【 အလှအပနှင့်ကျန်းမာရေး 】“ လေဖြတ်ခြင်း ”
ဦးနှောက်ကိုသွားတဲ့သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်စေ လေဖြတ်နိုင်ပါတယ်။ဦးနှောက်မှာရှိတဲ့ ဆဲလ်လေးတွေက သွေးမရရှိတဲ့အတွက် အောက်ဆီဂျင်၊ အာဟာရ ဓာတ်တို့ပြတ်တောက်ပြီး ဦးနှောက်တစ်သျှူးတွေက မိနစ်ပိုင်းအတွင်း တစ်သျှူးသေသွားနိုင်ပါတယ်။
ဒါကြောင့်လေဖြတ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့ ရောဂါလည်း ဖြစ်ပါတယ်။
လေဖြတ်ခြင်းလက္ခဏာတွေကို စောစီးစွာသိရှိပြီး အချိန်မီကုသမှုခံယူဖို့လိုပါတယ်။
လေဖြတ်ခြင်းလက္ခဏာတွေကတော့
၁-ရုတ်တရက်စကားမပီခြင်း၊စကားပြောရာတွင်လျှာလိပ်၍ အသံလုံးသွားခြင်း
၂- ခန္ဓာကိုယ်တစ်ခြမ်း(လက်တစ်ခြမ်း၊ခြေတစ်ခြမ်း)
ရုတ်တရက်လှုပ်၍မရခြင်း၊မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း
၃- မျက်စိအမြင်အာရုံ ရုတ်တရက်ဝါးသွားခြင်း
၄- ရုတ်တရက်ခေါင်းကိုက်၍ အန်ခြင်း၊
၅- လမ်းလျှောက်ရာတွင် ဟန်ချက်မထိန်းနိုင်ခြင်း၊ယိုင်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရရင်တော့ နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားရောက်သင့်ပါတယ်။
ဘယ်လိုလူတွေမှာ လေဖြတ်နိုင်ချေပိုများသလဲ?
၁- အဝလွန်သူများ
၂- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
၃- အရက်အလွန်အကျွံသောက်သူများ
၄- ဆေးလိပ်သောက်သူများ
၅- ကိုကင်း (Cocaine)၊အမ်ဖတမင်း(Amphetamine) စသောမူးယစ်ဆေးဝါးသုံးစွဲသူများ
၆- သွေးတိုးရောဂါရှိသူများ
၇- ဆီးချိုရောဂါရှိသူများ
၈- သွေးတွင်း အဆီဓါတ်များသူများ
၉- နှလုံးရောဂါရှိသူများ၊နှလုံးခုန်နှုန်းမမှန်သူများ
၁၀- မိသားစုမျိုးရိုးထဲတွင်လေဖြတ်ဖူးသူရှိသူများ
၁၁- ဟော်မုန်းဆေး၊ကိုယ်ဝန်တားဆေးသောက်သုံးသူများ စတဲ့သူတွေကတော့ လေဖြတ်နိုင်ချေပိုများပါတယ်။
လေဖြတ်ခြင်းမဖြစ်အောင်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေကတော့
၁- သွေးပေါင်ချိန်ကို ပုံမှန်အတွင်းရောက်အောင် ထိန်းသိမ်းပါ
၂- သွေးတွင်းအဆီဓာတ်မများအောင် မပြည့်ဝသောဆီကို သုံးစွဲပါ၊ကျန်းမာရေးနဲ့ညီညွတ်သော ဟင်းသီးဟင်းရွက်၊အသီးအနှံ များများစားသုံးပါ
၃- ဆီးချိုပမာဏကို ပုံမှန်အတွင်းရောက်အောင် ထိန်းသိမ်းပါ
၄-အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
၅- ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ
၆- အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ
၇- ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ စတဲ့ ကျန်းမာတဲ့နေထိုင်မှုအပြုအမူတွေက လေဖြတ်ခြင်းကို ကာကွယ်တဲ့နေရာမှာ အဓိကအကျဆုံးဖြစ်ပါတယ်။
လေဖြတ်ခြင်းကို ရောဂါပေါ်မူတည်ပြီး သွေးခဲဖျော်ခြင်း၊ ခွဲစိတ်ကုသခြင်း စသဖြင့်ကုသနိုင်ပါတယ်။
လေဖြတ်ခြင်းဟာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ရောဂါဖြစ်ပြီး အရေးပေါ်ကုသပြီးနောက် ပြန်လည်သန်စွမ်းဖို့ အချိန်များစွာပေးပြီး ကုသရတဲ့ရောဂါဖြစ်ပါတယ်။
ဒါကြောင့်ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တာဖြစ်လို့ ကျန်းမာတဲ့နေထိုင်မှုပုံစံကို ကျင့်သုံးကြဖို့ တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit- UAB medical west