【 ပြည်တွင်း 】 စစ်တွေနား ကပ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ဖိစီးမှုတွေ တိုးလာဟု UNOCHA ထုတ်ပြန်

【 ပြည်တွင်း 】 စစ်တွေနား ကပ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ဖိစီးမှုတွေ တိုးလာဟု UNOCHA ထုတ်ပြန်

ရန်ကုန်၊ မတ် - ၇

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဘေးဒဏ်သင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ ဖိစီးမှုတွေ တိုးပွားလာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

UNOCHA ရဲ့ အာရှနှင့် ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ အကျဉ်းချုပ် (၂၇ ဖေဖော်ဝါရီ - ၄ မတ် ၂၀၂၄) မှာ ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်ပါတယ်။

ယင်းထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော်မှာလည်း ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ ပိုမိုနီးကပ်စွာ ချဉ်းကပ်လာနေပြီဖြစ်သလို ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းကစတင်ပြီး စစ်တွေမြို့အခြေစိုက် တပ်မတော်စခန်းတွေမှာ လက်နက်ကြီးကျည် တိုးမြှင့်လာမှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ထို့အတူ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ် ဈေးကြီးအတွင်းကို လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၂၁ ဦး သေဆုံးခဲ့သလို ၃၀ ကျော် ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခင် အလွတ်သဘော အပစ်အခတ်ရပ်စဲရေးက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ပျက်ပြယ်ပြီးကတည်းက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွာရသူ ၁၄၈,၅၀၀ ခန့်ရှိနေကြောင်း ဆက်လက်ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) ရဲ့ နောက်ဆုံးထုတ် လူသားချင်းစာနာမှု ဆိုင်ရာသတင်းလွှာမှာလည်း ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ လူပေါင်း ၁၈ ဒသမ ၆ သန်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိပြီး နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အောင်အောင်