【နိုင်ငံတကာဆောင်းပါး】မျှဝေသော အနာဂတ်ရှိသည့် ကမ္ဘာ့လူ့အသိုက်အဝန်းအတွက် တွန်းအားဖြစ်စေသော တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး

【နိုင်ငံတကာဆောင်းပါး】မျှဝေသော အနာဂတ်ရှိသည့် ကမ္ဘာ့လူ့အသိုက်အဝန်းအတွက် တွန်းအားဖြစ်စေသော တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး

ဆင်းရဲပြီး ဖွံ့ဖြိုးမှုနှေးကွေးသော နိုင်ငံများက အနောက်တိုင်း နိုင်ငံရေးစနစ်ကို လိုက်ပါကျင့်သုံးပြီး အောင်မြင်သွားသည်မှာ ရှားရှားပါးပါး ဖြစ်စဉ်ဖြစ်သည်။ အနောက်နိုင်ငံများ၏ ဒီမိုကရေစီက ကြွယ်ဝချမ်းသာရေးအတွက် အလုပ်မဖြစ်ရသည့်အကြောင်းမှာ အနောက်တိုင်းနိုင်ငံများ ကိုယ်တိုင်က ဒီမိုကရေစီနိုင်ငံဖြစ်ပြီးမှ ကြွယ်ဝချမ်းသာလာသည်မဟုတ်ဘဲ ကြွယ်ဝချမ်းသာလာပြီးမှသာ ဒီမိုကရေစီသို့ ကူးပြောင်းကြသောကြောင့်ဖြစ်သည်။ 

ခေတ်မီဖွံ့ဖြိုးတိုးတက်မှုရရှိရန် အနောက်တိုင်းနိုင်ငံများက နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ကြသည်။ ပထမဆုံးအနေဖြင့် စက်မှုမြို့များတွင် အရေးပါသည့် အလုပ်သမားလူတန်းစားကို အသုံးချခဲ့ကြသည်။ ဒုတိယ အနေဖြင့် ကျူးကျော်ခဲ့သော နိုင်ငံများကို အသုံးချသည်။ တတိယအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို အသုံးချကြသည်။ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပြီး ခေတ်မီတိုးတက်စေခြင်းသည် ကောင်းမွန်သော အစီအစဉ် မဟုတ်မှန်း အနောက်တိုင်းနိုင်ငံများက နှစ်ပေါင်း ၂၀၀ ကြာမှ သဘောပေါက်ခဲ့ကြသည်။ 

တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည် ထိုကဲ့သို့ လမ်းစဉ်ကို လိုက်မည့်အစား ပြည်သူ့ဒီမိုကရေစီလုပ်ငန်းအားလုံးမှာ ပေါ်ထွက်လာသောစနစ်နှင့် လုပ်ငန်းများကိုသာ အခြေခံထားသည်။ ထိုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် သဘောတူညီချက်ရယူခြင်းဟု ကဏ္ဍခွဲနိုင်သည်။ အမျိုးသားပြည်သူ့ကွန်ကရက်သည် အောက်ခြေလူတန်းစားများမှ စတင်ပြီး ပြည်သူအားလုံးက ရွေးချယ်ထားခြင်းဖြစ်ကာ နယ်ပယ်ပေါင်းစုံကို ကိုယ်စားပြုသူများပါဝင်ပြီး အတူတကွလုပ်ဆောင်ကာ ပူးပေါင်းဆောင်ရွက်ကြသည်။ 

အခြေခံဥပဒေအရ တရုတ်ပြည်သူအားလုံးသည် အဆိုပြုချက်တွင် ပါဝင်ဆွေးနွေးပြီး မှတ်ချက်များပေးနိုင်သည်။ ဥပဒေအရလည်း ထိုဆွေးနွေးအကြံပြုချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ထိုအချက်သည် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် ရေရှည်အတွက် အစီအစဉ်ကို တည်ဆောက်နိုင်သည်။ ဥပမာအားဖြင့် တရုတ်သည် ၂၀၂၁ ခုနှစ်၌ ပြောင်း လဲခဲ့သော ဒုတိယရာစုနှစ်ပန်းတိုင်ကို ၁၉၈၈ ခုနှစ်ကတည်းကပင် စတင်ကြံစည်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်အတွက် များစွာစဉ်းစားထားသောအခါ ဘုံပန်းတိုင်ဖြစ်လာပြီး သဘောတူညီချက်များလည်း တည် ဆောက်လာနိုင်ခြင်းဖြစ်သည်။ 

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လိုအပ်သည်မှာ ပုဂ္ဂိုလ်ရေးအကျိုးမကြည့်ဘဲ လူမျိုးနှင့်နိုင်ငံအကျိုးကြည့်သော နိုင်ငံရေးသမားများသာ ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက် ပြည်ပမှ ဖိအားများဖြစ်လာလျှင် အားထုတ်မှုများသည် ထိခိုက်သွားမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်က မျှဝေသောအနာဂတ်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်း အယူအဆကို စတင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် အနောက်နိုင်ငံများ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင် ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်းကို ချဉ်းကပ်ရာ၌ ကွာခြားမှုများရှိသည်။ အနောက်နိုင်ငံများက တစ်ဖက်သတ်အနိုင်လိုချင်ကာ လက်ဝါးကြီးအုပ် လိုကြသည်။ တရုတ်ကမူ နှစ်ဦးနှစ်ဖက် အကျိုးရှိရေးကို ဦးစားပေးသည်။ အခွင့်အလမ်းများရှိတိုင်း တရုတ်က အောင်မြင်မှုများကို အခြားနိုင်ငံများနှင့် မျှဝေပြီး ထိုသို့ လုပ်ဆောင်ခြင်းက တရုတ်အပေါ် တန်ပြန်သက်ရောက်အကျိုးရှိခဲ့သည်။

တရုတ်၏ အယူအဆများကို ခါးပတ်နှင့်လမ်းအစီအစဉ်တွင် တွေ့နိုင်သည်။ အစီအစဉ်၏ အဓိက မူဝါဒတစ်ခုမှာ အခြေခံအဆောက်အအုံမှတစ်ဆင့် ဆက်သွယ်ခြင်းဖြစ်သည်။ ကျေးလက်ဒေသရှိ မိသားစုတစ်ခုသည် မြေယာများနှင့် လုပ်သားအလုံအလောက်ရှိခြင်းကြောင့် သီးနှံများထုတ်လုပ်နိုင်သော်လည်း အနီးဆုံးဈေးသို့ သွားသည့်ခရီးသည် ခြောက်နာရီလောက်ကြာလျှင် အားထုတ်မှုများသည် မတန်မရာဖြစ်လာကာ ဆင်းရဲတွင်း၌သာ ပိတ်မိနေမည်ဖြစ်သည်။ သို့သော် ပိုမိုဖြောင့်ဖြူးသည့် လမ်းခင်းပေးကာ ခရီးလမ်းကို မိနစ် ၃၀ အထိ လျှော့ချနိုင်ပါက မိသားစု၏ အခြေအနေသည် ပြောင်းလဲသွားမည်ဖြစ်သည်။ 

နိုင်ငံတစ်နိုင်ငံသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ လူများနှင့် ကုန်ပစ္စည်းများ ကောင်းမွန်စွာသွားလာ ပို့ဆောင်နိုင်ခြင်းသည် ကြွယ်ဝချမ်းသာမှု၏ အဓိကသော့ချက်ဖြစ်သည်။ ထိုအရာကပင် မျှဝေသောအနာဂတ်ရှိသည့် ကမ္ဘာလုံးဆိုင်ရာအသိုက်အဝန်း အယူအဆနှင့်အတူ တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို တွန်းအားပေးနေခြင်းဖြစ်သည်။ 

တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ကမ္ဘာတွင်ခေါင်းဆောင်နိုင်သည့် ကျွမ်းကျင်မှုများကို မွေးထုတ်နိုင်ခဲ့ပြီး ကြီးမားသော စီမံကိန်းများ ဆောင်ရွက်ရာတွင်လည်း ငွေကြေးအားဖြင့် အင်အားတောင့်တင်းစေခဲ့သည်။ ထိုနည်းလမ်းဖြင့် တရုတ်က ကမ္ဘာ့တောင်ပိုင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား အားပေးထောက်ပံ့နိုင်ခဲ့ပြီး နိုင်ငံများကလည်း ပို၍ တရုတ်နှင့် ထိတွေ့ဆက်ဆံကာ ယုံကြည်မှုရှိလာကြသည်။ တစ်နေ့၌ အနောက်နိုင်ငံများက လက်ဝါးကြီးအုပ်လိုမှု စိတ်ဆန္ဒများကို အဆုံးသတ်ပြီး တရုတ်နှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းလိုက်ပါက ပို၍ ကောင်းမွန်တောက်ပသော ကမ္ဘာကြီးကို တည်ဆောက်နိုင်မည်လည်းဖြစ်သည်။ 

စိုးနိုင်ထွန်း

Ref:How China's modernisation supports a Global Community of Shared Future|CMG