【 အလှအပနှင့် ကျန်းမာရေး 】 သွေးမတိတ်ရောဂါ (Haemophilia) ဟေမိုဖီးလီးယား

【 အလှအပနှင့် ကျန်းမာရေး 】 သွေးမတိတ်ရောဂါ (Haemophilia) ဟေမိုဖီးလီးယား

နှာခေါင်းသွေးလျှံတာကနေ သွေးမတိတ်တော့တာ၊ သွားနုတ်ပြီးနောက်/ခွဲစိတ်မှုပြုလုပ်ချိန် သွေးမတိတ်တာ စတဲ့ အခြေအနေတွေ တွေ့ကြုံပြီးနောက်မှ သွေးမတိတ်ရောဂါရှိမှန်း သိတဲ့သူတွေရှိသလို မျိုးရိုးထဲမှာ သွေးမတိတ်ရောဂါရှိလို့ စောစီးစွာ ရောဂါရှိ၊ မရှိ စစ်ဆေးပြီး သိထားကြတဲ့သူတွေလည်းရှိပါတယ်။

ဟေမိုဖီးလီးယားလို့ခေါ်တဲ့ သွေးမတိတ်ရောဂါဟာ သွေးခဲစေတဲ့ဓာတ် ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။

          ဘာကြောင့် သွေးမတိတ်ရောဂါ ဖြစ်ရတာလဲ ?

သွေးမတိတ်ရောဂါဖြစ်ရတဲ့ အကြောင်းအရင်း‌တွေကတော့ ...

-    မွေးရာပါ သွေးခဲစေ‌သောဓာတ် ချို့တဲ့မှုကြောင့် ဖြစ်ခြင်း (မိသားစုမျိုးရိုးထဲတွင် အထူးသဖြင့် ယောကျာ်းလေး‌တွေမှာ အဖြစ်ပိုများပါတယ်။)
-    ကိုယ်ခံအားစနစ် ချို့ယွင်းမှုကြောင့်ဖြစ်သော သွေးမတိတ်ရောဂါဆိုပြီး ၂ မျိုးရှိတဲ့အနက်
မွေးရာပါ မျိုးရိုးလိုက်တဲ့ သွေးမတိတ်‌ရောဂါက အဖြစ်ပိုများပါတယ်။

သွေးမတိတ်ရောဂါဖြစ်ရင်ခံစားရတဲ့ရောဂါလက္ခဏာတွေကတော့ ...

-    သွေးခြေဥလွယ်ခြင်း
-    သွားနုတ်ပြီးနောက်/ခွဲစိတ်ပြီးနောက်/ဒဏ်ရာရပြီးနောက် သွေးမတိတ်ခြင်း
-    နှာခေါင်းသွေးလျှံပြီး သွေးမတိတ်ခြင်း
-    ဒူးခေါင်းအဆစ်ထဲတွင် သွေးထွက်ပါက ဒူးခေါင်းရောင်ခြင်း
-    ဦးနှောက်အတွင်း သွေးယိုမှုဖြစ်ပါက သတိလစ်ခြင်း၊ တက်ခြင်း၊ ခေါင်းကိုက်ခြင်း
-    ဆီး/ဝမ်းထဲတွင် သွေးပါခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

          ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါ ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ ?

အသေးစားထိခိုက်မှုဖြစ်ပြီး သွေးမတိတ်ခြင်း၊ သွေးထွက်လွယ်ခြင်း၊ မိသားစုမျိုးရိုးထဲတွင် သွေးမတိတ်ရောဂါရှိခြင်း စတာတွေကြောင့် သွေးမတိတ်ရောဂါရှိတယ်လို့ သံသယရှိရင်တော့ ...

-    သွေးဆဲလ်များ စစ်ဆေးခြင်း (blood for complete picture)
-    သွေးခဲစေသောအခြေအနေ စစ်ဆေးခြင်း (Prothrombin Time, Activated Partial Thromboplastin Time)
-    သွေးခဲစေသောဓာတ် စစ်ဆေးခြင်း (Factor Vlll, Factor IX Level test)
-    မျိုးရိုးလိုက်သော သွေးမတိတ်ရောဂါ စစ်ဆေးဖို့အတွက် မျိုးရိုးဗီဇစစ်ဆေးခြင်း စတဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။

သွေးမတိတ်ရောဂါကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ ...

သွေးမတိတ်ရောဂါအခြေအနေပေါ် မူတည်ပြီး
-    ဆေးဝါးများဖြင့် ကုသခြင်း
-    သွေးခဲစေသော (Clotting Factors) သွင်း၍ ကုသခြင်း (ရောဂါပြင်းထန်သူများတွင် ပုံမှန်ကုသမှုခံယူရန်လိုပြီး၊ ရောဂါအခြေအနေ မပြင်းထန်သူများတွင် ခွဲစိတ်မှုမပြုလုပ်ခင် ကြိုတင်ပြီး clotting factor သွင်း၍ ကုသမှုခံယူခြင်း) စသဖြင့် ကုသနိုင်ပါတယ်။

ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါရှိသူတွေ ဂရုပြုသင့်တဲ့ အချက်တွေကတော့ ...

-     သွေးထွက်မှုမှ ကာကွယ်ရန် ပြင်းထန်သော အားကစားလေ့ကျင့်ခြင်းများကို ရှောင်ကြဉ်ပါ။
-    မိမိမှာ သွေးမတိတ်ရောဂါရှိကြောင်း ရောဂါအခြေအနေ ရေးသားထားသော ကျန်းမာရေးကတ်ကို ကိုယ်နှင့်မကွာ သယ်ဆောင်သွားပါ။
-     သွားကျန်းမာရေးကို ဂရုစိုက်ပါ။
-    သွားဆေးခန်း၊ ကျန်းမာရေးဌာနများသို့ သွားရောက်တိုင်း သွေးမတိတ်ရောဂါရှိကြောင်း
ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို အသိပေးပါ။
-    အကိုက်အခဲပျောက်ဆေးများ၊ သွေးကျဲဆေးများ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
-    မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများကို မိမိမှာ သွေးမတိတ်ရောဂါရှိကြောင်း အသိပေးထားပါ။
-    ရုတ်တရက် သွေးထွက်ခြင်းဖြစ်ပါက သွေးထွက်ရာနေရာကို ဖိအားများများဖြင့် ဖိထားပြီး ပတ်တီးစည်းပါ။ရေခဲကပ်ပါ။နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပါ။
-    သွေးမတိတ်ရောဂါဟာ အသက်အန္တရာယ် ထိခိုက်နိုင်တာဖြစ်လို့ သွေးမတိတ်ရောဂါမျိုးရိုးရှိရင်၊ မိမိမှာ သွေးမတိတ်ရောဂါ ခံစားနေရတယ်လို့ သံသယရှိရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့
သွားရောက်ပြသ စစ်ဆေးပြီး ထိရောက်တဲ့ ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu
Photo Credit - Freepik