【 ပြည်တွင်း 】 တရုတ်သို့ နယ်စပ်မှတစ်ဆင့် သွားရောက်၍ အလုပ်ရှာသူ ပိုများလာ

【 ပြည်တွင်း 】 တရုတ်သို့ နယ်စပ်မှတစ်ဆင့် သွားရောက်၍ အလုပ်ရှာသူ ပိုများလာ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၇

အိမ်နီးချင်း တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် သွားရောက်၍ အလုပ်ရှာသူ ယခင်ထက် ပိုများလာကြောင်း နယ်စပ်ဒေသရှိ လူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းလောက်ကတည်းက တရုတ်ဘက်ကိုသွားပြီး အလုပ်-လုပ်ဖို့အတွက် စုံစမ်းမေးမြန်းတဲ့သူက ပိုများလာတာ။လူမှုကွန်ရက်တွေမှာဆိုရင်လည်း တရုတ်ဘက်မှာ အလုပ်-လုပ်ချင်လို့ အချင်းချင်းမေးမြန်းတာတွေရှိတယ်။လက်ရှိအနေအထားအရ တရုတ်ဘက်မှာ အလုပ်-လုပ်တဲ့သူတွေက အရင်လောက် လစာမကောင်းဘူးလို့တော့ သိရတယ်။ဒါပေမဲ့လည်း တော်တော်များများက ဘာအလုပ်ပဲရရ၊လစာဘယ်လောက်ပဲရရ လုပ်မယ်ဆိုတာချည်းပဲ” လို့ မူဆယ်မြို့မှ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိတွင် မြန်မာဘက်ခြင်း မူဆယ်မြို့မှတစ်ဆင့် တစ်ခါသုံးကတ်နဲ့ တရုတ်နိုင်ငံအတွင်းသို့ ဝင်ထွက်ခွင့်ပေးနေသလို မူဆယ်ခရိုင်အတွင်း အိမ်ထောင်စုကိုင်ဆောင်ထားသူများအတွက် စာအုပ်အနီပြုလုပ်၍ ဝင်ထွက်ခွင့်ပြုနေကြောင်း သိရပါတယ်။

ထိုကဲ့သို့ နယ်စပ်မှတစ်ဆင့် သွားရောက်ပြီး အလုပ်-လုပ်ကြရာတွင် လိမ်လည်ခံရသည့် ဖြစ်စဉ်များလည်း အဖြစ်များလာနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူများနှင့် လူမှုကူညီရေးအဖွဲ့များရဲ့ ပြောပြချက်အရ သိရပါတယ်။

အောင်အောင်