【 ဆောင်းပါး 】မြန်မာစာပေ သင်ကြားရေး ခရီးလမ်းအစ

 【 ဆောင်းပါး 】မြန်မာစာပေ သင်ကြားရေး ခရီးလမ်းအစ

မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်လိုခြင်းကြောင့် လည်းကောင်း၊ နာကြည်းမုန်းတီးမှုအစွဲဖြင့် နိုင်ငံရေးအရ၊ တရားခံရှာ လက်ညှိုးထိုးပြရန်လည်းကောင်း၊ အင်္ဂလိပ်တို့က မြန်မာနိုင်ငံအား၊ နှစ်တစ်ရာကျော်အုပ်စိုးခဲ့သည့် သမိုင်းကြောင်းကို ကျွန်မတို့ မြန်မာများ ပြန်ပြောင်းပြောလေ့၊ အသုံးချလေ့ရှိပါသည်။

ရန်သူ၏ မကောင်းကွက် အားနည်းကွက်များကို လွယ်လင့်တကူမြင်ကြသော်လည်း၊ ရန်သူ၏ ကောင်းကွက်များကို မြင်နိုင်ရန်မှာမူ၊ စိတ်ဓာတ်မြင့်မားပြီး၊ အမြင်ကျယ်ရန်လိုအပ်ပါသည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန် တက္ကသိုလ်ပေါ်ပေါက်လာသောအခါ၊ အရှေ့တိုင်းပညာဌာနသာပါရှိပြီး၊ မြန်မာစာဌာနမပါရှိခဲ့ပေ။

တက္ကသိုလ်တစ်ခုလုံးတွင် မြန်မာလူမျိုးပါမောက္ခဟူ၍ ဦးဖေမောင်တင် တစ်ဦးတည်းသာရှိ၏။ ဦးဖေမောင်တင် က အရှေ့တိုင်းပညာဌာန၏ ပါမောက္ခဖြစ်ပြီး၊ ပါဠိပါမောက္ခဟု ခေါ်ကြပါသည်။

မြန်မာစာသည် အရှေ့တိုင်းပညာဌာနက သင်ကြားရသော ဘာသာရပ်များထဲတွင် ပါဝင်သော်လည်း၊ စာပေအဆင့်မသင်ကြားနိုင်ဘဲ၊ စာစီစာကုံးမျှသာ သင်ကြားကြရသည်။ အိုင်အေတန်းတွင် မြန်မာကျောင်းသား အတွက် မယူမနေရ ဘာသာရပ်ဖြစ်သော်လည်း၊ မြန်မာကျောင်းသားတိုင်းက မသင်ယူပါ။

မြို့မကျောင်းထွက်တချို့နှင့် မြန်မာစာဝါသနာပါသူ တချို့ကသာ၊ မြန်မာစာစီစာကုံးဘာသာရပ်ကို ယူသော်လည်း၊ ကျန်မြန်မာကျောင်းသားများက အပို အင်္ဂလိပ်ဘာသာရပ် ( Alternative English) ကို သင်ယူကြ သည်။ ထိုစဉ်က မြန်မာနိုင်ငံ ရုံးသုံးဘာသာစကားက အင်္ဂလိပ်ဘာသာစကားဖြစ်သည်။ မြန်မာစာသင်ကျောင်းများ၌ပင်၊ မြန်မာစာမှ လွဲ၍ ကျန်ဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားရသည်။ ထို့ကြောင့် ထိုခေတ်က ထုတ်ဝေသည့်၊ အထက်တန်းကျောင်း၊ တန်းမြင့်ကျောင်း မဂ္ဂဇင်းများတွင်ပင် အများစုက အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားထားသည့် စာများဖြစ်ကြောင်း တွေ့ရှိရသည်။

ကျွန်မတို့ ဆယ်တန်းတက်နေချိန်၌ အင်္ဂလိပ်လို ကောင်းကောင်းမပြောနိုင်၊ မရေးနိုင်၊ မဖတ်နိုင်ပုံကို ကြည့်ပြီး၊ အင်္ဂလိပ်ခေတ်က ၇ တန်းထိနေခဲ့ဖူးသူ၊ အင်္ဂလိပ်ဘာသာစကား ရေးနိုင်၊ ပြောနိုင်၊ ဖတ်နိုင်သူ လူကြီးများက၊ ကျွန်မတို့ခေတ် ပညာရေး ကျသွားပြီဟု ပြောသည်ကိုလည်း ကြုံခဲ့ရဖူးပါသည်။

တက္ကသိုလ်၌ မြန်မာစာပေသင်ကြားပေးနေသည့် ဆရာများထဲတွင် ဆရာပွားလည်း ပါဝင်ပါသည်။ မြန်မာ စာစီစာကုံးသင်ပေးနေရသော်လည်း၊ သင်စရာပြဋ္ဌာန်းစာအုပ် ( Text ) မရှိ။ စာအုပ်များက ဝယ်လျှင်လည်းမရ။ မြန်မာစာကို သင်ယူသူလည်း နည်းပါးလှပါသည်။

ထိုစဉ်က တက္ကသိုလ်အုပ်ချုပ်ရေးကို တက္ကသိုလ်ကောင်စီ ( ဆီးနိတ်) က စီမံသည်။ ပညာရေးဝန်ကြီးနှင့် အင်္ဂလိပ်အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။

ဆရာကြီးဦးဖေမောင်တင်က မြန်မာစာသင်ကြားမှု စနစ်ကို ချဲ့ထွင်ပေးရန် အရေးဆိုသည်။ သို့ဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူတိုင်း၊ မြန်မာစာစီစာကုံးသင်ကြားရာ၌ မြန်မာစာတန်းနိမ့် ( Lower Standard ) သင်ယူရန်၊ ဥပဒေကို ဆီးနိတ်က ပြဋ္ဌာန်းပေးသည်။ ထို့ကြောင့် မြန်မာစာသင်ယူခဲ့ပြီး၊ အင်္ဂလိပ် - မြန်မာ ဟိုက်စကူးမှ ဆယ်တန်းအောင်လာသူများက၊ မြန်မာစာရိုးရိုး  (Ordinary Standard) သင်ကြားကြရမည်ဖြစ်ပြီး၊ အင်္ဂလိပ်ကျောင်းထွက်များက (မြန်မာစာ လုံးဝမသင်ယူခဲ့သူများ) တန်းနိမ့် ( ခ) တွင် သင်ကြားကြရမည်ဖြစ်ပါသည်။

ထိုဥပဒေကို ကန့်ကွက်ဆူပူကြသေးသည်။ သို့သော် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံတွင် အမှုထမ်းလိုသူများ၊ မြန်မာစာတတ်ရမည်ဟု ဝင်ရောက်ပြောဆိုသဖြင့် ပြီးစီးသွားပါသည်။

အိန္ဒိယကျောင်းသားများကို မြန်မာစာသင်ကြားပေးရာတွင် ညှာတာပြီး၊ မြန်မာစာလုံးဝမသင်ကြားခဲ့ဖူးသည့် အိန္ဒိယကျောင်းသား၊ အင်္ဂလိပ်ကပြားများကို ဆရာကြီး ဦးဖေမောင်တင်ကိုယ်တိုင်၊ ကကြီး၊ ခခွေး စတင် သင်ကြားပေးခြင်းကို နိုင်ငံခြားကျောင်းသားများကလည်း ကျေနပ်ကြသည်။

ဤတွင် အဓိက အခက်ကြုံကြရသူများမှာ အင်္ဂလိပ်ကျောင်းထွက် မြန်မာစစ်စစ်များဖြစ်သည်။ သူတို့ခမျာ မြို့မကျောင်းထွက်များနှင့် တန်းတူ မြန်မာစာကို လိုက်သင်နိုင်စွမ်းမရှိကြ။ မြန်မာများဖြစ်နေသဖြင့် မြန်မာစာတန်းနိမ့် ( Lower Standard ) တွင်သာ တက်ခွင့်ရှိသည်။ မြန်မာစာအားနည်းသော မြန်မာစစ်စစ်များက တန်းနိမ့် (ခ)တွင် တက်လိုကြသည်။ ဥပဒေအရ မြန်မာကျောင်းသားများက တန်းနိမ့်(ခ) တွင် တက်ခွင့်မရှိ။

ထိုမြန်မာစစ်စစ်များကို တန်းနိမ့် (က) တွင် တက်ရန်၊ ဆရာကြီးဦးဖေမောင်တင်က စည်းရုံးရပြန်ပါသည်။ ကျောင်းများတွင် မြန်မာစာသင်ခဲ့ကြသော်လည်း၊ ဗမာဖြစ်စေ၊ တိုင်းရင်းသားဖြစ်စေ၊ မြန်မာစာအထက် တန်းကိုသာ တက်ရောက်ရမည်ဟု ဥပဒေကို ပြင်ဆင်ရပြန်သည်။

သို့သော် ယင်းကာလထိတိုင်၊ ရန်ကုန်တက္ကသိုလ်တွင် စိတ်ကြိုက်မြန်မာစာ သင်ယူခွင့်မရရှိသေးပေ။ အထက်တန်းမြန်မာစာ သင်ယူရာ၌လည်း စာစီစာကုံးမျှသာ သင်ကြားရသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ စာပေနှင့် စပ်လျဉ်း၍ စာအုပ်စာတန်းမရှိခြင်းကြောင့်ဖြစ်၏။ အင်္ဂလိပ်တို့က မြန်မာစာပေကို သင်ကြားခွင့်ပိတ်ခြင်း မဟုတ်ဘဲ၊ သင်ကြားစရာ စာအုပ်မရှိသောကြောင့်၊ ဆရာကြီးဦးဖေမောင်တင်က တစ်မျိုးကြံ ဆောင်ရပြန်သည်။

အင်္ဂလိပ်လူမျိုး ရစ်ပလီ၏ ဟံသာဝတီစာအုပ်တိုက်က ရှေး‌ဟောင်းမြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို ပုံနှိပ်ထုတ်ဝေနေသည်။ မြန်မာဘုရင်များလက်ထက်က မြန်မာစာပေများသည် ပေစာ၊ ပုရပိုက်စာအနေဖြင့်သာ ရှိခဲ့၏။

၁၉၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်သည့် မြန်မာနိုင်ငံသုတေသနအသင်းထံ ချဉ်းကပ်၍ မြန်မာစာပေဆိုင်ရာ စာအုပ်များ ပုံနှိပ်မူအဖြစ် ပေါ်ထွက်လာစေရန် ဆရာကြီးဦးဖေမောင်တင် ကြိုးပမ်းရပြန်ပါသည်။ ပထမဆုံး ဒေဝကုမ္ဘာန်ပြဇာတ်စာအုပ်ကို ပုံနှိပ်နိုင်ခဲ့သည်။

အနောက်တိုင်းတွင် စာအုပ်ပုံနှိပ်ထုတ်ဝေရေးကို စနစ်တကျလုပ်ခဲ့ကြသည်မှာ ကြာမြင့်ခဲ့ပြီ။ ထို့ကြောင့် အင်္ဂလိပ်တို့ အကြိုက် မူကွဲ၊ နိဒါန်း၊ အတ္ထုပ္ပတ္တိ၊ အက္ခရာဝလိ တို့ကို ထည့်သွင်းပုံနှိပ်ရသည်။ ဤသို့ ပုံနှိပ်ခြင်းကို အင်္ဂလိပ်များနှင့် စာအုပ်ထုတ်ဝေရေးတွင် ကြီးကြပ်ပေးသည့် ဦးဖိုးစိန်နှင့် ပုဂံဝန်ထောက်ဦးတင်တို့ကပါ ကျေနပ် ကြသည်။

၁၉၂၄ မှ ၁၉၃၆ ခုနှစ်အတွင်း စာအုပ် ၄၆ မျိုးကို ထုတ်ဝေခဲ့ပြီးနောက်၊ အိုင်အေတန်းတွင် စိတ်ကြိုက် မြန်မာစာတန်း ဖွင့်လှစ်သင်ကြားခဲ့ရသည်။ ထို့နောက် မြန်မာစာ ဘီအေတန်း၊ မြန်မာစာဂုဏ်ထူးတန်းများကို ဆက်ဖွင့်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၁ ခုနှစ်၌ မြန်မာစာဌာနဟု သီးသန့်ဌာနအဖြစ် ပေါ်ထွက်လာ ပါတော့သည်။

မြန်မာစာဂုဏ်ထူးတန်းကျောင်းသား တစ်ယောက်သာရှိခဲ့သည်။ သူကား မောင်စိန်တင်( သိပ္ပံမောင်ဝ)။ မောင်စိန်တင်သည် ဂုဏ်ထူးတန်းကို ပထမဖြင့် အောင်မြင်ချိန်၌ အင်္ဂလိပ်တို့ ငြိမ်ကျသွားသည်။ ဆရာကြီး ဦးဖေမောင်တင်က ဦးစိန်တင်ကို မြန်မာစာနည်းပြအဖြစ် ခန့်ထားလိုက်သည်။ ဘုရင်ခံက ဦးစိန်တင်ကို ခေါ်ယူပြီး အိုင်စီအက်စ် ရာထူးပေး၏။ အင်္ဂလိပ်တို့ကား ယေဘုယျအားဖြင့် မာနကြီးပြီး ကိန်းကြီး ခန်းကြီး နိုင်ကြသူ များ ဖြစ်၏။ အိုင်စီအက်စ် ရာထူးရထားသူ အင်္ဂလိပ်များက၊ အင်္ဂလိပ်အချင်းချင်းပင် ဘဝင်ရှိကြရာ၊ အိပ်လျှင်ပင် ခြင်ထောင်၌ အိုင်စီအက်စ်ဟု ရေးထားတတ်သည်ထိ ရာထူးရူးသွပ်ကြသူများဖြစ်သည်။

မြန်မာစာဂုဏ်ထူးတန်းအောင်သဖြင့် မြန်မာလူမျိုးတစ်ယောက် အိုင်စီအက်စ် ဖြစ်လာခြင်းကြောင့်၊ မြန်မာစာ လူရာဝင်လာသည်။ ဆရာကြီးဦးဖေမောင်တင်သည် မြန်မာဝေါဟာရ တိုးတက်ရေး ဆက်လုပ်ဆောင်ရ ပြန်ပါသည်။

အင်္ဂလိပ်များက အရာရာကို ဥပဒေဖြင့် အလုပ်လုပ်သည်။ ထို့ကြောင့် ပေးထားနှင့်ပြီးသော မြန်မာနာမည်များ (အင်္ဂလိပ်ဘွဲ့၊ ရာထူး) လွဲမှားနေသည်ပြင်ဆင်ရန် ကြိုးစားရသည်။

ယူနီဘာစီတီကို တက္ကသိုလ်ဟု ခေါ်ရန်၊ D.P.I. ကို ပညာမင်းကြီးဟုခေါ်ရန်၊ ယခုအခေါ် ပါမောက္ခကို ထိုစဉ်က အင်္ဂလိပ်များက စာပို့ဆရာကြီးဟု ခေါ်ဝေါ်ကြသည်ကို ပါမောက္ခ စသဖြင့် ပြောင်းရန် ကြိုးစားရသည်။ ယခု တက္ကသိုလ်၊ ပညာမင်းကြီး၊ ပါမောက္ခ စသဖြင့် ခေါ်ဝေါ်နေကြသော်လည်း၊ ဆရာကြီးဦးဖေမောင်တင်တို့ အမည်ပြောင်းရန် ကြိုးစားကြရစဉ်က လွယ်လွယ်ကူကူ ပြောင်းခွင့်ရခဲ့ခြင်း မဟုတ်။ ခိုင်လုံစွာ ပြောဆိုတင်ပြနိုင်ခဲ့၍သာ၊ အဆိုပါ ဝေါဟာရများ သုံးခွင့်ရခဲ့ခြင်းဖြစ်သည်။

မြန်မာစာသင်ယူရေး ဆရာကြီးဦးဖေမောင်တင် ကြိုးပမ်းရာတွင်၊ တက္ကသိုလ်၌ ကြိုးနီစနစ်နည်းပါးခြင်းကလည်း အထောက်အကူပြုခဲ့ပါသည်။

ယနေ့ တကျော့ပြန် ပုဂ္ဂလိက စာသင်ကျောင်းများ( နိုင်ငံခြားဖက်စပ်ကျောင်းများ) တွင်၊ တက်ရောက်နေကြသည့် မြန်မာကလေးများ၊ အင်္ဂလိပ်စာတတ်ကြသော်လည်း၊ မြန်မာစာအားနည်းကြသည်။

လူမျိုးတင့်ရန် စာပေမြင့်ရမည်။ ယနေ့ပေါ်ထွက်လာသည့် တချို့ တချို့သော ပစ်စလက်ခတ် မြန်မာစာ အရေးအသားများ၊  အပြောအဆိုများ၊ ပပျောက်ရေး အလေးပေးဆောင်ရွက်ကြချိန် တန်ပေပြီ။

ခင်နှင်းဦး

မှတ်ချက် - ဆရာကြီးဦးဖေမောင်တင်ရေးသားသည့် “ တက္ကသိုလ်နှင့်မြန်စာစာပေ” ဆောင်းပါးကို ကိုးကားပါသည်။

(The Nation Journal တွင်၊ ၂၁.၈.၂၀၁၂ တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)