【နိုင်ငံတကာဆောင်းပါး】ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်ဖြစ်လာသည့် တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု

【နိုင်ငံတကာဆောင်းပါး】ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်ဖြစ်လာသည့် တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု

တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု၏ အဓိက လက္ခဏာတစ်ရပ်မှာ အားလုံးပါဝင်ခြင်းဖြစ်သည်။ အစိုးရတစ်ခုတည်းက အကောင်အထည်ဖော်နေသည့် မူဝါဒတစ်ခုသပ်သပ် မဟုတ်ဘဲ တရုတ်ပြည်သူများအားလုံးက ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အသီးအပွင့်များကို နားလည်သဘောပေါက်ကြပြီး အားလုံးပါဝင်ကြခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ တရုတ်နိုင်ငံကို အင်အားကြီးပြီး ကြွယ်ဝချမ်းသာသော နိုင်ငံအဖြစ် ဖန်တီးရန် ဖြစ်သည်။  
တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတွက် အရည်အသွေးမြင့် တံခါးဖွင့်ဝါဒီနှင့် ကမ္ဘာလုံးဆိုင်ရာ စက်မှုကွဲပြားခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့မှ တစ်ဆင့် လုပ်ဆောင်သွားရန် ရည်ရွယ်ထား သောကြောင့် တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာကြီးအတွက် အခွင့်အလမ်းဖြစ်လာခြင်း ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်က တရုတ်က အဆိုပြုခဲ့သော ခါးပတ်နှင့်လမ်းအစီအစဉ်သည် လက်တွေ့၌ နိုင်ငံတော်တော်များများအကြား ဆက်သွယ်မှုပေးခဲ့ပြီး နိုင်ငံများစွာက အကျိုးအမြတ်ရပြီး ဖြစ်သည်။  ဥပမာ အားဖြင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံဟူသော စီမံကိန်းဖြင့် ခါးပတ်နှင့်လမ်းအစီအစဉ်တွင် ပါဝင်နေသော ပါကစ္စတန်တွင် ၂၀၁၃ ခုနှစ်တုန်းက မကြာခဏ လျှပ်စစ်မီးပြတ်ခြင်းကို ရင်ဆိုင်ခဲ့ရသည်။ မြို့ကြီးများတွင်ပင် ဆိုးရွားနေသော လျှပ်စစ်မီးပြတ်ခြင်းကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ 
တရုတ်နှင့် ဆွေးနွေးပြီးသောအခါတွင် ပါကစ္စတန်သည် စွမ်းအင်စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ပြီး သုံးနှစ်အတွင်းတွင် ညှိနှိုင်းဆွေးနွေးခြင်း၊ စာချုပ်ချုပ်ခြင်းများဖြင့် ဓာတ်အားပေးစက်ရုံများစွာကို ဆောက်လုပ်နိုင်ခဲ့ကာ လျှပ်စစ်မီးပြတ်တောက်ခြင်း ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။ အများပြည်သူများ၏ လူနေမှုဘဝ မြင့်တက်ခဲ့ရုံသာမက စက်မှုဖွံ့ဖြိုးတိုးတက်ရေးကိုပါ အားပေးခဲ့သော ဥပမာတစ်ခု ဖြစ်သည်။ 
ထို့အပြင် ပါကစ္စတန်သည် နိုင်ငံ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသော အရှည် ၁,၆၀၀ ကီလိုမီတာရှိ အဓိကလမ်းမကြီးကို ဆောက်လုပ်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် လမ်းပိုင်းအချို့ကိုသာ ဆောက်လုပ်နိုင်ခဲ့ပြီး ကြန့်ကြာနေသော ထိုစီမံကိန်းသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ သဘောတူညီချက်အပြီးတွင် အားလုံးပြီးစီးသွားပြီး အောင်မြင်မှုရရှိခဲ့သည်။  
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ၏ ပထမအပိုင်းသည် စွမ်းအင်နှင့် အခြေခံအဆောက်အအုံကို အာရုံစိုက်ခဲ့ပြီး နောက်ပိုင်းတွင် စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှုနှင့် စက်မှုဖွံ့ဖြိုး တိုးတက် မှုများကို အာရုံစိုက်သွားမည်ဖြစ်သည်။ ထိုစီမံကိန်းများသည်များစွာသော ပါကစ္စတန်ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်သည်သာမက စက်မှုဖွံ့ဖြိုးတိုးတက်မှုကိုပါ တွန်းအားဖြစ်စေမည် ဖြစ် သည်။  
တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်၌ ခါးပတ်နှင့်လမ်း အစီအစဉ်ကို အဆိုပြုခဲ့ချိန်မှ စတင်ပြီး အနောက်နိုင်ငံများမှ သတင်းမီဒီယာများသည် အစီအစဉ်နှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုများ၊ သံသယများနှင့် ကန့် ကွက်မှုများ ဖြစ်စေရန် ကြံစည်ခဲ့ကြသည်။ အမှန်တကယ်တွင်မူ ခါးပတ်နှင့်လမ်းအစီအစဉ်သည် တရုတ်၏ အသိပညာနှင့် အတွေ့အကြုံများကို မျှဝေလိုမှုနှင့် ကမ္ဘာ့ပြည်သူအားလုံးကို အကျိုးရစေလိုမှုတို့ကိုသာ ထင်ဟပ်နေခြင်း ဖြစ်သည်။ 
အနောက်နိုင်ငံများ၏ အစီရင်ခံစာအများစုတွင် အဓိကဖြစ်နေသော မေးခွန်းမှာ အကြွေးထောင်ချောက်ပင် ဖြစ်သည်။ နိုင်ငံများအားလုံး၏ အကြွေးစုစုပေါင်းတွင် တရုတ်၏ အကြွေးမှာ အနည်းငယ်သာ ဖြစ် သည်။ ဥပမာအားဖြင့် အာဖရိကတွင် စီးပွားရေးအကြွေးများ၊ ကမ္ဘာ့ဘဏ်နှင့် အခြား အဖွဲ့အစည်းများမှ အကြွေးများအပါအဝင် အကြွေးပမာဏစုစုပေါင်းတွင် တရုတ်နှင့် ဆက်စပ်နေသော အကြွေးမှာ ၁၂ ရာခိုင် နှုန်းသာဖြစ်ပြီး အကြွေးထောင်ချောက်ဟုပင် မခေါ်နိုင်ခြင်းဖြစ်သည်။  
ယခင်အချိန်တွင် နိုင်ငံများစွာသည် အနောက်နိုင်ငံများမှ ငွေကြေးများ ချေးယူခဲ့ကြပြီး ယခုအခါတွင်မူ ဒုတိယရွေးချယ်ခွင့် ရှိလာခြင်းသာဖြစ်သည်။ အနောက်နိုင်ငံများသည် တရုတ်၏ ရန်ပုံငွေကြောင့် ထိုနိုင်ငံများ၏ တည်ဆောက်ရေးလုပ်ငန်းများ အထောက်အကူဖြစ်သွားမည်ကို စိုးရိမ်ကြသည်။ တရုတ်၏ တိုးတက်လာမှုသည် အနောက်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုချေးငှားခြင်းဆိုင်ရာ လက်ဝါကြီးအုပ်မှုကို ပျောက်ကွယ်သွားစေမှာကို စိုးရိမ်ကြသည်။  
အနောက်နိုင်ငံများမှ ငွေကြေးပံ့ပိုးမှုများသည် ကန့်သတ်မှုများ များစွာရှိသည်။ တရုတ်ကမူ ထောက်ပံ့လိုက်သော ငွေကြေးနှင့်ပတ်သက်ပြီး နိုင်ငံရေးအခြေအနေများ မည်ကဲ့သို့ သုံးစွဲရမည်များကို ကန့်သတ်ထား ခြင်း မရှိပေ။ စီမံကိန်းများနှင့် လုပ်ငန်းများကို လက်ခံရရှိသော နိုင်ငံများက လိုအပ်ချက်အရ ကိုယ်တိုင်အဆိုပြုကြ ခြင်းဖြစ်ပြီး တရုတ်ဘက်က အဆိုပြုခြင်းမဟုတ်ပေ။ ထို့ကြောင့် အနောက်နိုင်ငံများက သတ်မှတ်ထားသော အကြွေးထောင်ချောက်သည် မှားယွင်းသော အယူဝါဒသပ်သပ်သာ ဖြစ်သည်။ 
 
စိုးနိုင်ထွန်း 
 
Ref:Chinese modernization: A new opportunity for the world|CMG