【 ပြည်တွင်း 】 ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ပုသိမ်မှာ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ပုသိမ်မှာ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် - ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်းအနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ မသင်္ကာဖွယ် စက်လှေအား စစ်ဆေးခဲ့ရာ စက်လှေပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၂၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMAR က ဖော်ပြထားပါတယ်။

စစ်ဆေးချက်အရ မတ်လ ၁ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ ပူးပေါင်းအဖွဲ့ဟာ  သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာမှာ  ပူးပေါင်းပါဝင်သူ မောင်မောင်လေး (ခ) သိန်းဝင်းအား ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ပြီး၊ ညနေ ၅ နာရီအချိန် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာမှာ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူများဖြစ်ကြတဲ့  ဝင်းသိန်းထွန်း (ခ) နေသူနဲ့ လင်းထွန်းဟန် (ခ) သားပုတို့ ၂ ဦးကို  စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိတယ်လို့  CCDAC MYANMAR က ဖော်ပြထားပါတယ်။

နောင်နောင်