【နိုင်ငံတကာဆောင်းပါး】အင်အားပြင်းထန် တိုက်ပွဲများအတွက် လက်နက်အသင့် မရှိသော အမေရိကန်စစ်တပ်

【နိုင်ငံတကာဆောင်းပါး】အင်အားပြင်းထန် တိုက်ပွဲများအတွက် လက်နက်အသင့် မရှိသော အမေရိကန်စစ်တပ်

အင်အားပြင်းထန်တဲ့ တိုက်ပွဲတွေဟာ သက်ရောက်မှုပြင်းထန်လွန်းတာကြောင့် မဖြစ်နိုင်ဘူးဟူသော အယူအဆကြောင့် စစ်တပ်ဆိုင်ရာ လက်နက်များကို ပြုပြင်မှု မပြုခြင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေကို ရရှိစေပါတယ်။ အမေရိကန်အနေနဲ့ အင်အားကြီးမားတဲ့ ရန်သူကို တိုက်ခိုက်ရပြီဆိုပါက မြေပြင်မှာ ထိခိုက်မှုတွေများနိုင်တာကြောင့် လက်နက်ပြုပြင်မှုတွေကို လုပ်ဆောင်ဖို့ အစီအစဉ် လိုအပ်နေပါတယ်။ 

အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးဟာ အင်အားမပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအတွက်သာ ရည်ရွယ်ပြီး ရှေ့တန်းနဲ့အဝေးမှာသာ ပြုပြင်မှုတွေပြုလုပ်နိုင်ပြီး ထိုအတွက်လည်း စာချုပ်များနဲ့ အပြင်လုပ်ငန်းတွေအပေါ်မှာ မှီခိုနေရတာဖြစ်ပါတယ်။ အမေရိကန်က အသာရနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုဟာလည်း အင်အားပြင်းထန်လာတဲ့အခါ အာမခံချက်မရှိတာ ဖြစ်ပါတယ်။ ရေတပ်က သယ်ယူပို့ဆောင်ရေးမူဝါဒကို အဆင့်မြှင့်တင်ခဲ့သော်လည်း ရှေ့တန်းနဲ့နီးကပ်နေတဲ့ ရေတပ်သားတွေအတွက် စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ပစိဖိတ်လိုဒေသမျိုးမှာ ကြီးမားတဲ့ ပဋိပက္ခတွေဖြစ်လာရင် အဓိကအနေနဲ့ လောင်စာနဲ့ ကျည်ဆံတွေသာ ထောက်ပံ့နိုင်မှာဖြစ်ပြီး ကျန်တာတွေကိုက အဆင့်မြှင့်တင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ပြုပြင်မှုများ မပြုလုပ်နိုင်ပါက ရေတပ်ဖွဲ့ဝင်များအနေနဲ့ တိုက်ပွဲပြန်ဝင်လို့ မရမှာဖြစ်ပါတယ်။ လွယ်ကူစွာ ပြန်လည်ပြုပြင်နိုင်တဲ့ လက်နက်ကိရိယာများဟာ အရှေ့အာရှမှာ စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရေတပ်များအတွက် အဓိက ဖြစ်ပါတယ်။ 

ယူကရိန်းဟာ ရုရှားနဲ့ ယှဉ်လိုက်ရင် စစ်ဘက်ဆိုင်ရာ အင်အားနည်းသော်လည်း ခံစစ်ကို ကောင်းစွာလုပ်ဆောင်နိုင်ပြီး အခုအခါမှာ တိုက်စစ်ဘက်ပါ ပြောင်းလဲနေပြီဖြစ်ပါတယ်။ ဥပမာတစ်ခုကတော့ ယူကရိန်းဟာ စက်ပြင်ဆရာတွေကို ရှေ့တန်းကို ပို့ဆောင်ပြီး ပြန်လည်ပြုပြင်ရေးစွမ်းရည်ကို မြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အနောက်နိုင်ငံနဲ့ ဆိုဗီယက်ခေတ်က ပိုလျှံနေတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး နေတိုးကနေ လှူဒါန်းပေးထားတဲ့ လက်နက်ကိရိယာတွေကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အမေရိကန်အတွက်ကတော့ လက်နက်စနစ်၊ ယာဉ်များနဲ့ ကိရိယာများဟာ ရှုပ်ထွေးပြီး စစ်မြေပြင်မှာ ပြုပြင်မှု မလုပ်နိုင်တာဖြစ်ပါတယ်။ ခေတ်မီနည်းပညာများရှိသည့်တိုင် အချို့သော ကျဉ်ကာကားတွေနဲ့ လျှပ်စစ်ပစ္စည်းတွေအတွက် တစ်ပိုင်းလျှပ်ကူးချပ်စ်တွေကို ရှုပ်ထွေးလှတဲ့ အခြေအနေမှာ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အထူးအဆင့်မြင့် စစ်ဘက်ဆိုင်ရာ စနစ်တွေဟာ ကုန်ကျစရိတ်ကြီးမားတဲ့အပြင် ဒီစနစ်တွေရဲ့ တန်ဖိုးနဲ့ ထိခိုက်လွယ်မှုအကြားမှာ ပြဿနာတွေ ရှိနေတာဖြစ်ပါတယ်။ ကုန်ကျစရိတ်နည်းပါးတဲ့ သင်္ဘောဖျက်ဒုံးကျည်တွေဟာ ရုရှားရဲ့ ထိပ်တန်းလက်နက်တွေကို ဖျက်ဆီးနိုင်တာကို ယူကရိန်းက သက်သေပြနိုင်ခဲ့ပါတယ်။ ရုရှားရဲ့ တင့်ကားဖျက် လက်နက်တွေဟာလည်း ဂျာမန်နဲ့အမေရိကန်တို့ရဲ့ ခြေမြန်တိုက်ခိုက်ရေးယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ထို့အပြင် ရုရှားရဲ့ လျှပ်စစ်စစ်ပွဲစွမ်းရည်တွေဟာ ချိန်မှတ်တိကျတဲ့ လက်နက်တွေရဲ့ သက်ရောက်မှုကို လျှော့ချနိုင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ နည်းပညာမြင့်စနစ်တွေရဲ့ ထိခိုက်လွယ်မှုတွေကို ဖော်ထုတ်ဖို့ အမျိုးမျိုး ကြိုးပမ်းလာကြပါတယ်။ ဒီလိုလုပ်ရာမှာ ပစ်မှတ်တိကျတဲ့ ဂျီပီအက်စ် လမ်းညွှန်တွေကို အဟန့်အတားဖြစ်စေခြင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေမှာ ဖျက်ဆီးရေးကုဒ်များ ထည့်သွင်းခြင်းတို့ ပါဝင်ပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ များစွာလှသော ပစ္စည်းကိရိယာတွေကို ရွှေ့ပြောင်းဖို့နဲ့ လိုအပ်လာတဲ့အချိန်မှာ အချိန်ကိုက် ယာဉ်များ၊ အစိတ်အပိုင်းများ တိကျစွာပို့ဆောင်ပေးဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။ လေတပ်နဲ့ရေတပ်နှစ်ခုစလုံးက တရုတ်ရဲ့ တိုက်ချင်းပစ်နဲ့ အသံထက်မြန်တဲ့ ဒုံးကျည်များ၊ ဆိုက်ဘာတိုက်ခိုက်မှုများနဲ့ အာကာသတိုက်ခိုက်ရေးလက်နက်များ အစရှိသဖြင့် စိန်ခေါ်မှုအသီးသီး ရင်ဆိုင်နေရပါတယ်။ ကြည်းတပ်နဲ့ ရေတပ်တို့ဟာ ဆက်လက်လည်ပတ်နိုင်ရေးအတွက် လွယ်ကူစွာ ပြင်ဆင်နိုင်သော လက်နက်များ ထုတ်လုပ်ရေးကို အာရုံစိုက်ဖို့လိုပါတယ်။ အနာဂတ်လက်နက်တိုးတက်မှုနဲ့ ဝယ်ယူမှုတွေမှာ ဒီအချက်ကို အဓိကဦးစားပေးအဖြစ် စဉ်းစားသင့်ပါတယ်။

အာဖဂန်လေတပ် ပြိုလဲသွားရတဲ့ အဓိက အကြောင်းအရင်းတစ်ခုကတော့ အမေရိကန်တွေ လက်ဖယ်သွားလို့ ဖြစ်ပါတယ်။ အမေရိကန်တွေ ထွက်ခွာသွားချိန်မှာ အာဖဂန်လေတပ်ပြိုလဲပြီး ကြည်းတပ်အတွက်လည်း ယုံကြည်မှုဆုံးရှုံးစေခဲ့ပါတယ်။ သူတို့ဟာ ထောက်ပံ့မှုတွေ၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးတွေနဲ့ လေကြောင်းအထောက်အပံ့တွေ မရရှိတော့ဘဲ ပိုဆိုးစေတာကတော့ အမေရိကန်တွေရဲ့ လက်ထက်မှာ အာဖဂန်တွေဟာ ဆိုဗီယက်ခေတ် ဂျက်လေယာဉ်တွေကနေ ပိုရှုပ်ထွေးပြီး ထိန်းသိမ်းဖို့ ပိုခက်ခဲတဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို ပြောင်းလဲခဲ့လို့ပဲ ဖြစ်ပါတယ်။ အင်အားပြင်းထန်တဲ့ တိုက်ပွဲတွေမှာ အမေရိကန်စစ်တပ်ဟာလည်း ဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ အသစ်အသစ်သော စနစ်တွေမှာ ဉာဏပိုင်ဆိုင်ခွင့်ကို ကုမ္ပဏီတွေကပဲ ပိုင်ဆိုင်ထားတာကြောင့် အချို့သော ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ပံ့တဲ့ကုမ္ပဏီတွေကသာ နားလည်လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

ရေတပ်အတွက် အသစ်ထုတ်လုပ်လိုက်တဲ့ ပူးတွဲပေါ့ပါးသောမဟာဗျူဟာကျယာဉ်ဟာ ပေါင် ၂သောင်း အလေးချိန်ရှိတာကြောင့် အလွယ်တကူ မပြောင်းရွှေ့နိုင်ဘဲ ကြီးမားတဲ့လေယာဉ်ကြီးတွေနဲ့သာ သယ်ယူနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် ဒီပေါ့ပါးသော မဟာဗျူဟာကျ ယာဉ်တွေဟာ ထိန်းသိမ်းဖို့ကလည်း ခက်ခဲပါတယ်။ စစ်ဘက်ဆိုင်ရာ စက်ပိုင်းအင်ဂျင်နီယာတွေဟာ ထုတ်လုပ်သူတွေဆီက ကိုယ်စားလှယ်တွေ မပါဘဲ ဒီယာဉ်တွေကို မပြင်ဆင်နိုင်ဘူးလို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါအစမှာ အမေရိကန် ကားထုတ်လုပ်မှုဟာ တစ်ပိုင်းလျှပ်ကူးပြတ်တောက်မှုကြောင့် ၉၃ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ အစပိုင်းမှာ မော်တော်ယာဉ်စက်မှုနယ်ပယ်ဟာ အမှာစာတွေကို လျှော့ချနိုင်ခဲ့သော်လည်း အမှာစာတွေ ပြန်လည်မြှင့်တင်ဖို့ လုပ်တဲ့အချိန်မှာ အခြားနယ်ပယ်တွေက ချစ်ပ်ပြားတွေ မှာယူမှုမှာ တန်းစီနေပြီဖြစ်ပါတယ်။ ပိုဆိုးစေတာကတော့ ကမ္ဘာ့အဆင့်မြင့် ချစ်ပ်ပြားများရဲ့ ၉၀ ရာခိုင်နှုန်းကို ထိုင်ဝမ်ကုမ္ပဏီတစ်ခုတည်းကပဲ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ မိုက်ခရိုချစ်ပ်ပြားများကို မှီခိုတဲ့ လက်နက်တွေအပေါ်မှာ မှီခိုမှုကနေ ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့အတွက် အမေရိကန်အနေနဲ့ နည်းပညာပေါ်မှာ မှီခိုမှုကို လျှော့ချရမှာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဆိုဗီယက်ထုတ် တင့်ကားတွေဟာ ဒီဇိုင်းပိုင်းမှာ အခြေခံကျပြီး ထိန်းသိမ်း ပြုပြင်ရလွယ်ကူပါတယ်။ သို့သော်လည်း ဒီတင့်ကားတွေဟာ ကျည်ကာအင်အားကောင်းမွန်ပြီး သေနတ်ပစ်နှုန်းလည်း ပြင်းထန်ပါတယ်။ ဒီတင့်ကားတွေကို တန်ပြန်ဖို့ ဂျာမနီက ထုတ်လုပ်လိုက်တဲ့ တင့်ကားတွေက နည်းပညာအရ အဆင့်မြင့်ပေမဲ့ ရှုပ်ထွေးလွန်းပြီး ထုတ်လုပ်ဖို့လည်း အချိန်ကြာသလို မကြာခဏပျက်ခြင်းများလည်း ဖြစ်တတ်ပြီး ခက်ခဲတဲ့စစ်မြေပြင်မှာ အားမကိုးရနိုင်ဖြစ်လာပါတယ်။ ဒါကြောင့် ရုရှားထုတ် တင့်ကားတွေလိုမျိုး ရိုးရှင်းတဲ့တင့်ကားတွေရှိခြင်းက ရှုပ်ထွေးတဲ့တင့်ကားတွေထက် တစ်ပန်းသာပါတယ်။ နည်းပညာနဲ့ ရိုးရှင်းတဲ့ကိရိယာလက်နက်တွေကို ပေါင်းစည်းထားခြင်းဟာ စစ်ပွဲအတွင်း လက်နက်ကိရိယာကို ဆုံးရှုံးလိုက်ပါကလည်း တန်ဖိုးနည်းပါးသလို အလွယ်တကူပြုပြင်နိုင်တဲ့ စနစ်ကြောင့်လည်း အကျိုးရစေပါတယ်။

သို့သော်လည်း ကြည်းတပ်ဖြစ်စေ ရေတပ်ဖြစ်စေ ခေတ်နောက်ကျတဲ့ လက်နက်တွေကိုတော့ သုံးစွဲမှာတော့ မဟုတ်ပါဘူး။ မည်သို့ပင် ဖြစ်စေ အဓိက အာရုံစိုက်ရမယ့်အချက်ကတော့ ရှုပ်ထွေးမှုနည်းပါးဖို့၊ အကြမ်းခံဖို့နဲ့ စိန်ခေါ်မှုများပြားပြီး အရင်းအမြစ်နည်းပါးတဲ့ ပတ်ဝန်းကျင်မှာ ပျက်စီးနိုင်ချေ နည်းပါးဖို့ပဲ ဖြစ်ပါတယ်။

Linko

Ref:Nationalinterest|The U.S. Military is Unequipped for High-Intensity Combat