
【 အလှအပနှင့် ကျန်းမာရေး 】 ချာချာလည်အောင် မူးခြင်း
ရုတ်တရက် ခေါင်းမထောင်နိုင်လောက်အောင် မျက်စိဖွင့်လိုက်တာနဲ့ ပစ္စည်းတွေလည်နေသလို ချာချာလည်အောင် မူးတာမျိုးကို လူအများစု ခံစားဖူးကြပါတယ်။
ချာချာလည်အောင် မူးခြင်း (Vertigo) ကို ဖြစ်စေတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိတဲ့ထဲက (Benign Paroxysmal Positional Vertigo) BPPV လို့ခေါ်တဲ့ မပြင်းထန်တဲ့ သာမန်ချာချာလည်အောင်မူးခြင်းရောဂါက အဖြစ်များပါတယ်။
ဘာကြောင့် BPPV လို့ခေါ်တဲ့ ချာချာလည်အောင်မူးတာမျိုး ဖြစ်ရတာလဲ ?
ရုတ်တရက် ဦးခေါင်းလှုပ်ရှားမှုကြောင့် နားအတွင်းပိုင်းမှာ အမှုန်လေးတွေထွက်လာခြင်းကြောင့် ချာချာလည်အောင် မူးစေတာဖြစ်ပါတယ်။
BPPV လို့ခေါ်တဲ့ ဦးခေါင်းလှုပ်ရှားမှုကြောင့် ချာချာလည်အောင်မူးခြင်းဟာ ရောဂါမပြင်းထန်ဘဲ (Epley manoeuvre) လို့ခေါ်တဲ့ ဦးခေါင်းလေ့ကျင့်ခန်းပြုလုပ်ရုံနဲ့ သက်သာနိုင်ပါတယ်။
ရောဂါအခြေအနေပေါ် မူတည်ပြီး ခေါင်းမူးသက်သာစေမယ့် ဆေးဝါးများဖြင့်ကုသခြင်း၊ ဦးခေါင်းလေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့ ကုသမှုတွေ ပြုလုပ်နိုင်သလို လိုအပ်ပါက ပိုပြီးအဆင့်မြင့်တဲ့
- ကွန်ပြူတာဓာတ်မှန် CT scan
- သံလိုက်စက်ကွင်းဓာတ်မှန် MRI scan စတဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီး ဦးနှောက်နှင့် အာရုံကြော စစ်ဆေးမှုပြုလုပ်ရန် လိုအပ်နိုင်ပါတယ်။
BPPV လို့ခေါ်တဲ့ ချာချာလည်အောင်မူးခြင်းအပြင် အခြားချာချာလည်အောင်မူးစေတဲ့ အကြောင်းအရင်းတွေကတော့ ...
- ခန္ဓာကိုယ်ဟန်ချက် ထိန်းညှိပေးသော အာရုံကြောရောင်ခြင်း
- နားစည်အတွင်းပိုင်း ဖိအားများခြင်း
- လေဖြတ်ခြင်း
- နားနှင့် အနီးတစ်ဝိုက်တွင် ရေယုန်ပေါက်ခြင်း
- ခေါင်းတစ်ခြမ်းကိုက်ရောဂါ
- ဦးခေါင်းဒဏ်ရာရခြင်း
- ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်း
- အရက်နှင့် အချို့သောဆေးဝါးများ စတာတွေကြောင့်လည်း ချာချာလည်အောင်မူးခြင်း ခံစားရနိုင်ပါတယ်။
ချာချာလည်အောင်မူးတာအပြင်
- ခေါင်းအလွန်အမင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- နားအကြားအာရုံ ချို့ယွင်းခြင်း
- မျက်စိအမြင်အာရုံ ဝေဝါးခြင်း
- စကားပီသစွာ မပြောနိုင်ခြင်း
- လက်၊ ခြေထောက်များ အားပျော့ခြင်း
- လမ်းလျှောက်လျှင် ဟန်ချက်မထိန်းနိုင်ဘဲ လဲကျခြင်း
- ခန္ဓာကိုယ် ခြေ၊ လက်များ ထုံကျဉ်ခြင်း
- သတိလစ်ခြင်း စတဲ့ လက္ခဏာတွေပါ ခံစားရရင်တော့ ဆေးရုံကို အမြန်ဆုံးသွားရောက်ပြသ သင့်ပါတယ်။
ဒါကြောင့် ချာချာလည်အောင် မူးခြင်းကို ခံစားရတဲ့အခါ ရိုးရိုးမပြင်းထန်တဲ့ အခြေအနေလား အခြားရောဂါအခြေအနေတစ်ခုခုကြောင့် ချာချာလည်အောင် မူးနေတာလား သိရဖို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသ စစ်ဆေးဖို့ တိုက်တွန်းလိုပါတယ်။
DR.Phyu
Photo Credit - freepik