【နိုင်ငံတကာဆောင်းပါး】ရှီ၏တတိယသက်တမ်းနှင့် ဥရောပဆက်ဆံရေး

【နိုင်ငံတကာဆောင်းပါး】ရှီ၏တတိယသက်တမ်းနှင့် ဥရောပဆက်ဆံရေး

၂၀၂၃ခုနှစ်မတ်လတွင် ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ ၁၄ ကြိမ်မြောက်တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက်ပထမအကြိမ် အစည်းအဝေး (NPC)နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အစည်းအဝေးများအပြီးတွင် လက်ရှိတရုတ်သမ္မတရှီကျင့်ဖျင်ကို တတိယသက်တမ်းအတွက် ရွေးချယ်ခဲ့သလို စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း ဆက်ရွေးချယ်ခဲ့သည်။ ထိုရွေးချယ်မှုနှင့်အတူ ရှီ၏ တတိယသက်တမ်းတွင် အစိုးရအဖွဲ့အတွင်း တာဝန်ယူမည့်သူများကို ရွေးချယ်ခဲ့ရာ ဝန်ကြီးချုပ်အဖြစ် လီချန်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ချင်ကန်း၊ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကျောက်လဲ့ကျီ၊ ဒုတိယသမ္မတအဖြစ်ဟန်ကျန်းတို့ဖြစ်လာခဲ့သည်။

ရှီတာဝန်ယူခဲ့သည့် သက်တမ်းနှစ်ဆက်အတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ထွန်းပေါက်လာ ခဲ့ သည့် တရုတ်နိုင်ငံ၏ ၅ နှစ်တစ်ခါ ဦးဆောင်မှုရွေးချယ်ခြင်းကို ယခုဆယ်စုနှစ်ပိုင်းတွင် ကမ္ဘာက ပိုမိုစောင့်ကြည့် လာခဲ့သည်။လူပေါင်းသန်းချီသေဆုံးခဲ့သည့် ကိုဗစ်ကာလအတွင်း တရုတ်၏ ကူးစက်ရောဂါအပေါ် ကိုင်တွယ်မှု ကြောင့် ကိုဗစ်လျော့ကျလာချိန်တွင် တရုတ်စီးပွားရေးနာလန်ထမှုက အခြားကမ္ဘာ့နိုင်ငံများထက် ပိုမိုလျှင်မြန် လာ ခဲ့သည်။ ထို့ပြင် ၂၀၂၂ခုနှစ် ကုန်ဆုံးခါနီး တရုတ်၏ကိုဗစ်မူဝါဒအသစ်ကြောင့် ပြင်ပကမ္ဘာ့နှင့် တရုတ်ဆက် သွယ်မှု ကို ပြန်ဖွင့်ခဲ့ရာ ရပ်ဆိုင်းထားရလုနီးပါး ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်မှုမှာ ကမ္ဘာ့နိုင်ငံများအတွက် အရေးပါလာသည်။

ယခုနှစ်သည့်တရုတ်နိုင်ငံကို ဦးဆောင်နေသည့် တရုတ်ကွန်မြူနစ်ပါတီဖွဲ့စည်းမှု နှစ်တစ်ရာကျော်သည့် ကာလဖြစ်ပြီး ရှီကျင့်ဖျင်၏ တတိယသက်တမ်းနှင့်အတူ တည်ငြိမ်သည့် ဦးဆောင်မှုဖြင့်‌ တရုတ်နိုင်ငံကို ဒုတိယ နှစ်တစ်ရာကို ကူးပြောင်းဝင်ရောက်သည့်ကာလဖြစ်လေရာ စိတ်ဝင်စားဖွယ်ရာ ကဏ္ဍစုံ ဆောင်ရွက်မှုများကို မြင် တွေ့ရသည်။ ထိုထဲ ထူးခြားသည်က တရုတ်နှင့် ဥရောပဆက်ဆံရေးဖြစ်သည်။ ရှီ၏တတိယသက်တမ်းအစ မတ် လနောက်ပိုင်း တရုတ်နိုင်ငံသို့ နိုင်ငံပေါင်းများစွာမှ နိုင်ငံရေးအကြီးအကဲနှင့်ကုမ္ပဏီအဆင့်မြင့်အရာရှိများ ခပ်စိပ် စိပ်လာရောက်ခဲ့သည်ကိုတွေ့ရသည်။ ထိုသည်မှာ တည်ငြိမ်သော နိုင်ငံရေးဦးဆောင်မှုနှင့် တရုတ်နိုင်ငံ၏ အရေးပါ မှုကို တွေ့မြင်သွား၍ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုပိုမိုကောင်းမွန်စွာရင်ဆိုင်နိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုခြင်းကြောင့်ပင်ဖြစ်လေသည်။

ရှီ၏တတိယသက်တမ်းအစဖြစ်သည့် မတ်လတွင် ရုရှားသို့  သွားရောက်ခဲ့ပြီး ယခုမတ်လကုန်တွင် ကျင်းပခဲ့သည့် ဘိုအာညီလာခံသို့ စပိန်ဝန်ကြီးချုပ်ဆန်းချက်ဇ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့လာရောက်ခဲ့သည်။ လာမည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့တွင် ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် နေတိုးအဖွဲ့ဝင် စပိန်နိုင်ငံဝန်ကြီးချုပ်၏ တရုတ်သို့ တရားဝင်ခရီးစဉ်က ဥရောပတွင် ဖြစ်နေသည့် ယူကရိန်းစစ်ပွဲတွင် တရုတ်၏ ကြားဝင်နိုင်သည့် အခန်းကဏ္ဍကို ဆွေးနွေးဖို့ရာများကြောင်း သုံးသပ်ကြသည်။ သို့သော် စပိန်ဝန်ကြီးချုပ် ၏ခရီး စဉ်တွင် စီးပွားရေးလုပ်ငန်းရှင်များလည်းပါဝင်လာခဲ့ရာ စပိန်နှင့် တရုတ်ကြား စီးပွားရေးဆက်ဆံမှုတိုးမြှင့်ရန်မှာ  အဓိက ဖြစ်နေပုံရသည်။စပိန်ဝန်ကြီးချုပ်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံမှုတွင်  ရှီက စပိန် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ပိုမို ကျယ်ပြန့်သော ဈေးကွက်များနှင့် ပိုမို များပြားသော ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကို ဖန်တီးပေးမည်ဟု ပြောခဲ့သည်ကိုထုတ်ပြန်ခဲ့ရာ ရှီ၏ပြောစကားက တရုတ်နိုင်ငံအပေါ် ဥရောပနိုင်ငံများ၏ အာရုံစိုက်မှုကို ထင်ဟပ်နေပေလေသည်။

ပို့အော်ညီလာခံအပြီး ဧပြီလဆန်း ၅ ရက်တွင် ပြင်သစ်နိုင်ငံသမ္မတ အီမန်နူရယ်လ်မက်ခရွန် တရုတ်သို့ ၃ ရက်တာခရီးလာရောက်ခဲ့ပြီး ထို့နောက် ဥရောပသမဂ္ဂကော်မတီဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေး အဆင့်မြင့်ကိုယ်စားလှယ်ဂျိုးဇက်ဘော်ရယ်လ်၊  အီတလီနိုင်ငံဝန်ကြီးချုပ် ဂျော်ဂျီရာ မယ်လိုနီတို့သည်လည်း တရုတ် သို့ ဆက်တိုက်လာဖို့ရှိလေရာ တရုတ်နှင့် ဥရောပဆက်ဆံရေးမှာ သိသာထင် ရှားစွာတိုးမြင့်လာနေသည်ကိုတွေ့ရသည်။

ဧပြီ ၅ ရက်မှာ ၇ ရက်ထိ သုံးရက်တာ တရားဝင်အလည်အပတ်လာရောက်သည့် ပြင်သစ်သမ္မတ၏ခရီး စဉ်တွင် ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ယန်ပီယာရက်ဖာရင်၊ ပြင်သစ် အခြေခံ ဥပဒေတရားရုံး ဥက္ကဋ္ဌ လောရင့် ဖာ ဘီးယပ်၊ ပြင်သစ်ဝန်ကြီး အများအပြား၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ၆၀ ကျော်၊ ယဉ် ကျေးမှု ကိုယ်စားလှယ် ၂၀ ကျော်တို့ လိုက်ပါလာခဲ့ရာ ဥရောပမျက်နှာစာတွင် နေရာပြန်ရရန် ကြိုးစားနေသည့် ပြင်သစ်အနေဖြင့် တရုတ်ခရီးစဉ်အပေါ် စီးပွားရေး၊နိုင်ငံရေးအရမည်မျှ အလေးထားနေသည်ကို မြင်တွေ့ရသည်။

တရုတ်ဘက်မှ ထုတ်ပြန်ချက်များအရဆိုလျှင် မက်ခရွန်၏ ခရီးစဉ်အတွင်း တရုတ်သမ္မတသည် အနာဂတ် ၂ နိုင်ငံ ဆက်ဆံရေးတိုးတက်ရေး၊ နယ်ပယ်အသီးသီးတွင် တရုတ်-ပြင်သစ်၊ တရုတ်-ဥရောပသမဂ္ဂ ပူးပေါင်းဆောင် ရွက်ရေး ပိုမိုနက်ရှိုင်းစေရေး၊ အဓိကကျသော ဒေသဆိုင်ရာနှင့်နိုင်ငံတကာ ပြဿနာများကို နက်နက်ရှိုင်းရှိုင်း အမြင်ချင်း ဖလှယ်ရေး စသည်တို့ကိုဆွေးနွေးရန် မက်ခရွန်ကို တွေ့ဆုံမည်ဟု ဆိုလေရာ လိပ်ခဲတည်းလည်း ယူကရိန်းအရေးသည်လည်း ထိပ်ဆုံးမှပါဝင်မည်ဖြစ်လေသည်။

လတ်တလောနှစ်ပိုင်းတွင် တရုတ်-ဥရောပ၏ နိုင်ငံရေး၊ သံတမန်ဆက်ဆံရေးတို့တွင် အတက်အကျများ ရှိခဲ့သော်လည်း ဥရောပသမဂ္ဂနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် ဆုတ်ယုတ်မှုမရှိ၊ ဆက်လက် တိုး တက်နေဆဲ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် အီးယူ၏ အကြီးဆုံးကုန် သွယ်ဖက် အဖြစ် နှစ်နှစ်ဆက်တိုက် ရပ်တည်နေခဲ့သည်။ တရုတ်-ဥရောပကုန်သွယ်ရေးသည် ဆက်တိုက်တိုးတက်ခဲ့ပြီး နေ့စဉ်ပျမ်းမျှ ပို့ကုန်သွင်းကုန်ပမာဏ ယူရို ၂ ဘီလီယံကျော် ရှိလေသည်။

ယခုလာရောက်သည့် သမ္မတမက်ခရွန်၏ ပြင်သစ်နိုင်ငံနှင့် ကုန်သွယ်ရေးဆိုလျှင် နှစ်နိုင်ငံကုန်စည် ကုန် သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် ယူရို ၁၀၀ ဘီလီယံ ဖိုးကိုပထမဆုံးအကြိမ် ကျော်လွန်သွားပြီး ယူရို ၁၀၂.၈ ဘီလီ ယံသို့ရောက်ခဲ့ကာ  ယခင်နှစ်ကထက် တိုးတက်မှု ၁၄.၆ ရာခိုင်နှုန်းတိုးလာကြောင်းဆိုထားသည်။ ဘိုအော်ညီ လာခံသို့ တက်ရောက်သည့်  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဒါရိုက်တာချုပ် Kristalina Georgievaက  ကလည်း တရုတ်နိုင်ငံစီးပွားရေးပြန်လည်ဦးမော့လာမှုသည် တည်ငြိမ်လျက်ရှိပြီးဖွံ့ဖြိုးတိုးတက်မှု အားကောင်း ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံစီးပွားရေးသည် ကမ္ဘာ့စီးပွားရေးအပေါ် အကျိုးထမ်းဆောင်မှုနှုန်းသည် သုံးပုံတစ်ပုံအထိသို့မဟုတ် ကျော်လွန်မည်ဟုခန့်မှန်းကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် မတ်လ ၂၉ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်သတင်းမီဒီယာဖြစ်သည့် China Media Group သတင်းဝက်ဘ်ဆိုက်တွင် တရုတ်-ဥရောပဆက် ဆံရေးနှင့် ပတ်သက်ပြီး “ဒွိဟအတွေးအခေါ်ကို စွန့်လွှတ်ပါက တရုတ်-ဥရောပဆက်ဆံရေး တိုးတက်ကောင်းမွန် လာမည်ဟု မျှော်လင့်ရကြောင်း”ဖော်ပြခဲ့သည်။ထိုဖော်ပြမှုတွင်  ချစ်ကြည်ရင်းနှီးမှုသည် ဥရောပအပေါ်ထားရှိ သော တရုတ်နိုင်ငံ မူဝါဒ၏ အဓိကအချက်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုသည် ဥရောပအပေါ်ထားရှိသော တရုတ် နိုင်ငံ မူဝါဒ၏ အထွေထွေရည်မှန်းချက် ဖြစ်သည်။ ဥရောပ ခေါင်းဆောင်များတရုတ်ပြည်သို့ ခရီးစဉ်လာ ရောက် ခြင်းကို တရုတ်နိုင်ငံမှ တံခါးဖွင့် ကြိုဆိုလျက်ရှိပြီး လက်တွေ့ကျသော ဆွေးနွေးချိတ်ဆက်မှုများ ဆောင်ရွက်ရန် ဆန္ဒရှိပါသည်။ သို့သော် တရုတ်-ဥရောပဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန်အတွက် နှစ်ဦးနှစ်ဖက်၏ ကြိုးပမ်းအားထုတ်မှုလည်း လိုအပ်မည်ဖြစ်ကြောင်းကို ဖော်ပြထားရာ ရှီ၏တတိယသက်တမ်းတွင် ဥရောပနှင့် ဆက်ဆံရေးမှာ ယခင်ကထက် ပို၍စိတ်ဝင်စားဖွယ်ကောင်းလာသည်မှာ အမှန်ပင်ဖြစ်လေသည်။

လင်းသစ်အောင်