【 အလှအပနှင့်ကျန်းမာရေး 】သွေးလှူခြင်းအကြောင်းသိကောင်းစရာ

【 အလှအပနှင့်ကျန်းမာရေး 】သွေးလှူခြင်းအကြောင်းသိကောင်းစရာ

သွေးလှူတယ်ဆိုတာကတော့ မိမိရဲ့သွေးနဲ့ ‌ သွေးလိုအပ်နေသူရဲ့ အသက်ကိုကယ်တင်နိုင်တဲ့မွန်မြတ်တဲ့အလုပ်ပဲဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သွေးလိုအပ်နေသူတွေကို သွေးလှူချင်ကြသူတွေ သိသင့်တဲ့အချက်လေး‌တွေကို ပြောပြပေးချင်ပါတယ်။

သွေးလှူဖို့အတွက်ဘာတွေသိထားဖို့လိုသလဲ?

  • အသက် ၁၈ နှစ်ပြည့်ဖို့လိုအပ်ပါတယ်။
  • ကိုယ်အလေးချိန် ပေါင် ၁၁၀ ဝန်းကျင်ပြည့်ဖို့လိုအပ်ပါတယ်။
  • ကျန်းမာရေးကောင်းမွန်ပြီး ရောဂါပိုးကင်းရှင်းဖို့လိုအပ်ပါတယ်။

(ဥပမာ- အသည်းရောင်အသားဝါဘီပိုး၊စီပိုး၊HIV ပိုး၊ကာလသားရောဂါပိုး၊ ငှက်ဖျားရောဂါပိုး)

  • သွေးအား ဟေမိုဂလိုဘင် သတ်မှတ်ပမာဏပြည့်မှီဖို့လိုပါတယ်။
  • သွေးပေါင် အရမ်းတက်နေတာမျိုး အရမ်းကျနေတာမျိုး မဖြစ်ရပါဘူး။
  • ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့သွေးလှူလို့မရပါဘူး။
  • မကြာသေးခင်ကမှ သွေးသွင်းကုသမှုခံယူထားသူတွေအနေနဲ့သွေးလှူလို့မရပါဘူး။
  • မကြာသေးခင်ကမှ ဆေးမင်ကြောင် (Tattoo)ထိုးထားတာမျိုးမရှိရပါဘူး။
  • ငှက်ဖျားရောဂါကူးစက်ခံရနိုင်ချေများသူများ

(ဥပမာ--မကြာသေးခင်ကမှ ငှက်ဖျားရောဂါ ရှိသောဒေသမှပြန်လာသူများ) အနေနဲ့ သွေးမလှူသင့်ပါဘူး။

  • မိမိသောက်သုံးနေသောဆေးဝါးများကိုလည်းဆရာဝန်ကိုသွေးမလှူခင် သေချာပြောပြထားဖို့လိုပါတယ်။

(ဥပမာ- အက်စ်ပရင် (Aspirin) သောက်သုံးထားသူတွေ အနေနဲ့ သွေးမွှားဥလှူဒါန်းမယ်ဆိုရင် ဆေးကိုသွေးမလှူခင် ၂ရက်ကြိုပြီးဖြတ်ထားဖို့လိုအပ်ပါတယ်)

  • သွေးရောဂါရှိသူများအနေနဲ့လည်း သွေးလှူလို့မရပါဘူး
  • လွန်ခဲ့တဲ့၃လအတွင်းကူးစက်ရောဂါပိုးကူးစက်နိုင်သော အခြေအနေရှိသူတွေအနေနဲ့ သွေးမလှူသင့်ပါဘူး။

(ဥပမာ- လိင်တူဆက်ဆံခြင်း၊ အခကြေးငွေပေး/ယူ၍လိင်ဆက်ဆံခြင်း၊ ကူးစက်ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်၊ပြွန်များမျှဝေ၍ မူးယစ်ဆေးသုံးစွဲခြင်း၊ တက်တူးထိုးခြင်း)

  • သွေးလှူမယ့်ရက်မှာဖျားနေတာမျိုးရှိမယ်ဆိုရင်တော့ သွေးလှူမယ့်ရက်ကိုပြန်ပြောင်းသင့်ပါတယ်။
  • သွေးမလှူခင်ညမှာအိပ်ရေးဝအောင်အိပ်ပါ။
  • သွေးမလှူခင်ကျန်းမာရေးနဲ့ ညီညွတ်သော အစားအသောက်များကိုစားသုံးပါ။

(အဆီများလွန်းသောအစားအသောက်များ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။)

  • သွေးမလှူခင်ရေများများသောက်ပါ။

သွေးလှူပြီးနောက်မှာ ဘယ်လိုအချက်တွေကို လိုက်နာသင့်သလဲ?

သွေးလှူပြီးခါစအချိန်မှာအနည်းငယ် မူးဝေခြင်းမျိုးခံစားရနိုင်ပါတယ်။

သွေးလှူပြီးသူတွေအနေနဲ့

၁- အနည်းဆုံး ၁၅မိနစ်ခန့်ထိုင်နေသင့်ပါတယ်။

၂- ရေများများသောက်ပါ။

၃- အာဟာရပြည့်ဝအောင်စားသောက်ပါ။

(သံဓါတ်ကြွယ်ဝသောအစားအစာများကိုစားသုံးပါ။

ဥပမာ- အနီရောင်အသား၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ကြက်ဥ)

၄- သွေးလှူပြီးခါစမှာ ပြင်းထန်သောလေ့ကျင့်ခန်းများ၊ အလေးအပင်မခြင်း စသော အပြုအမူများကို မပြုလုပ်ပါနှင့်။

၅- သံဓါတ်အားဆေးကို သောက်သုံးပါ။

၆- သွေးလှူပြီးနောက် ဖျားနာခြင်း၊ ၄၈နာရီအတွင်း (Covid-19) ကိုဗစ်-19 ကူးစက်ခံရကြောင်းသိရှိပါက သွေးလှူဌာနသို့အကြောင်းကြားပါ။

နောက်တစ်ကြိမ်သွေးလှူဒါန်းဖို့အတွက် အချိန်ဘယ်လောက်ခြားဖို့လိုပါသလဲ?

ကျန်းမာတဲ့သူတွေအနေနဲ့ သွေးလှူပြီး ၄ပတ် မှ ၆ပတ်အတွင်း သွေးအားပြန်ပြည့်နိုင်ပါတယ်။

ဒါကြောင့် သွေးလှူပြီးသူတွေအနေနဲ့ အနည်းဆုံး (၈ပတ်) ၅၆ ရက်ခြားပြီး နောက်တစ်ကြိမ်လှူဒါန်းနိုင်ပါတယ်။

 

Dr.Phyu

Photo credit -freepik