【 အလှအပနှင့် ကျန်းမာရေး 】 ကင်ဆာဆေး (Chemotherapy) သွင်းတော့မယ်ဆို ဘာတွေသိထားသင့်သလဲ ?

【 အလှအပနှင့် ကျန်းမာရေး 】 ကင်ဆာဆေး (Chemotherapy) သွင်းတော့မယ်ဆို ဘာတွေသိထားသင့်သလဲ ?

Chemotherapy လို့ ခေါ်ကြတဲ့ ကင်ဆာဆေးနဲ့ ကုသခြင်းဟာ အသုံးများတဲ့ ကင်ဆာကုသနည်းတစ်မျိုးပဲဖြစ်ပါတယ်။

Chemotherapy ကီမိုဆေးဝါးတွေဟာ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို ရပ်တန့်စေပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးနိုင်တာကြောင့် ကင်ဆာကုသရာမှာ အသုံးပြုကြပါတယ်။

Chemotherapy ဆေးတွေဟာ အမျိုးအစား အမျိုးမျိုးရှိပြီး ဆေးတစ်မျိုးထဲ အသုံးပြုတာရှိသလို ဆေးအမျိုးအစား တစ်မျိုးထက်ပိုပြီး အသုံးပြုရတာမျိုးရှိပါတယ်။

ကင်ဆာဆေးသွင်းရင် ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ -
၁။ ပျို့အန်ခြင်း
၂။ အစားအသောက်ပျက်ခြင်း
၃။ ဆံပင်ကျွတ်ခြင်း
၄။ ပင်ပန်းနွမ်းနယ်ခြင်း
၅။ ကိုယ်အပူချိန်တက်ခြင်း
၆။ သွေးခြေဥလွယ်ခြင်း၊‌ သွေးထွက်လွယ်ခြင်း
၇။ ပါးစပ်တွင် အနာပေါက်ခြင်း
၈။ ဝမ်းလျှောခြင်း/ဝမ်းချုပ်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။

ကင်ဆာဆေးသွင်းမယ်ဆို ဘာ‌‌တွေသိထားဖို့ လိုသလဲ ?

-    ကင်ဆာအဆင့်၊ အမျိုးအစားပေါ် မူတည်ပြီး ကင်ဆာဆေးသွင်းခြင်းနဲ့ ကုသတာမျိုးရှိသလို သောက်ဆေးများနဲ့ ကုသတာလည်းရှိပါတယ်။
-    ကင်ဆာရောဂါအဆင့်ပေါ် မူတည်ပြီး ဆေးသွင်းရတဲ့ အကြိမ်အရေအတွက် ကွဲပြားနိုင်ပါတယ်။
-    ကင်ဆာဆေးတွေဟာ အသည်း၊ နှလုံး၊ ကျောက်ကပ် စတဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်တာဖြစ်လို့ ကင်ဆာဆေးမသွင်းခင်နဲ့‌ ဆေးသွင်းပြီးချိန်မှာ   
(ကျောက်ကပ်၊ အသည်း၊ နှလုံးနဲ့ သွေးဆဲလ်အခြေအနေ) စတာတွေ စစ်ဆေးဖို့ လိုပါတယ်။
-    အချို့ကင်ဆာဆေးများဟာ မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်တာဖြစ်လို့ ကင်ဆာဆေး မသွင်းခင် ဆရာဝန်နဲ့ ကြိုတင် တိုင်ပင်သင့်ပါတယ်။
-    သွားဆရာဝန်ထံ သွားရောက်ပြီး သွားကျန်းမာရေးအခြေအနေ စစ်ဆေးဖို့ လိုပါတယ်။
-    ကင်ဆာအမျိုးအစား၊ ကင်ဆာအခြေအနေပေါ် မူတည်ပြီး အသုံးပြုတဲ့ ဆေးအမျိုးအစား ကွဲပြားသလို ဘေးထွက်ဆိုးကျိုးတွေလဲ မတူကြပါဘူး။ဒါကြောင့် သွင်းရမယ့် ကင်ဆာဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆရာဝန်နဲ့ ကြိုတင်တိုင်ပင် ဆွေးနွေးသင့်ပြီး အရေးကြီးတဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေကို သေချာစွာမှတ်သားထားဖို့ လိုပါတယ်။
-    ကင်ဆာဆေးကို ဆရာဝန် ညွှန်ကြားချက်အတိုင်း အကြိမ်အရေအတွက် တိတိကျကျ ကုသမှုခံယူဖို့ လိုပါတယ်။
-    ဆေးသွင်းတဲ့ အကြိမ်အရေအတွက် ပြည့်ပြီးနောက်မှာလည်း ကျန်းမာရေး အခြေအနေကို ပုံမှန်စစ်ဆေးနေဖို့ အရေးကြီးပါတယ်။

ကင်ဆာဆေးသွင်း ကုသခြင်းဟာ ကင်ဆာရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသလား ?

Chemotherapy ကင်ဆာဆေးသွင်း ကုသခြင်း အမျိုးမျိုးရှိပါတယ်။

၁။ Curative Treatment

အချို့သော ကင်ဆာအမျိုးအစားတွေဟာ ဆေးသွင်းကုသခြင်းနဲ့ ထိထိရောက်ရောက် ကုသနိုင်တာမျိုးရှိပါတယ်။ဒါပေမဲ့ ကင်ဆာပြန်ဖြစ်တာမျိုး၊အခြားနေရာကို ပျံ့သွားတာမျိုးရှိနိုင်လို့ ပုံမှန်စစ်ဆေးမှုခံယူနေဖို့ လိုပါတယ်။

၂။ Adjuvant Treatment

ကင်ဆာဆေးကို မခွဲစိတ်မီ အလုံးအကျိတ် သေးသွားအောင် ကြိုပေးတာမျိုး၊ ခွဲစိတ်ပြီးနောက် ကင်ဆာဆဲလ် အကြွင်းအကျန်တွေကို ဖျက်ဆီးဖို့ ပေးတာမျိုးမှာ အသုံးပြုပါတယ်။ကင်ဆာဆေးကို ဓာတ်ရောင်ခြည်ကုသမှုနဲ့ တွဲပေးတာမျိုး စသဖြင့် ကင်ဆာဆေးသွင်းကုသမှု တစ်ခုထဲမဟုတ်ဘဲ ကုသမှုပေါင်းပေးရတာမျိုးလဲရှိပါတယ်။

၃။ Palliative Treatment

အချို့သော ကင်ဆာရောဂါအခြေအနေတွေမှာတော့ ရောဂါကို မကုသနိုင်ပေမယ့် ကင်ဆာအရွယ်အစားသေးသွားရင် လူနာခံစားရတဲ့ဝေဒနာ သက်သာစေဖို့ ကင်ဆာဆေးသွင်းကုသမှု ပြုလုပ်ရတာမျိုးရှိပါတယ်။

ကင်ဆာရောဂါဟာ စောစောသိလေ၊ စောစီးစွာကုသမှုခံယူနိုင်လေ အကျိုးများလေဖြစ်တာကြောင့် ကင်ဆာဖြစ်တယ်လို့ သံသယရှိရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်စစ်ဆေးပြသပြီး ထိရောက်တဲ့ကုသမှု ခံယူပါလို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu
Photo Credit - freepik