【 နိုင်ငံတကာ 】 ရုရှားနိုင်ငံအတွင်း ယူကရိန်းတိုက်ခိုက်မှုကို အားပေးခြင်းမရှိဘူးလို့ အမေရိကန်ပြော

【 နိုင်ငံတကာ 】 ရုရှားနိုင်ငံအတွင်း ယူကရိန်းတိုက်ခိုက်မှုကို အားပေးခြင်းမရှိဘူးလို့ အမေရိကန်ပြော

ဝါရှင်တန်၊ သြဂုတ် - ၂၃

မော်စကိုကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဒရုန်းတွေကို ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပစ်ချခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောခဲ့အပြီးမှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ပြည်ထောင်စုသည် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုများကို အားပေးခြင်း (သို့မဟုတ်) လုပ်ဆောင်စေခြင်းမရှိကြောင်း ပြောခဲ့ပါတယ်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော ရုရှားကျူးကျော်မှုမှ မိမိကိုယ်ကို ခုခံကာကွယ်ရန် မည်သို့ရွေးချယ်ရမည်ကို ယူကရိန်းက ဆုံးဖြတ်ရန်သာရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကပြောခဲ့ပြီး ယူကရိန်းမှဆုတ်ခွာခြင်းဖြင့် ရုရှားသည် စစ်ပွဲကို အချိန်မရွေး အဆုံးသတ်နိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကရင်မလင်မှာ မေလအစောပိုင်းက မောင်းသူမဲ့လေယာဉ်နှစ်စင်း ဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်း ရုရှားနိုင်ငံအတွင်း နက်ရှိုင်းသော ဒရုန်းတိုက်ခိုက်မှုများ တိုးလာခဲ့ပါတယ်။မကြာသေးမီလများအတွင်း ရုရှားနိုင်ငံ မြို့တော်သို့ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပိုများလာခဲ့ပါတယ်။

ရုရှားကျူးကျော်မှုကို ခုခံကာကွယ်ရန် ယူကရိန်းသို့ လက်နက်နှင့် အခြားစစ်လက်နက်ပစ္စည်းအများအပြား အကူအညီပေးနေသည့် အမေရိကန်က ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုများကို မထောက်ခံကြောင်း တစိုက်မတ်မတ် ပြောဆိုထားပါတယ်။

မော်စကိုကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဒရုန်းသုံးစင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းက မော်စကိုမြို့လယ်ရှိ ဆောက်လက်စ အဆောက်အအုံတစ်ခုကို ဒရုန်းတစ်စီးက တိုက်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂျီ ဆိုဘီယန်နင်က တယ်လီဂရမ်တွင် ပြောကြားခဲ့ပါတယ်။

မော်စကိုလေဆိပ်များတွင် ဗုဒ္ဓဟူးနေ့အစောပိုင်း လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရကြောင်း ရုရှားသတင်းအေဂျင်စီ TASS က ဖော်ပြခဲ့ပါတယ်။

ယူကရိန်း ဒရုန်းများ လှုပ်ရှားမှုကြောင့် မကြာသေးမီ ရက်ပိုင်းများအတွင်း ရုရှားနိုင်ငံမြို့တော်တစ်ဝိုက်ရှိ အဓိကလေဆိပ်များတွင် ထွက်ခွာခြင်းနှင့် ဆိုက်ရောက် ပျံသန်းမှုများကို အကြိမ်ကြိမ်ပိတ်ထားခဲ့ရပါတယ်။

Linko
Ref - Reuters