【အလှအပနှင့်ကျန်းမာရေး】အသည်းခြောက်ခြင်း
အသည်းခြောက်တယ်ဆိုတာကတော့ ကျွန်မတို့ခန္ဓာကိုယ်မှာရှိတဲ့ပုံမှန် အသည်းတစ်သျှူးနေရာမှာ အမျှင်တစ်သျှူးတွေအစားထိုးဝင်ရောက်လာပြီး အသည်းတွင်အမာရွတ်များဖြစ်ခြင်းကို အသည်းခြောက်တယ်လို့ခေါ်ကြတာဖြစ်ပါတယ်။
အသည်းခြောက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
၁- အရက်သောက်ခြင်း
၂- အသည်းရောင်အသားဝါရောဂါပိုး(ဘီပိုး၊စီပိုး၊ဒီပိုး)ရှိခြင်း
၃- အသည်းအဆီဖုံးခြင်း
၄- အသည်းတွင်(Copper)ကြေးနီဓါတ်များစုခြင်းကိုဖြစ်စေသော Wilson disease ရောဂါ
၅- ခန္ဓာကိုယ်တွင်သံဓါတ် (Iron)စုခြင်းကြောင့်ဖြစ်သော Hemochromatosis ရောဂါ
၆- ကိုယ်ခံအားစနစ်ချို့ယွင်းမှုကြောင့်ဖြစ်သော အသည်းရောဂါများ
၇- အသည်းကိုထိခိုက်စေသောဆေးဝါးများ
၈- သည်းခြေပြွန်တွင်ဖြစ်သောရောဂါများ
၉- အချို့ သောမျိုးရိုးလိုက်သောရောဂါများ စတာတွေကြောင့်အသည်းခြောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
အသည်းခြောက်ခြင်းရဲ့ရောဂါလက္ခဏာတွေကတော့
ပင်ပန်းနွမ်းနယ်ခြင်း
ပျို့အန်ခြင်း
အစားအသောက်ပျက်ခြင်း
ကိုယ်အလေးချိန်ကျဆင်းခြင်း
ခြေလက်များဖောရောင်ခြင်း
ရေဖျင်းစွဲခြင်း
အသားဝါခြင်း ၊ဆီးအရောင်ရင့်ခြင်း
အရေပြားယားယံခြင်း
ခန္ဓာကိုယ်တွင်သွေးခြေဥလွယ်ခြင်း၊သွေးထွက်ခြင်း
သွေးအန်ခြင်း
ကတ္တရာစေးကဲ့သို့ဝမ်းအမည်းများသွားခြင်း
အမျိုးသမီးများတွင် ရာသီထိန်ခြင်း
အမျိုးသားများတွင်ရင်သားများကြီးခြင်း၊ဝှေးစေ့အရွယ်အစားသေးသွားခြင်း၊လိင်စိတ်ဆန္ဒလျော့နည်းခြင်း
အသည်းခြောက်ခြင်းကြောင့် ဦးနှောက်ထိခိုက်ပါက
-ဂယောင်ခြောက်ခြားဖြစ်ခြင်း
-ညအိပ်မပျော်ခြင်း
-သတိလစ်ခြင်း - စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
အသည်းခြောက်ခြင်းကိုသိရှိနိုင်ဖို့
ရောဂါရာဇဝင်မေးမြန်းခြင်း၊စမ်းသပ်ခြင်း
သွေးစစ်ဆေးခြင်း
ဝမ်းဗိုက် အာထရာဆောင်း (Ultrasound)စစ်ဆေးခြင်း
Fibroscan ဖြင့်အသည်းခြောက်သောအဆင့်စစ်ဆေးခြင်း
ဝမ်းဗိုက်ကွန်ပျူတာဓါတ်မှန် (CT) နှင့် သံလိုက်စက်ကွင်းဓါတ်မှန် (MRI) စစ်ဆေးခြင်း
အသည်းတစ်သျှူးစစ်ဆေးခြင်း(Liver Biopsy)
အသည်းခြောက်ခြင်းကြောင့် သွေးအန်ခြင်းဖြစ်ပါက အစာအိမ်မှန်ပြောင်းကြည့်၍သွေးပြန်ကြော သွေးကြောထုံးခြင်းကိုစစ်ဆေးခြင်း စတဲ့နည်းလမ်းများနှင့်ရောဂါအခြေအနေစစ်ဆေးနိုင်ပါတယ်။
အသည်းခြောက်ခြင်းဟာ ပျောက်ကင်းအောင်ကုသလို့မရပေမယ့် ရောဂါအခြေအနေမဆိုးသွားအောင် အသည်းခြောက်တဲ့အဆင့်၊အခြေအနေ၊အသည်းခြောက်ခြင်းဖြစ်စေတဲ့အကြောင်းအရင်းပေါ်မူတည်ပြီးကုသမှုနည်းလမ်းအမျိုးမျိုးရှိပါတယ်။
ဒါကြောင့် အသည်းခြောက်ခြင်းရောဂါခံစားနေရသူတွေအနေနဲ့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံ သွားရောက်စစ်ဆေးပြီး ကုသမှုခံယူဖို့လိုပါတယ်။
အသည်းခြောက်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့
အသည်းသွေးပြန်ကြောအတွင်းဖိအားများခြင်းကြောင့်
-ရေဖျင်းစွဲခြင်း၊ခြေလက်များဖောရောင်ခြင်း
-သွေးထွက်လွယ်ခြင်း၊ အစာပြွန်သွေးကြောထုံးများဖြစ်ကာ သွေးအန်ခြင်း၊ ဝမ်းအမည်းများသွားခြင်း
-ဘေလုံးကြီးခြင်း
-ရောဂါပိုးဝင်လွယ်ခြင်း
- အသည်းခြောက်ခြင်းကြောင့် ဦးနှောက်ထိခိုက်ခြင်း(Hepatic encephalopathy)-အသည်းခြောက်ခြင်းကြောင့်ကျောက်ကပ်ပျက်စီးခြင်း-အသည်းကင်ဆာဖြစ်ခြင်း -အသည်းပျက်စီးခြင်း-စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
အသည်းခြောက်ခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?
အသည်းခြောက်ခြင်းအကြောင်းရင်းအမျိုးမျိုးရှိတဲ့အထဲမှာ အသည်းခြောက်ခြင်းကို အဓိကဖြစ်စေတာကတော့ အရက်သောက်ခြင်းနဲ့ အသည်းရောင်အသားဝါပိုးကူးစက်ခံရခြင်း ပဲဖြစ်ပါတယ်။
ဒါကြောင့် အသည်းခြောက်ခြင်းကိုကာကွယ်ဖို့
အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ကြဉ်ပါ။
အသည်းခြောက်ခြင်းရောဂါခံစားနေရသူတွေကတော့ အရက်လုံးဝဖြတ်ဖို့လိုပါတယ်။
အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အသည်းရောင်အသားဝါဘီပိုးကိုကာကွယ်နိုင်ပါတယ်။
အသည်းရောင်အသားဝါဘီပိုးရှိတဲ့မိခင်တွေအနေနဲ့လည်း မိမိကလေးကိုအသည်းရောင်အသားဝါဘီပိုးမကူးစက်အောင် ကလေးမွေးဖွားပြီးပြီးခြင်းမွေးကင်းစကလေးကို
အသည်းရောင်အသားဝါဘီပိုးကိုယ်ခံအားဆေး (immunoglobulin)နဲ့ဘီပိုးကာကွယ်ဆေးကိုထိုးနှံခြင်းနဲ့ကာကွယ်နိုင်ပါတယ်။
လိင်ဆက်ဆံရာမှာအကာအကွယ်ကွန်ဒုံးအသုံးပြုခြင်းဖြင့်လည်း အသည်းရောင်အသားဝါဘီပိုးစီပိုးသာမက၊ HIV၊ကာလသားရောဂါစသဖြင့်လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ဆေးထိုးအပ်၊ဘလိပ်ဓါးစသဖြင့်သွေးထွက်စေနိုင်တဲ့ ကိရိယာတွေကို မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်သစ်သီးများကိုစားသောက်ပါ၊ အဆီကိုလျော့စားပါ။
အချို့သောဆေးဝါးများဟာအသည်းကိုထိခိုက်နိုင်တာကြောင့်ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးဝါးများသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။
စတဲ့နည်းလမ်းတွေနဲ့မိမိအသည်းကျန်းမာရေးကို ထိန်းသိမ်းဖို့တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit - Times of India