【 နည်းပညာ 】 အာကာသထဲ အကြိမ် ၁၀၀ ခန့် လွှတ်တင်ရန် ယခုနှစ်ထဲ တရုတ်စီစဉ်ထား

【 နည်းပညာ 】 အာကာသထဲ အကြိမ် ၁၀၀ ခန့် လွှတ်တင်ရန် ယခုနှစ်ထဲ တရုတ်စီစဉ်ထား

ပေကျင်း၊ မတ် - ၂
 
တရုတ်နိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင် အာကာသထဲသို့ လွှတ်တင်မှု အကြိမ် ၁၀၀ ခန့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း CMG သတင်းဌာန ဖော်ပြမှုအရ သိရပါတယ်။
 
တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံအနေနဲ့ အာကာသလွှတ်တင်ရေး မစ်ရှင်ပေါင်း ၁၀၀ ခန့်ကို ၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားရန် စီစဉ်ထားပြီး၊ စံချိန်သစ်တင်နိုင်ရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
 
၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားမယ့် အာကာသလွှတ်တင်ရေး မစ်ရှင်တွေထဲမှာ စီးပွားရေးလုပ်ငန်းသုံး အာကာသယာဉ် လွှတ်တင်မှုများနဲ့ ဂြိုဟ်တုလွှတ်တင်မှုအမျိုးမျိုး ပါဝင်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲ အရ သိရပါတယ်။
 
တရုတ်နိုင်ငံရဲ့ ဒုံးပျံယာဉ်ထုတ်လုပ်သူနဲ့ အာကာသလုပ်ငန်းမှာ ဦးဆောင်နေသူဖြစ်တဲ့ တရုတ်အာကာသ သိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) ကလည်း အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားမယ့် အာကာသမစ်ရှင်တွေကို ထုတ်ပြန်ခဲ့ပြီး၊ ယခုနှစ်အတွင်း အာကာသထဲသို့ အာကာသယာဉ် ၂၉၀ ကျော်၊ မစ်ရှင် ၇၀ နီးပါးကို စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
 
CASC ဟာ မျိုးဆက်သစ် Long March-12 ဒုံးပျံယာဉ်ရဲ့ ပျံသန်းမှုကိုလည်း ၂၀၂၄ ခုနှစ်အတွင်း အကောင် အထည်ဖော်သွားဖို့ စီစဉ်ထားပါတယ်။ Long March-12 ဒုံးပျံယာဉ်ဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး အောက်စီဂျင် အရည်စွမ်းအင်ကို အသုံးပြုမယ့် ဒုံးပျံယာဉ်လည်းဖြစ်ပြီး၊ ၎င်းဒုံးပျံယာဉ်ကို နိုင်ငံရဲ့ ပထမဆုံး စီးပွားရေးလုပ်ငန်းသုံး အာကာသယာဉ် လွှတ်တင်ရာမှာ အသုံးပြုသွားရန် စီစဉ်ထားကာ၊ နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ ဝမ်ချန်မြို့မှာတော့ စီးပွားဖြစ် အာကာသယာဉ်လွှတ်တင်ရေး စင်တာကြီးကို တည်ဆောက်လျက်ရှိပါတယ်။
 
ယခု ပထမနှစ်ဝက်အတွင်းမှာ တရုတ်နိုင်ငံဟာ ‘လ’ ကမ္ဘာ အစွန်အဖျားကို သွားရောက်လေ့လာဖို့အတွက် Chang'e-6 ‘လ’ ကမ္ဘာ စူစမ်းလေ့လာရေးမစ်ရှင်ကို လွှတ်တင်သွားဖို့ရှိနေပြီး၊ ၎င်းမစ်ရှင်နဲ့အတူ ဆက်သွယ်ရေးအတွက် Queqiao-2 ဂြိုဟ်တုကိုလည်း လွှတ်တင်ကာ ‘လ’ ကမ္ဘာ အစွန်အဖျားက နမူနာအစိတ်အပိုင်းတွေကို ရယူလေ့လာသွားဖို့လည်း စီစဉ်ထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံဟာ အာကာသလွှတ်တင်ရေး မစ်ရှင်ပေါင်း (၆၇) ခုကို လုပ်ဆောင်ခဲ့ပြီး၊ အာကာသယာဉ် (၂၂၁) စင်းကို အာကာသထဲသို့ လွှတ်တင်ကာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
 
Damien
Ref - CMG