【 အလှအပနှင့် ကျန်းမာ‌ရေး 】 နှလုံးအားနည်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ? (Heart_Failure)

【 အလှအပနှင့် ကျန်းမာ‌ရေး 】 နှလုံးအားနည်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ? (Heart_Failure)

နှလုံးမကောင်းဘူး၊ နှလုံးအားနည်းတယ်လို့ တော်တော်များများပြောတာ ကြားဖူးကြပါလိမ့်မယ်။

နှလုံးရောဂါရှိတဲ့သူတိုင်း နှလုံးအားနည်းတာ မဟုတ်ပါဘူး။နှလုံးအားနည်းတယ်ဆိုတာကတော့ နှလုံးကနေ သွေးညှစ်ပြီး ခန္ဓာကိုယ်‌နေရာအနှံ့ကို ပို့ဆောင်ပေးတဲ့အလုပ်ကို ပုံမှန်မလုပ်ဆောင်နိုင်တာကို နှလုံးအားနည်းခြင်း (Heart_Failure) လို့ ခေါ်တာဖြစ်ပါတယ်။

           ဘာကြောင့် နှလုံးအားနည်းခြင်း ဖြစ်ရတာလဲ ?

၁။ နှလုံးသွေးကြောကျဉ်းခြင်း/နှလုံးကြွက်သားပုပ်ခြင်း

-    နှလုံးသွေးကြောတွေ ကျဉ်းခြင်း၊ ပိတ်ခြင်းကြောင့် နှလုံးကြွက်သားတွေမှာ သွေးရရှိမှု မလုံလောက်တဲ့အခါ နှလုံးကြွက်သားညှစ်အား ကျဆင်းလာရာကနေ နှလုံးအားနည်းခြင်း ဖြစ်စေပါတယ်။

ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပုံမှန်သောက်ဖို့ အရေးကြီးပါတယ်။ဒါမှသာ နှလုံးအားနည်းခြင်းမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

၂။ နှလုံးကြွက်သားရောဂါဖြစ်ခြင်း
၃။ မွေးရာပါ နှလုံးရောဂါရှိခြင်း
၄။ နှလုံးအဆို့ရှင်ရောဂါရှိခြင်း
၅။ နှလုံးကြွက်သားရောင်ရမ်းခြင်း
၆။ နှလုံးခုန်နှုန်း မမှန်ခြင်း
၇။ သွေးတိုးရောဂါရှိသူများတွင် သွေးပေါင်ချိန် မထိန်းနိုင်ခြင်း

-    သွေးတိုးရောဂါရှိသူတိုင်း နှလုံးအားနည်းတာ မဟုတ်ပါဘူး၊ သွေးတိုးရောဂါကို
သေချာကုသမှု မခံယူရင်တော့ သွေးပေါင်ချိန် မထိန်းနိုင်တဲ့အတွက် နှလုံးကြွက်သားတွေဟာ ပုံမှန်ထက် ပိုအလုပ် လုပ်ရတာကြောင့် နှလုံးအားနည်းခြင်း ဖြစ်စေပါတယ်။

၈။ ဆီးချိုရောဂါရှိသူများတွင် ဆီးချိုမထိန်းနိုင်ခြင်း
၉။ ကျောက်ကပ်ရောဂါရှိခြင်း
၁၀။ ဆေးလိပ်သောက်ခြင်း
၁၁။ အရက်အလွန်အကျွံသောက်ခြင်း
၁၂။ သွေးအားနည်းရောဂါရှိခြင်း
၁၃။ အချို့သောဆေးဝါးများနှင့် ကင်ဆာဆေးများ - စတာတွေကြောင့် နှလုံးအားနည်းခြင်း ဖြစ်နိုင်ပါတယ်။

           နှလုံးအားနည်းခြင်းဖြစ်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာတွေကတော့ ...

-    မောပန်းခြင်း၊ အသက်ရှူမဝခြင်း (လှုပ်လှုပ်ရှားပြုလုပ်ချိန်/လှဲအိပ်ချိန်တွင် ‌အသက်ရှူမဝခြင်း)
-    ညဘက် အိပ်နေရာမှ အသက်ရှူမဝ၍ ရုတ်တရက် ထထိုင်ရခြင်း၊ လန့်နိုးခြင်း
-    ရင်တုန်ခြင်း
-    ရင်ဘတ်အောင့်ခြင်း
-    ခြေထောက်၊ ဝမ်းဗိုက် ဖောရောင်ခြင်း
-    ချောင်းဆိုးရာတွင် ပန်းရောင်အမြှုပ် သလိပ်များထွက်ခြင်း
-    သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

           နှလုံးအားနည်းခြင်း ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ ?

နှလုံးအားနည်းခြင်း ရှိ၊ မရှိ သိနိုင်ဖို့

-    နှလုံး ECG စစ်ဆေးခြင်း
-    ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
-    နှလုံးတယ်လီဗေးရှင်းဓာတ်မှန် ECHOCARDIOGRAM စစ်ဆေးခြင်း
-    နှလုံးကွန်ပြူတာဓာတ်မှန် (CT scan) စစ်ဆေးခြင်း
-    နှလုံးသွေးကြော (Coronary Angiogram) စစ်ဆးခြင်း
-    နှလုံးသံလိုက်ဓာတ်မှန် (MRI) စစ်ဆေးခြင်း
-    ‌သွေးစစ်ဆေးခြင်း
-    မွေးရာပါ နှလုံးရောဂါ ရှိ၊ မရှိ မျိုးရိုးဗီဇစစ်ဆေးခြင်း စတဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။

           နှလုံးအားနည်းခြင်းကို ဘယ်လိုကုသမှုခံယူမလဲ ?

ရောဂါအခြေအနေနဲ့ ဖြစ်စေတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး

-    ဆေးဝါးများဖြင့်ကုသခြင်း
-    နှလုံးသွေးကြော stent ထည့် ကုသခြင်း
-    နှလုံးသွေးကြော လမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်း (Coronary Artery Bypass Graft)
-    နှလုံးအဆို့ရှင် ခွဲစိတ်ကုသခြင်း
-    နှလုံးခုန်နှုန်း မမှန်သူများတွင် နှလုံးစက်တပ်ခြင်း (Implantable Cardioverter Defibrillator)
-    နှလုံးစက်ထည့်ကုသခြင်း( Pacemaker )/Ventricular Assisted Device
-    နှလုံးအစားထိုးကုသခြင်း (Heart Transplant) စတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။

           နှလုံးအားနည်းခြင်း မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ...

-    နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ၊
-    နှလုံးသွေးကြောပိတ်ဖူးသူများ
-    နှလုံးခုန်နှုန်း မမှန်သူများ
-    နှလုံးအဆို့ရှင်ရောဂါရှိသူများ
-    နှလုံးကြွက်သားရောဂါရှိသူများ
-    မွေးရာပါ နှလုံးရောဂါရှိသူများ
-    သွေးတိုးရောဂါ/ဆီးချိုရောဂါ/ကျောက်ကပ်‌ရောဂါရှိသူများ - စတဲ့ ရောဂါရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးမှန်မှန်သောက်ဖို့ အရေးကြီးပါတယ်
-    ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။
-    အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။
-    အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
-    ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက်များကို များများစားသုံးပါ။
-    ငန်လွန်းသော၊ အဆီများလွန်း‌‌သော အစားအစာများကို ရှောင်ကြဉ်ပါ။
-    ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ စတဲ့ နည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။

Dr.Phyu
Photo Credit - freepik