【နိုင်ငံတကာဆောင်းပါး】ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးခဲ့သော တရုတ်၏ နိုင်ငံရေးစနစ်

【နိုင်ငံတကာဆောင်းပါး】ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးခဲ့သော တရုတ်၏ နိုင်ငံရေးစနစ်

တရုတ်၏ နိုင်ငံရေးစနစ်တွင် ပြည်သူ့ကွန်ကရက်သည် အဓိကမဏ္ဍိုင်ဖြစ်ပြီး အနောက်နိုင်ငံများကမူ တရုတ်တွင် ရွေးကောက်ပွဲမရှိသောကြောင့် ဒီမိုကရေစီနိုင်ငံမဟုတ်ဟု သတ်မှတ်ကြပြီး ပြည်သူ့ကွန်ကရက်၏ လုပ်ငန်းလုပ်ဆောင်ပုံက အနောက်နိုင်ငံများနှင့် ကွာခြားမှုမရှိသည်ကို နားမလည်ကြပေ။ 

များစွာသော ကိုယ်စားလှယ်လောင်းများလည်း ရှိပြီး လျှို့ဝှက်စွာ မဲပေးသည့်စနစ်လည်း ရှိသည်။ ကွန်ဂရက်၏ ပထမအဆင့်တွင် တစ်နိုင်ငံလုံးမှ ပြည်သူများ မဲပေးကြပြီး အခြားအဆင့်များတွင်လည်း အဆင့်ဆင့် မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်သည်။ ပိုပြီးမြင့်သော ကွန်ကရက်အဆင့်များအတွက် မဲပေးသူများသည် ကိုယ်စားလှယ်လောင်းများကို နေ့စဉ်မြင်တွေ့ကာ အရည်အသွေးကို အကဲဖြတ်နိုင်သော သူများ ဖြစ်သည်။  နိုင်ငံအဆင့် ကွန်ဂရက်တွင်မူ ဒေသပေါင်းစုံ၊ တိုင်းရင်းသားလူနည်းစု၊ အလွှာအမျိုးမျိုးမှ လူများ ပါဝင်ကြသည်။ အမျိုးသမီး၊ လူငယ် ကိုယ်စားပြုသူများနှင့် ကျွမ်းကျင်မှုနယ်ပယ်အသီးသီးမှ ပါဝင်ကြသည်။ 

အခြားသော အရေးကြီးသည့် အခြေခံအချက်မှာ ဥပဒေပြုရေးဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ မဟာဗျူဟာများကို လက်တွေ့ ဥပဒေများအဖြစ် အကောင်အထည်ဖော်ပေးခြင်းဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် အခြေခံဥပဒေအရ တရုတ်ပြည်သူအားလုံးသည် အဆိုပြုချက်တွင် ပါဝင်ဆွေးနွေးပြီး မှတ်ချက်များ ပေးနိုင်သည်။ ဥပဒေအရလည်း ထိုဆွေးနွေးအကြံပြုချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ လက်ရှိ ဥပဒေပြုရေးလုပ်ငန်းစဉ်တွင် ပြည်သူများ၏ အကြံပြုချက်များကို ထည့်သွင်းဖော်ပြခဲ့သည်များလည်း ရှိခဲ့သည်။ 

ယခုနှစ်အတွင်း အမျိုးသားပြည်သူ့ကွန်ကရက်၏ အဓိက အသုံးအနှုန်းတစ်ခုမှာ ပုံမှန်စဉ်ဆက်မပြတ် ဟူသော အသုံးအနှုန်းဖြစ်သည်။ တည်တည်ငြိမ်ငြိမ်၊ စနစ်ကျကျဖြင့် ရေရှည်အတွက် ပုံမှန် စဉ်ဆက်မပြတ် ဆက်လက်သွားနေခြင်းသည် တရုတ်စနစ်၏ အားသာချက်ဖြစ်သည်။ နိုင်ငံတကာပတ်ဝန်းကျင်တွင် ရှုပ်ထွေး ပြောင်းလဲမှုများ မြင်နေရသော်လည်း တရုတ်သည် ထိုမူဝါဒကို လက်ကိုင်သွားမည်ပင် ဖြစ်သည်။ တရုတ် သမ္မတ ရှီကျင့်ဖျင်က ရှေ့ဆက်သွားရေးသည် ဒုတိယရာစုနှစ်၏ ပန်းတိုင်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစီ အစဉ်၊ မဟာဗျူဟာနှင့် မူဝါဒများစွာကို အကောင်အထည်ဖော်ပြီးဖြစ်သည်။  

ပြည်သူ့ဒီမိုကရေစီ လုပ်ငန်းတစ်ခုလုံးတွင် ပြည်သူ့ကွန်ကရက်သည် အဓိကဖြစ်ပြီး ဒီမိုကရေစီကျကျ ညှိနှိုင်းဆောင်ရွက်မှုသည်လည်း အခရာကျသည်။ 

တရုတ်၏ ထိုကဲ့သို့ အားသာချက်များသည် တရုတ်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်သည်။ အဓိကအားဖြင့် မျှဝေသော၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုသည့် တီထွင် ဆန်းသစ်မှုရှိသော၊ ပူးပေါင်းပါဝင်သော၊ ပွင့်လင်းသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။

ကျေးလက်ပြန်လည်နုပျိုခြင်းသည်လည်း တရုတ်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော ကဏ္ဍတွင်ရှိသည်။ ယခင်ကာလတွင် တရုတ်သည် ဆင်းရဲမွဲတေမှုလျှော့ချရေးကို အဓိက ပစ်မှတ်ထား လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ဆင်းရဲတွင်းတွင် နောက်ဆုံးကျန်ရှိသည့် ပြည်သူ သန်း ၁၀၀ ကို ဆင်းရဲတွင်းမှ လွတ်မြောက်စေပြီး လူနေမှုအဆင့်အတန်း မြင့်မားစေခဲ့သည်။ သို့သော်လည်း ထိုအရာသည် အဆုံးသတ် မဟုတ်သေးပေ။ ဆင်းရဲတွင်းမှ လွတ်မြောက်ပြီးနောက် ထပ်မံဆင်းရဲတွင်းသို့ မကျစေရန်အတွက် ဆက်တိုက် တွန်းအားပေး ထောက်ပံ့ရမည် ဖြစ်သည်။ 

ဥပမာအားဖြင့် ပြည်နယ်အစိုးရများသည် ကျေးလက်ဒေသများ၌ တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို နားလည်နိုင်စေရန် အွန်လိုင်းရောင်းချရေး ကွန်ရက်များကို ဖန်တီးပေးခဲ့သည်။ ယခင်တုန်းက ဝေးကွာလှသော ကျေးရွာများသည် ပိုမိုများပြားသော ဈေးဝယ်သူများနှင့် ထိတွေ့ခွင့်မရှိခဲ့ပေ။ ကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်သော်လည်း ဈေးကွက်မရှိဖြစ်ခဲ့သည့်ယခုအခါတွင် အွန်လိုင်းဈေးကွက်စင်တာများကြောင့် တရုတ်တစ်နိုင်ငံလုံးနှင့်သာမက နိုင်ငံတကာ ဈေးဝယ်သူများနှင့်ပါ ထိတွေ့လာပြီး ထုတ်ကုန်များကို ပို့ဆောင်ရာတွင်လည်း သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် အဆင်ပြေချောမွေ့လာကြသည်။ 

သဘာဝပတ်ဝန်းကျင်အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အရေးပါသည်။ ဥပမာအားဖြင့် State Grid ကုမ္ပဏီသည် ကျေးရွာများတွင် နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံများ တည်ဆောက်ကာ အဓိက ဓာတ်အားပေးလိုင်းနှင့် ဆက်သွယ်ပြီး လျှပ်စစ်ဓာတ်ထုတ်လုပ်လျက်ရှိသည်။ ကျေးလက်ဒေသများတွင် နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံများသည် သီးနှံများစိုက်ပျိုးရေးနှင့် သားငါးများ မွေးမြူရေးအတွက် လွန်စွာအရေးပါသည်။ 

ထိုဥပမာအားသည် ကျေးလက်ပြန်လည်နုပျိုရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းများဖြစ်သည်။ ဆင်းရဲမွဲတေမှု လျှော့ချခြင်းအပြီးတွင် ကျေးလက်ပြန်လည်နုပျိုရေးသည် တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ ဆက်ခြေလှမ်းဖြစ်သည်။ 

စိုးနိုင်ထွန်း

Ref:China's political system is geared toward China's modernization|CMG