【 အလှအပနှင့်ကျန်းမာရေး 】သွေးကင်ဆာ (Leukemia)အကြောင်းသိကောင်းစရာ
ကျွန်မတို့ခန္ဓာကိုယ်မှာ ရှိတဲ့သွေးဆဲလ်တွေထဲကအဓိက ၃မျိုးကတော့ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးမွှား ဥ ပဲဖြစ်ပါတယ်။Leukemia (လူကီးမီးယား) ဆိုတာကတော့သွေးဖြူဥများသောသွေးကင်ဆာ အမျိုးအစားကို ခေါ်ခြင်းဖြစ်ပါတယ်။
သွေးဖြူဥရဲ့အဓိကအလုပ်ကတော့ကျွန်မတို့ရဲ့ခန္ဓာကိုယ်ကို ရောဂါများဝင် ရောက်ခြင်းကိုကာ ကွယ် ပေးပြီး၊ ရောဂါပိုးတွေဝင်ရောက်လာပါကလည်း ပြန်လည်တိုက်ထုတ်ပေးတဲ့ အလုပ်ကိုလုပ်ဆောင်ပါတယ်။
သွေးကင်ဆာ(Leukemia)ရောဂါမှာတော့ ရိုးတွင်းချဥ်ဆီမှ သွေးဖြူဥများကိုအလွန်အကျွံထုတ်လုပ်ပါတယ်။ သွေးဖြူဥပမာဏများသော်လည်း ရောဂါကိုကာကွယ်မပေးနိုင်တဲ့ တနည်းအားဖြင့် အရည်အသွေးမပြည့်မီ သော သွေးဖြူဥဆဲလ်များရိုးတွင်းချဉ်ဆီမှ အလွန်အကျွံထုတ်ခြင်းကြောင့်သွေးကင်ဆာဖြစ်ရခြင်းဖြစ်ပါတယ်။
သွေးဖြူဥများသောသွေးကင်ဆာအမျိုးအစားများစွာရှိပါတယ်။အချို့သောသွေးကင်ဆာများဟာ ကလေးတွေမှာအဖြစ်များပြီး အချို့အုပ်စုတွေကတော့ လူကြီးတွေမှာအဖြစ်များပါတယ်။
ရောဂါလက္ခဏာတွေကတော့
- မကြာခဏဖျားခြင်း၊အဖျားရက်ရှည်ခြင်း
- မကြာခဏရောဂါပိုးဝင်ခြင်း
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- နှာခေါင်းသွေးလျှံခြင်း၊သွားဖုံးသွေးယိုခြင်း၊
- ခန္ဓာကိုယ်တွင်သွေးခြေဥလွယ်ခြင်း၊အနီစက်များထွက်ခြင်း
- ခန္ဓာကိုယ်တွင်ပြန်ရည်ကြောအကြိတ်များကြီးခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း၊မောပန်းခြင်း
- အရိုးအဆစ်များနာကျင်ခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
သွေးကင်ဆာရောဂါ ခံစားရနိုင်ချေများတဲ့သူတွေကတော့
- ကင်ဆာရောဂါတစ်ခုခုကြောင့် ကင်ဆာဆေး(Chemotherapy)သွင်းဖူးသူများ၊ ဓါတ်ရောင်ခြည်ကုထုံး (Radiotherapy)ကုသမှုခံယူဖူးသူများ
- မိသားစုမျိုးရိုးထဲတွင် သွေးကင်ဆာရောဂါရှိသူများ
- ဆေးလိပ်သောက်သူများ
- ကင်ဆာဖြစ်စေသောဓါတုပစ္စည်းများထိတွေ့ကိုင်တွယ်နေရသူများ(ဥပမာ- Benzene၊ Formaldehydeအစရှိသောဓါတုပစ္စည်းများ)
- အချို့သောမျိုးရိုးဗေဒစနစ်ကြောင့်ဖြစ်သောရောဂါများ
(ဥပမာ- Down Syndrome ၊ Klinefelter Syndrome) အစရှိသောရောဂါခံစားနေရသူများ စတဲ့သူ တွေမှာ သွေးကင်ဆာရောဂါခံစားရနိုင်ချေပိုများပါတယ်။
သွေးကင်ဆာ (Leukemia) ရောဂါရှိမရှိဘယ်လိုသိနိုင်မလဲ?
သွေးကင်ဆာရောဂါကို ရောဂါရာဇဝင်စစ်ဆေးမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများအပြင်
- သွေးဆဲလ်များစစ်ဆေးခြင်း
- ရိုးတွင်းချဉ်ဆီစမ်းသပ်စစ်ဆေးခြင်း
- ရောဂါအခြေအနေပေါ်မူတည်၍ဓါတ်မှန်(X-ray)၊ ကွန်ပျူတာဓါတ်မှန် (CT scan)၊ သံလိုက်စက်ကွင်းဓါတ်မှန် (MRI) စစ်ဆေးခြင်း စတဲ့နည်းလမ်းများနဲ့ရောဂါရှာဖွေနိုင်ပါတယ်။
သွေးကင်ဆာရောဂါကို ကုသနိုင်တဲ့နည်းလမ်းတွေကတော့
- ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
- ဓါတ်ရောင်ခြည်ကုထုံးဖြင့်ကုသခြင်း (Radiotherapy)
- ရိုးတွင်းချဉ်ဆီအစားထိုးကုသခြင်း (Bone marrow transplant)
- ကိုယ်ခံအားစနစ်ဖြင့်ကုသခြင်း (Immunotherapy) စတဲ့နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။
သွေးကင်ဆာရောဂါဟာ ရောဂါအမျိုးအစားအမျိုးမျိုးရှိပြီး ရောဂါတစ်ခုနဲ့တစ်ခု ကုသမှု နည်းစနစ် မတူသလို ရောဂါပျောက်ကင်းနှုန်းလည်းမတူကြပါဘူး။
ဒါကြောင့် သွေးကင်ဆာရောဂါခံစားနေရသူတွေအနေနဲ့ စိတ်ဓါတ်မကျဘဲ ရောဂါကိုသေချာစွာ စမ်းသပ်စစ်ဆေးပြီး ကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit - Cancer Health