【 ပြည်တွင်း 】 ကလေးမြို့က ပျောက်ဆုံး ကလေးငယ် သေဆုံးလျက် ပြန်တွေ့

【 ပြည်တွင်း 】 ကလေးမြို့က ပျောက်ဆုံး ကလေးငယ် သေဆုံးလျက် ပြန်တွေ့

မန္တလေး၊ ဖေဖော်ဝါရီ - ၂၉

ကလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်ကို ပျောက်ဆုံးပြီး သုံးရက်အကြာမှာ ရေကန်တစ်ခုထဲ သေဆုံးလျက် ပြန်တွေ့ခဲ့ရတယ်လို့ ကလေးရဲ့မိသားစုနဲ့ နီးစပ်တဲ့ အသိုက်အဝန်းဆီကနေ သိရပါတယ်။

“ကလေး-လေး အလောင်းကို မနေ့က ညနေပိုင်းက ပြန်တွေ့တယ်၊ ကလေးမိဘတွေနေတဲ့ အရပ်ထဲမှာပဲ ပြန်တွေ့တာပါ ရေကန်ထဲ မှောက်လျက်လေး သေနေတာ” လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးမှုဖြစ်ခဲ့ပါတယ်။
၎င်းပျောက်ဆုံးမှုနဲ့ပတ်သက်၍ မိဘဆွေမျိုးအသိုက်အဝန်းက လူမှုကွန်ရက်ပေါ် အကူအညီတောင်းပြီး ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ရှာဖွေခဲ့ပါတယ်။

ပျောက်ဆုံး ကလေးငယ်ဟာ မမေဇင်ကျော် (အသက် ၄ နှစ်) လို့ သိရပြီး ပျောက်ဆုံးပြီး သုံးရက်အကြာ ယမန်နေ့မှာတော့ လူမနေတဲ့ အိမ်ခြံဝင်းတစ်ခုထဲက ရေကန်ထဲမှာ သေဆုံးလျက် ပြန်ရှာတွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။၏

ကလေးရဲ့ အလောင်းကို ပြန်တွေ့စဉ်မှာ ဘာဒဏ်ရာဒဏ်ချက်မှ မတွေ့ရဘဲ နားမှာပန်ထားတဲ့ နားကွင်းတစ်ဖက်တော့ ပျောက်နေတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

ဘယ်လိုအကြောင်းကြောင့် သေဆုံးခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့တော့ ကလေးရဲ့ မိဘဆွေမျိုးအသိုက်အဝန်းက ထုတ်ဖော်ပြောဆိုတာ မရှိသေးဘဲ၊ ကလေးရဲ့ သေဆုံးဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မဖြန့်ဖို့ကိုတော့ မေတ္တာရပ်ခံထားပါတယ်။

“တူမလေး ပြန်တွေ့ပါပြီ၊ အသက်မရှိတော့ပါဘူး။တူမလေးရဲ့ သေဆုံးနေတဲ့ ပုံတွေကို လိုင်းပေါ်တင်ဖို့ ခွင့်မပြုပါဘူးရှင့်။ကလေးရဲ့မိသားစုကို စာနာသောအားဖြင့် ကလေး-လေးရဲ့ သေဆုံးသွားတဲ့ ဓာတ်ပုံများ မတင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ ကလေးရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်းမှာ သုံးရက်ကြာ ပျောက်ဆုံးခဲ့တဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ် (ကျား) ကို နေအိမ်နဲ့ မလှမ်းမကမ်းက ချောင်းရိုးတစ်ခုမှာ  သေဆုံးလျက် ပြန်တွေ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။

ဒီလိုဖြစ်စဉ်မျိုး ယမန်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး၊   မန္တလေးမြို့မှာ ဖြစ်ခဲ့ဖူးပြီး၊ အဲဒီဖြစ်စဉ်မှာတော့ ပျောက်ဆုံးခဲ့တဲ့ ကလေးငယ်ကို ရေမြောင်းထဲမှာ သေဆုံးလျက် ပြန်တွေ့ခဲ့ရတာပါ။

အခုရက်ပိုင်းအတွင်း ကလေးနဲ့ ဒိုက်ဦးမြို့တို့အပြင် မန္တလေးနဲ့ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တို့မှာလည်း ငါးနှစ်အရွယ် ကလေးပျောက်ဆုံးမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဖြူလုံး
ပုံစာ - ကလေးပျောက်ဆုံးခဲ့စဉ်က လူမှုကွန်ရက်မှာ လူပျောက်ကြော်ငြာခဲ့ပါတယ်။
Photo - ကလေးမြို့ သတင်းနှင့် သတင်းစုံ