【 ပြည်တွင်း 】 မန္တလေးမှာ တစ်ရက်အတွင်း သတ်ဖြတ်စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့

【 ပြည်တွင်း 】 မန္တလေးမှာ တစ်ရက်အတွင်း သတ်ဖြတ်စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့

မန္တလေး၊ ဖေဖော်ဝါရီ - ၂၇

မန္တလေးမြို့မှာ တစ်ရက်အတွင်း သတ်ဖြတ်စွန့်ပစ်ထားတဲ့ အမျိုးသားရုပ်အလောင်း သုံးလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီက နေသိရပါတယ်။

“၂၄ နာရီ တစ်ရက်အတွင်းမှာ၊ အလောင်းသုံးလောင်းတွေ့တယ်၊ အလောင်းတွေမှာ ထိုးသွင်းဒဏ်ရာတွေပါတယ်၊ သုံးလောင်းလုံး အမျိုးသားတွေချည်းပဲ” လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

ဒီအလောင်းတွေ့ရှိမှုဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အောင်မြေသာစံနဲ့ ပုသိမ်ကြီးမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တာပါ။အဲဒီနေ့ မနက် ၁၁ နာရီလောက်က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၄ လမ်းနဲ့ ၁၅ လမ်းကြား၊ ၈၇ လမ်း လမ်းဘေးက ရေမြောင်းထဲမှာ အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေ့ရှိမှု ဖြစ်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရပ်ကွက်က သတင်းပေးတာကြောင့် လုံခြုံရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးတာမှာ အလောင်းရဲ့ လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ဓားနဲ့ထိုးသွင်းထားတဲ့ ဒဏ်ရာတွေ တွေ့ရပြီး အလောင်းနဲ့ပတ်သက်လို့တော့ ဆက်လက်စုံစမ်းနေဆဲအခြေအနေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့လယ်ပိုင်းမှာ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးချောင်းထဲ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်းနှစ်လောင်း တွေ့ရှိမှု ထပ်ဖြစ်ပွားခဲ့ပြီး ဒီအလောင်းတွေ့ရှိမှုနဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာတွေက စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“နှစ်လောင်းလုံး လူလတ်ပိုင်းတွေလို့ ခန့်မှန်းတယ်၊ နှစ်လောင်းလုံး ခြေထောက်နဲ့ လက်တွေမှာ အဝတ်နဲ့ချည်ထားတယ်၊ တစ်လောင်းက ခေါင်းပြတ်နေတယ်၊ နှစ်လောင်းလုံး ပုပ်ပွလို့ ပေါ်လာတာပါ” လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးအလောင်း တွေ့ရှိမှုတွေ မကြာခဏဖြစ်ပွားနေပြီး ယမန်နှစ် တစ်နှစ်ထဲအတွင်းမှာပင် ပိုင်ရှင်မဲ့အပါအဝင် သတ်ဖြတ်စွန့်ပစ်ခံထားရတဲ့ အလောင်းတွေ့ရှိမှု အကြိမ်နှစ်ဆယ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ရေးသားဖော်ပြကြတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဖြူလုံး