【 နည်းပညာ 】 ‘လ’ ပေါ်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ဖို့ တရုတ်နိုင်ငံ နည်းလမ်းရှာဖွေနေ

【 နည်းပညာ 】 ‘လ’ ပေါ်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ဖို့ တရုတ်နိုင်ငံ နည်းလမ်းရှာဖွေနေ

ပေကျင်း၊ မတ် - ၁၃

တရုတ်နိုင်ငံဟာ ‘လ’ ပေါ်မှာ အာရုံခံကိရိယာတွေနဲ့ စောင့်ကြည့်ကင်မရာ (CCTV) တွေ ပါဝင်တဲ့ အချိန်ပြည့်စောင့်ကြည့်နိုင်မယ့် ကွန်ရက်တစ်ခု ထူထောင်သွားဖို့ နည်းလမ်းရှာဖွေနေတယ်လို့ iflscience သတင်းဌာန ဖော်ပြမှုအရ သိရပါတယ်။

အနာဂတ်မှာ ‘လ’ ပေါ်တွင် တည်ဆောက်သွားမယ့် အခြေစိုက်စခန်းကို အချိန်ပြည့်စောင့်ကြည့်နိုင်ဖို့အတွက် စောင့်ကြည့်ကင်မရာတွေ တပ်ဆင်သွားဖို့ တရုတ်က စီစဉ်နေတာဖြစ်ကြောင်း ၎င်းသတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ ‘လ’ ကမ္ဘာ သုတေသနစခန်းကို တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှု (CNSA) နဲ့ ရုရှားအာကာသအေဂျင်စီ Roscomos တို့က ၂၀၂၁ ခုနှစ်မှာ အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။အဆိုပါသုတေသနစခန်းကို ‘လ’ မျက်နှာပြင်ပေါ်တွင် အပြည့်အဝလည်ပတ်နိုင်တဲ့ စခန်းတစ်ခု ဖြစ်လာစေဖို့ တရုတ်က ရည်မှန်းထားပါတယ်။

တရုတ်နိုင်ငံက ၎င်းရဲ့ အနာဂတ် ‘လ’ စူးစမ်းလေ့လာရေး မစ်ရှင်တွေမှာ ကမ္ဘာ့နိုင်ငံတွေကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားလျက်ရှိပြီး၊ ဗင်နီဇွဲလား၊ တောင်အာဖရိက၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်နဲ့ ပါကစ္စတန်တို့အပါအဝင် အခြားနိုင်ငံအများအပြားဟာ နိုင်ငံတကာ ‘လ’ ကမ္ဘာ သုတေသနစခန်း တည်ဆောက်ရေး စီမံကိန်းမှာ ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားကြောင်း ဖော်ပြထားပါတယ်။

South China Morning Post (SCMP) သတင်းဌာနရဲ့အဆိုအရ CNSA က သိပ္ပံပညာရှင်များ၊ တရုတ်အာကာသသိပ္ပံနဲ့ နည်းပညာကော်ပိုရေးရှင်း၊ Zhejiang တက္ကသိုလ်တို့ဟာ ကင်မရာ ရာပေါင်းများစွာကို အသုံးပြုပြီး ‘လ’ ပေါ်က နိုင်ငံတကာအခြေစိုက်စခန်းကို အဆက်မပြတ် စူးစမ်းလေ့လာသွားမယ့် အစီအစဉ်ကို မကြာသေးမီက ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့အစီရင်ခံစာအရ ၁၀၀ ဂရမ်သာ အလေးချိန်ရှိတဲ့ သေးငယ်တဲ့ ကင်မရာတွေကို ဉာဏ်ရည်တု (AI) ချစ်ပ်တွေနဲ့ မောင်းနှင်ပြီး၊ သံသယဖြစ်ဖွယ် ပစ်မှတ်တွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်၊ ရှာဖွေနိုင်၊ ခြေရာခံနိုင်ကာ မူမမှန်တဲ့ဖြစ်စဉ်ကို တွေ့ရှိပါက ချက်ခြင်းပင် သင့်လျော်တဲ့ တုံ့ပြန်မှုအစီအမံတွေကို လုပ်ဆောင်ထားဖို့ စနစ်ရေးဆွဲထားမှာဖြစ်ကြောင်း သိရပါတယ်။အဆိုပါစနစ်ကို Skynet 2.0 လို အမည်ပေးထားကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

‘လ’ ကမ္ဘာကို တရုတ်အပါအဝင် အမေရိကန်၊ ရုရှား၊ ဂျပန်၊ အိန္ဒိယအပါအဝင် အင်အားကြီးနိုင်ငံအများအပြားက လေ့လာခြေချသွားနိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိနေရာမှာ တရုတ်နိုင်ငံဘက်ကတော့ စောင့်ကြည့်ကင်မရာ (CCTV) တွေ တပ်ဆင်ပြီး အဆက်မပြတ်ထောက်လှမ်းကြည့်ရှုကာ လက်ဦးမှုရယူနိုင်ဖို့ စီစဉ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

Damien
Ref - iflscience