【နိုင်ငံတကာဆောင်းပါး】လူမည်းနဲ့လူညို အသိုင်းအဝိုင်းများအတွက် အဆိုးရွားဆုံးအန္တရာယ်

【နိုင်ငံတကာဆောင်းပါး】လူမည်းနဲ့လူညို အသိုင်းအဝိုင်းများအတွက် အဆိုးရွားဆုံးအန္တရာယ်

အမေရိကန်မှာ မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်း ပြဿနာဟာ လူဖြူတွေနဲ့ အများဆုံး သက်ဆိုင်နေတယ်ဆိုပေမဲ့ လူမည်းနဲ့လူညိုအသိုက်အ ဝန်းတွေမှာ မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုများဟာ မြင့်တက်လာပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရကတော့ အန္တရာယ်ကို လျှော့ချပေးနိုင်မဲ့ မဟာဗျူဟာများကို အကောင်အထည်ဖော်ရာမှာ နှေးကွေးလျက်ရှိပြီး ဒီပြဿနာဟာ လူမည်းနဲ့ လူညို များအပေါ် အဆိုးရွားဆုံး အန္တရာယ်ဖြစ်စေမည်လားဆိုတဲ့ စိုးရိမ်မှုကို ဖြစ်ပေါ်စေနေပါတယ်။ 

မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်း ပြဿနာဟာ ၁၉၉၀ ခုနှစ်များကတည်းက စတင်ခဲ့ပြီး နာကျင်မှုသက်သာစေတဲ့ ဆေးဝါးများဟာ စွဲလမ်းမှုဖြစ်စေတယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။ ဒီဆေးဝါးတွေကို လူငယ်တွေနဲ့ လူကြီးတွေကြားထဲ လွယ်လွယ်ကူကူ ရနေတာကြောင့် စွဲလမ်းမှုဟာ မြင့်တက်လာပြီး ဆေးအလွန်အကျွံသုံးစွဲခြင်းအထိ ဖြစ်ခဲ့ပါတယ်။ 

အာဏာပိုင်တွေဟာ သုံးစွဲသူတွေကို ဖမ်းဆီးမည့်အစား ဆေးဝါးများကို အလွဲသုံးစားလုပ်မည့်သူများအတွက် ဝယ်ယူခွင့်မရရှိရန် ဆေးရောင်းသူများနှင့် ဆေးပညာရှင်များကို တားဆီးကန့်သတ်ခြင်းများ လုပ်ခဲ့ပါတယ်။ ထိုကဲ့သို့ ရောင်းချခြင်းများ ပြုလုပ်တဲ့ ဆေးပညာရှင်များက အရေးယူခံနေရချိန်မှာ ဆေးဝါးကုမ္ပဏီများကတော့ ပိုပြီးစွဲလမ်းစေတဲ့ ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိပါတယ်။ ထည့်သွင်းစဉ်းစားခြင်းမရှိတာကတော့ တရားဝင် ဝယ်ယူလို့မရတဲ့အခါမှာ မှောင်ခိုဈေးကွက်တွေဘက်ကို လှည့်လာကြတဲ့ အချက်ဖြစ်ပါတယ်။ 

အမေရိကန်ဟာ စားသုံးသူကာကွယ်ရေးထက် အပြစ်ပေးရေးကို ဦးစားပေးတာကြောင့် နှစ်ပေါင်း ၁၀၀ ကျော်သည့်တိုင် မူးယစ်ဆေးတရားမဝင်ဈေးကွက်တွေ ရှိနေတာဖြစ်ပါတယ်။ ဒီလိုမူးယစ်ဆေးသုံးစွဲသူတွေကို ထောင်ချပြီး သူတို့ဘဝအပေါ် ဆိုးကျိုးသက်ရောက်မှုတွေကို မကြည့်ခဲ့ပါဘူး။ သို့သော်လည်း ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေထဲမှာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်အစောပိုင်းမှာတော့ အများစုဟာ မူးယစ်ဆေးအစား အကိုက်အခဲပျောက်ဆေးတွေကို သုံးလာကြပါတယ်။ ဒါကြောင့်လည်း ရောင်းသူအသစ်တွေပေါ်လာပြီး ယှဉ်ပြိုင်မှုပိုပြင်းထန်လာကာ မူးယစ်ဆေးရောင်းသူတွေက ပိုမိုလွယ်ကူတဲ့ ဆေးဝါးတွေ ထုတ်လုပ်ရောင်းချလာကြပါတယ်။

ထိုအခါမှာ မူးယစ်ဆေးဈေးကွက်ဟာ လူမည်းနဲ့ လူညိုအသိုက်အဝန်းများကြားမှာ အခြေကျလာပြီး မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်းဟာလည်း မြင့်တက်လာပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို စွဲလမ်းခြင်းကနေ ထိုဆေးဝါးတွေကို အလွန်အကျွံသုံးစွဲခြင်း ပြဿနာအထိ မြင့်တက်လာတဲ့အခါ ကျန်းမာရေးတာဝန်ရှိသူတွေဟာ အပြစ်ပေးခြင်းထက် ကျန်းမာရေးစောင့်ရှောက်မှု ချည်းကပ်မှုဆီ ပြောင်းလဲလာပါတယ်။ ထိုအထဲမှာ ကုသမှုတွေ တိုးမြှင့်ပေးဖို့နဲ့ ဆေးဝါးအကူအညီတွေ ရရှိဖို့ ပါဝင်ပါတယ်။ ဒီမူဝါဒတွေဟာ လူဖြူတွေအတွက် အကျိုးသက်ရောက်မှု ပိုများပြီး လူဖြူအသိုက်အဝန်းကြားမှာ အောင်မြင်မှု ပိုရနေတာကို တွေ့ရပါတယ်။ 

အများပြည်သူကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ အန္တရာယ်လျှော့ချမယ့် မဟာဗျူဟာများကို စတင်အသုံးပြုလာကြပါတယ်။ အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲခြင်းကို လျှော့ချနိုင်မဲ့ နာလိုဇုန်းလို့ခေါ်တဲ့ ဆေးတစ်မျိုးကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေးနဲ့ အသုံးပြုပြီးသား ဆေးထိုး အပ်တွေကို အသစ်တစ်ခုနဲ့ လဲလှယ်နိုင်ရေး အစီအစဉ်တွေကို လုပ်ဆောင်လာကြပါတယ်။ ဒီအစီအစဉ်တွေဟာ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေပေမဲ့ လက်ရှိမှာ အကောင်အထည်ဖော်နေဆဲ ဖြစ်ပါတယ်။ 

ဒီလိုမျိုး နူးညံ့ပျော့ပျောင်းတဲ့ မူဝါဒတွေဟာ မညီမျှမှုတွေကို ဖြစ်စေပါတယ်။  အကိုက်အခဲပျောက်ဆေးတွေကို အသုံးပြုတဲ့ လူဖြူတွေဟာ ကန့်သတ်ထားတဲ့ဈေးကွက်နဲ့ အပြစ်ပေးခြင်း မူဝါဒအရ အန္တရာယ်တွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ သို့သော်လည်း အပြစ်ပေးခြင်းကနေ အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းကို ချည်းကပ်လိုက်တဲ့အခါ မပြည့်စုံမှုတွေကြောင့် ကွဲပြားခြားနားချက်တွေကို များစွာ ဖြစ်စေပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို အသုံးပြုတဲ့ လူဖြူတွေကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေကို လျှော့ချနိုင်တယ်ဆိုပေမဲ့ လူမည်းတွေနဲ့ လူညိုအသိုက်အဝန်းတွေအတွက်တော့ မတူညီတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

ဆေးစွဲနေတဲ့ လူမည်းတွေနဲ့ လူညိုအသိုက်အဝန်းတွေဟာ များသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေထဲမှာ မပါဝင်ကြဘဲ ကန့်သတ်ထားတဲ့ဈေးကွက်တွေမှာ အပြစ်ဒဏ်ခံရခြင်း နည်းလမ်းအတိုင်းပဲ သွားနေရတာများတာကြောင့် အသစ်အသစ်သော ဆေးတွေ ပေါ်ပေါက်လာချိန်မှာ ပိုပြီး အန္တရာယ်များလာပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာတိုင် လူမည်းများနဲ့လူညိုအသိုက်အဝန်းများမှာ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဟာ ကျန်းမာရေးစောင့်ရှောက်မှုထက် အပြစ်ပေးခြင်းကိုသာ အသားပေးပြီး အန္တရာယ်လျှော့ချရေးဝန်ဆောင်မှုတွေကို လက်လှမ်းမမီ ဖြစ်စေခဲ့ပါတယ်။ 

ထိုပုံစံအတိုင်းဆက်သွားလျှင် အာဏာပိုင်များအနေဖြင့် လူဖြူအသိုက်အဝန်းများကြားမှာ ထိုကျန်းမာရေးပြဿနာကို ထိန်းချုပ်၍ ရသွားပြီး အများပြည်သူအမြင်မှ ထိုပြဿနာဟာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးပြဿနာက အများပြည်သူအာရုံစိုက်မှုကနေ ပျောက်ကွယ်သွားရင် ကျန်ရှိနေခဲ့တဲ့ လူမည်းနဲ့လူညို ဆေးသုံးစွဲသူတွေဟာ စိုးရိမ်ဖွယ် ခြိမ်းခြောက်မှုဖြစ်လာပြီး မူးယစ်ဆေးဖိနှိပ်မှုစစ်ပွဲဆိုပြီး လူမျိုးရေးခွဲခြားမှုအသစ်ကို ပြန်လည်ခံစားရမှာ ဖြစ်ပါတယ်။ 

ဒီလိုဖြစ်ရပ်မျိုးဟာ သမိုင်းမှာလည်း ဖြစ်ပျက်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ရပ်တန့်ချင်ရင် မူးယစ်ဆေးကြောင့်ဖြစ်ပေါ်လာတဲ့ အန္တရာယ်လျှော့ချေရေးပြဿနာကို ဖြေရှင်းရာမှာ မူဝါဒအားလုံးဟာ လူမျိုးရေးခွဲခြားမှုမရှိဘဲ လူဖြူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသီးသန့်မဟုတ်ဘဲ အားလုံးအတွက် ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါတယ်။ 

ထောက်ပံ့ရေးကွင်းဆက်ဘက်မှာ အာဏာပိုင်တွေအနေနဲ့ အပြစ်ပေးခြင်း နည်းလမ်းအစား စားသုံးသူကာကွယ်ရေးနဲ့ လုံခြုံသောရောင်းလိုအားဖြစ်အောင် အာရုံစိုက်ဖို့လိုပါတယ်။ ဆိုလိုတာကတော့ ပစ္စည်းတစ်ခုချင်းစီကို စီစစ်ခြင်းအပြင် တရားဝင်ရောင်းဝယ်ခြင်းအတွက် စည်းမျဉ်းများချမှတ်ပြီး စနစ်ပြန်လည်ပြုပြင်ရေးကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ဝယ်လိုအားဘက်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုကို အဆင့်မြှင့်တင်ပြီး ဆေးသုံးစွဲသူများအပါအဝင် အားလုံးဟာ သက်ရောက်မှုရှိသော ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်ပြီး အိမ်၊ အစားအစာနဲ့ လူမှုရေးထောက်ပံ့ရေးတွေလို အခြေခံအရင်းအမြစ်တွေကိုလည်း ရရှိနိုင်အောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ရင်းနှီးမြှုပ်နှံရာမှာလည်း လူမည်းနဲ့လူညိုအသိုက်အဝန်းတွေအပေါ် အထူးအာရုံစိုက်ရမှာဖြစ်ပါတယ်။ မူဝါဒများကို အသားအရောင်မခွဲခြားအောင် ပြောင်းလဲခြင်းလုပ်ရုံတင်မကဘဲ အရင်းအမြစ်များကို ခွဲခြားမှုမရှိစေရန် ပြန်လည်ဖြန့်ဖြူးခြင်းဖြင့် အသားအရောင်ရှိအသိုက်အဝန်းများကြား ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် သေဆုံးမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ မူဝါဒအသစ်များချမှတ်ရာတွင်လည်း လူမျိုးရေးပေါ်လိုက်ပြီး ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ အခုအခါမှာ အမေရိကန် ကိုးပြည်နယ်ဟာ ဆေးဝါးနဲ့အခြားမူဝါဒများအတွက် လူမျိုးရေးအရသက်ရောက်မှုကို စစ်ဆေးနိုင်မယ့် ဥပဒေများကို အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ 

အမေရိကန်အနေနဲ့ ထိုပန်းတိုင်များကို လှမ်းချီရန် အချိန်မနောက်ကျသေးဘဲ နှစ်ပေါင်းများစွာ မိမိပြည်သူများအပေါ် ဆင်နွှဲလာသော မူးယစ်ဆေးစစ်ပွဲရဲ့ ပျက်စီးမှုများကို ပြန်လည်ပြုပြင်နိုင်ပါသေးတယ်။ သို့သော်လည်း ဒီလိုလုပ်နိုင်ဖို့ရာ ပြဿနာကို အသိအမှတ်ပြုရန်လိုအပ်ပြီး မူးယစ်ဆေးကဲ့သို့ပင် လူမျိုးရေးကလည်း သော့ချက်ဖြစ်နေကြောင်းကို လက်ခံရန် လိုအပ်ပါတယ်။ 

Linko

Ref: Will the Opioid Crisis Deliver Its Worst Harms to Black and Brown People?|Thenation