူထု၏ လုံၿခဳံေရး၊ ေအးခ်မ္းေရးတို႔အတြက္ တာဝန္ရွိမႈ၊ ျပည္သူယုံၾကည္အားကိုးရသည့္ ရဲတပ္ဖြဲ႕ျဖစ္ေရး၊ ရာထူး၊ လုပ္ပိုင္ခြင့္တို႔အေပၚ အလြဲသုံးစားမျပဳေရးတို႔ကို လမ္းၫႊန္မွာၾကားခဲ့သည္။

ထိုသို႔လမ္းၫႊန္မွာၾကားရာတြင္ “ျပည္သူသည္ ရဲမ်ားကိုေၾကာက္႐ြံ႕ေနျခင္းမ်ိဳး မဟုတ္ဘဲ အားကိုးတန္ဖိုးထားျခင္းမ်ိဳးျဖစ္ေအာင္ လုပ္ရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သည္ ျပည္သူမ်ား လုံလုံၿခဳံၿခဳံေနႏိုင္ေအာင္၊ ရပ္႐ြာတည္ၿငိမ္ေအးခ်မ္းသာယာေရးအတြက္ လုပ္ေဆာင္ေနသည္ဟု ျပည္သူကျမင္လာၿပီဆိုလွ်င္ ေအာင္ျမင္ၿပီဟု ဆိုရမည္ျဖစ္ေၾကာင္း” ဟုလည္း ထည့္သြင္းေျပာဆိုခဲ့သည္။

ယခုကဲ့သို႔ အလားသ႑ာန္တူ မွာၾကားခ်က္တို႔ကို ေဒၚေအာင္ဆန္းစုၾကည္ က လြန္ခဲ့သည့္ ေလးႏွစ္ေက်ာ္ကာလျဖစ္သည့္ ၂၀၁၅ ခုႏွစ္ထဲတြင္လည္း တစ္ႀကိမ္ေျပာခဲ့ၿပီးျဖစ္သည္။

‘‘ဒီဝတ္စုံကို ဝတ္ဆင္ထားတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ေယာက္ကို ျမင္တာနဲ႔ ျပည္သူ႔စိတ္မွာ ဒါ ငါတို႔ရဲ႕ အားကိုးစရာျဖစ္တဲ့စိတ္ ျဖစ္ေပၚလာဖို႔။ဒီလိုရဲတပ္ဖြဲ႕မ်ိဳးျဖစ္လာရင္ ကေလးေလးကအစ ရဲႀကီးကိုျမင္ရင္ ငါတို႔လုံၿခဳံၿပီဆိုတဲ့ စိတ္ကို ကေလးကေနအစ ဟိုးလူႀကီးအထိ အားလုံးျဖစ္ေစခ်င္တယ္” ဟု ေျပာခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕စခန္းမ်ား၊ ရဲတပ္ဖြဲ႕ႏွင့္ဆက္ဆိုင္ေသာ ေနရာမ်ားတြင္ ျမန္မာ၊ အဂၤလိပ္ ႏွစ္ဘာသာျဖင့္ ေရးထိုးထားသည့္ စာသားတခ်ိဳ႕ကို ေတြ႕ရတတ္သည္။‘ကူညီပါရေစ’၊ ‘May I Help You’ ဆိုၿပီး ျဖစ္သည္။ယင္းစကားရပ္သည္ ေဒၚေအာင္ဆန္းစုၾကည္၏ လမ္းၫႊန္ခ်က္ထဲတြင္ ပါဝင္သည့္ ‘ျပည္သူသည္ ရဲမ်ားကို ေၾကာက္႐ြံ႕ေနျခင္းမ်ိဳးမဟုတ္ဘဲ အားကိုးတန္ဖိုးထားျခင္းမ်ိဳး ျဖစ္ေအာင္လုပ္ရမည္’၊ ‘ရဲတပ္ဖြဲ႕ဝင္တစ္ေယာက္ကို ျမင္တာနဲ႔ ျပည္သူ႔စိတ္မွာ ဒါ ငါတို႔ရဲ႕ အားကိုးစရာျဖစ္တဲ့စိတ္ ျဖစ္ေပၚလာဖို႔’ ဆိုသည့္ စကားရပ္မ်ားႏွင့္အညီျဖစ္သည္။

သည္ကေန႔ကာလ ‘ကူညီပါရေစ’ ဆိုသည့္ ဆိုင္းဘုတ္မ်ားကိုျမင္လွ်င္ သေရာ္ေလွာင္ေျပာင္သည့္ အၾကည့္အျမင္၊ အေျပာမ်ားသာ သက္ေရာက္လာၾကသည္။ထိုသည္ကို ေျပာင္းလဲရမည္ျဖစ္သည္။ထိုသို႔ေျပာင္းလဲရန္မွာ ကာယကံရွင္ျဖစ္သည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဘက္က ထိေရာက္ပီျပင္သည့္ လက္ေတြ႕ျပဳျပင္ေျပာင္းလဲေရးမ်ားဆီ ဦးတည္ၾကဖို႔ျဖစ္သည္။

ေခတ္ကာလႏွင့္ လိုက္ေလ်ာညီေထြသည့္ ျပဳျပင္ေျပာင္းလဲေရးဆီကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ ခြန္စိုက္၊ အားစိုက္လိုက္ပါဖို႔ လိုၿပီျဖစ္သည္။သို႔မွသာ ရဲတပ္ဖြဲ႕ႏွင့္ သက္ဆိုင္ရာေနရာမ်ားတြင္ မိမိတို႔ေတြ႕ျမင္ေနက်ျဖစ္သည့္ စာသားမ်ားသည္လည္း အဓိပၸာယ္ျပည့္ဝေနမည္ျဖစ္သည္။

ေဂ်ၿငိမ္း
ဒီဇင္ဘာ - ၂၃