【 အလှအပနှင့်ကျန်းမာရေး 】အဆုတ်လေပြွန်ကျဉ်းရောဂါ/အဆုတ်ပွရောဂါ

【  အလှအပနှင့်ကျန်းမာရေး 】အဆုတ်လေပြွန်ကျဉ်းရောဂါ/အဆုတ်ပွရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ သို့မဟုတ် အဆုတ်ပွရောဂါလို့ ခေါ်ကြတဲ့ အဆုတ်လေပြွန်ရောင်ရမ်းခြင်းရောဂါဟာ ဆေးလိပ်သောက်သူတွေမှာအဓိကဖြစ်တတ်တဲ့ရောဂါဖြစ်ပါတယ်။

-အဆုတ်လေပြွန်ကျဉ်းရောဂါဟာ အဆုတ်ပြွန်ရောင်ရမ်းခြင်းကိုဖြစ်စေပြီး၊ချွဲသလိပ်များပိတ်ကာ‌‌ လေပြွန်ကျဉ်းခြင်းကြောင့် အသက်ရှူရခက်ခဲစေပါတယ်။

-အသက်ရှူလမ်းကြောင်းရှိမွှေးညှင်းနုလေးတွေပျက်စီးခြင်းကြောင့် ဘက်တီးရီးယားပိုးမွှားများ၊ဗိုင်းရပ်များ၊ ဖုန်မှုန့်များ စတဲ့လေထုထဲက အညစ်အကြေးတွေအဆုတ်အတွင်းအလွယ်တကူဝင်ရောက်စေနိုင်ပြီး အဆုတ်အအေးမိခြင်းနမိုးနီးယားပိုးဝင်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

-အဆုတ်ပွခြင်းကြောင့် အဆုတ်အတွင်းရှိ လေအိတ်လေးများ

ပျက်စီးစေပြီးနာတာရှည်အဆုတ်ရောဂါဖြစ်စေပါတယ်။

ရောဂါလက္ခဏာတွေကတော့

၁- ချောင်းကြာရှည်ဆိုး၍ သလိပ်ထွက်ခြင်း

၂- အသက်ရှူလျှင် ရွှီရွှီမြည်သံများကြားရခြင်း

၃- မောပန်းလွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း

၄- အသက်ရှူရခက်ခဲခြင်း

၅- မကြာခဏ အဆုတ်အအေးမိခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း

၆- ကိုယ်အလေးချိန်ကျဆင်းခြင်း

၇- ခြေထောက်များရောင်ရမ်းခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

အဆုတ်ပွအဆုတ်ရောင်၊အဆုတ်လေပြွန်ကျဉ်းရောဂါဖြစ်နိုင်ချေများတဲ့သူတွေကတော့

၁- ဆေးလိပ်သောက်သူများ၊တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်နေရသူများ

၂- ရင်ကျပ်ရောဂါရှိသူများ

၃- ဖုန်မှုန့်များ၊ မီးခိုးငွေ့များနဲ့ မကြာခဏထိတွေ့ရှူရှိုက်နေရသူများ

၄-Alpha-1 antitrypsin deficiency လို့ခေါ်တဲ့မျိုးရိုးလိုက်ရောဂါရှိသူများ

စတဲ့သူတွေမှာဖြစ်နိုင်ချေများပါတယ်။

အဆုတ်ပွရောဂါရဲ့နောက်ဆက်တွဲရောဂါတွေကတော့

၁- အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကြောင့် အဆုတ်အအေးမိ နမိုးနီးယားရောဂါဖြစ်ခြင်း

၂- အဆုတ်ကင်ဆာ

၃- နှလုံးရောဂါ

၄- သွေးဖိအား၊ နှလုံးသွေးကြောဖိအားများခြင်း စတဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ပါတယ်။

အဆုတ်ပွ၊အဆုတ်လေပြွန်ကျဉ်းရောဂါမဖြစ်အောင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့

၁- ဆေးလိပ်သောက်ပါကဆေးလိပ်ဖြတ်ပါ။

အဆုတ်ပွရောဂါဟာဆေးလိပ်သောက်သောနှစ်၊ဆေးလိပ်သောက်သောအရေအတွက်များလေ ရောဂါဖြစ်နိုင်ချေများလေဖြစ်ပါတယ်။

၂- လုပ်ငန်းခွင်တွင်ဓါတုပစ္စည်းများ၊ ဖုန်မှုန့်များ၊ မီးခိုးငွေ့များရှိပါကအသက်ရှူလမ်းကြောင်းအတွင်းမဝင်ရောက်စေရန် လုံခြုံရေး mask မျက်နှာအကာတပ်ဆင်ပြီးအလုပ်လုပ်ပါ။

အဆုတ်ပွ/‌အဆုတ်လေပြွန်ကျဉ်းရောဂါ ခံစားနေရသူတွေအနေနဲ့လိုက်နာရမယ့် အချက်တွေကတော့

၁- ဆေးလိပ်သောက်နေပါကဆေးလိပ်လုံးဝဖြတ်ဖို့လိုပါတယ်။

၂- အသက်ရှူလမ်းကြောင်းပိုးဝင်ရောက်မှုဖြစ်နိုင်ချေများတဲ့အတွက် တုပ်ကွေးကာကွယ်ဆေးကိုနှစ်စဉ်ထိုးဖို့လိုပြီး အဆုတ်‌ရောင်နမိုးနီးယားကာကွယ်ဆေးကို ၅ နှစ်တစ်ကြိမ်ထိုးဖို့လိုပါတယ်။

၃- အသက်ရှူလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးဖို့လိုပါတယ်။

၄- ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးများ၊ရှူဆေးဘူး များစတာတွေကိုပုံမှန်သုံးစွဲဖို့လိုပါတယ်။

၅- လူထူထပ်သောနေရာများသို့‌ သွားရောက်ခြင်းကို ရှောင်ကြဉ်ဖို့လိုပြီး အသက်ရှူလမ်းကြောင်းထဲသို့ ဘက်တီးရီးယား၊ဗိုင်းရပ်၊ဖုန်မှုန့်၊မီးခိုးအငွေ့တွေမဝင်ရောက်စေရန် mask (မတ်စ်) တပ်ဆင်သင့်ပါတယ်။ လက်ကိုမကြာခဏဆေးကြောသန့်စင်ပါ။

၆- အာဟာရပြည့်ဝအောင်စားသောက်ပါ။

မိမိမှာအဆုတ်ပွရောဂါခံစားနေရတယ်လို့ သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံသွားရောက်ပြသပြီး ထိရောက်တဲ့ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo credit- Verywell health