【 နိုင်ငံတကာ 】 မြောက်ကိုရီးယားခေါင်းဆောင်၏ ခရီးစဉ်က ရုရှားနှင့် ဆက်ဆံရေးတွင် မဟာဗျူဟာမြောက် အရေးပါမှုကို ပြသနေ

【 နိုင်ငံတကာ 】 မြောက်ကိုရီးယားခေါင်းဆောင်၏ ခရီးစဉ်က ရုရှားနှင့် ဆက်ဆံရေးတွင် မဟာဗျူဟာမြောက် အရေးပါမှုကို ပြသနေ

ဆိုးလ်၊ စက်တင်ဘာ - ၁၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအန် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် အရေးကြီးကြောင်းကို ရှင်းရှင်းလင်းလင်းပြသနေကြောင်း နိုင်ငံပိုင်မီဒီယာ (KCNA) က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆွေးနွေးရန် ရုရှားနိုင်ငံသို့ အင်္ဂါနေ့က ကိုယ်ပိုင်ရထားဖြင့် ရောက်ရှိလာသည့် ကင်ကို ဝါရှင်တန်က လက်နက်ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် သတိပေးခဲ့ပါတယ်။

ကင်ဂျုံအန်က ရုရှားဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်လည်ပတ်တဲ့ သူ့ခရီးစဉ်က မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေး မဟာဗျူဟာမြောက်အရေးပါမှုကို ကိုရီးယားအလုပ်သမားပါတီ (WPK) နဲ့ မြောက်ကိုရီးယားအစိုးရရဲ့ ရပ်တည်မှုကို ထင်ရှားစွာပြသခြင်းဖြစ်တယ်လို့ ပြောခဲ့ကြောင်း (KCNA) သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။

(DPRK) သည် မြောက်ကိုရီးယား၏ တရားဝင်အမည်ဖြစ်သည့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး (WPK) သည် သီးခြားစွာနေထိုင်သည့် နိုင်ငံရှိ တစ်ခုတည်းသော အာဏာရပါတီဖြစ်သော ကိုရီးယားအလုပ်သမားပါတီဖြစ်ပါတယ်။

(KCNA) မှ ထုတ်ပြန်သော ဓာတ်ပုံများတွင် ကင်မ်သည် အင်္ဂါနေ့ နံနက်ပိုင်းတွင် နယ်စပ်မြို့ ခါဆန်ဘူတာရုံသို့ ရောက်ရှိလာပြီး မော်စကိုနှင့် အခြားနေရာများမှ အကြီးတန်းအရာရှိများက ကင်ကို ကြိုဆိုလျက်ရှိနေပါတယ်။ရုရှား၏ သဘာဝအရင်းအမြစ်ဝန်ကြီး အလက်ဇန်ဒါးကိုဇလောဗ်နှင့်လည်း တွေ့ဆုံခဲ့ပါတယ်။

၎င်း၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ ဗိုစတိုချန်နီ (Vostochny cosmodrome) တွင် ပူတင်နှင့် တွေ့ဆုံဖွယ်ရှိကြောင်း ဂျပန် ကျိုဒိုသတင်းဌာနနှင့် တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့ပါတယ်။

ယခုခရီးစဉ်သည် လေးနှစ်အတွင်း ကင်ဂျုံအန်၏ ရုရှားသို့ ပထမဆုံးလာရောက်ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကျန်းမာရေးကပ်ဘေးပြီးနောက် ၎င်း၏ပထမဆုံးနိုင်ငံခြားခရီးစဉ်လည်းဖြစ်ကြောင်း (KCNA) ၏ ပြောကြားချက်အရ သိရပါတယ်။

၎င်းခရီးစဉ်သည် မြောက်ကိုရီးယား-ရုရှား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသောအဆင့်တွင် ထားရှိရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

Linko
Ref - Reuters