【 နည်းပညာ 】 သက်တမ်းအရင့်ဆုံး အာကာသတွင်းနက်ကြီးကို Webb အာကာသမှန်ပြောင်းနဲ့ ရှာဖွေတွေ့ရှိခဲ့

【 နည်းပညာ 】 သက်တမ်းအရင့်ဆုံး အာကာသတွင်းနက်ကြီးကို Webb အာကာသမှန်ပြောင်းနဲ့ ရှာဖွေတွေ့ရှိခဲ့

ဝါရှင်တန်၊ ဇန်နဝါရီ - ၁၉

စွမ်းရည်မြင့် James Webb အာကာသ အဝေးကြည့်မှန်ပြောင်းနဲ့ သက်တမ်းအရင့်ဆုံး အာကာသတွင်းနက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ BGR သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

ယခုတွေ့ရှိတဲ့ အာကာသတွင်းနက်ကြီးဟာ ယခင်ရှာဖွေတွေ့ရှိခဲ့ဖူးသမျှ တွင်းနက်ကြီးတွေနဲ့ သက်တမ်းအရင့်ဆုံးဖြစ်မယ်လို့ သုတေသီတွေက ယူဆလျက်ရှိပါတယ်။

ကမ္ဘာနဲ့ အလွန်တရာ ဝေးကွာလွန်းပြီး အကြမ်းဖျင်းအားဖြင့် အလင်းနှစ် ၁၃.၄ ဘီလီယံ အကွာအဝေးမှာ တွင်းနက်ကြီး တည်ရှိပြီး၊ အာကာသတွင်း မဟာပေါက်ကွဲမှုကြီး (Big Bang) ဖြစ်စဉ်ပြီးနောက် အနည်းဆုံး နှစ်သန်းပေါင်း ၄၀၀ ခန့်ကတည်းက တွင်းနက်ကြီး တည်ရှိခဲ့တာဖြစ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။

တွင်းနက်ကြီးဟာ ကမ္ဘာကြီးမှ အဝေးဆုံး နေရာမှာတည်ရှိတဲ့ GN-z11 နဂါးငွေ့တန်းဂလက်ဆီအတွင်း တည်ရှိနေတာလည်းဖြစ်ပြီး၊ နေလုံးကြီးထက် အဆပေါင်း ၆ သန်းခန့် ကြီးမားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

သမိုင်းတစ်လျှောက် ရှာဖွေတွေ့ရှိဖူးသမျှထဲ ရှေးအကျဆုံးလို့ဆိုရမယ့် အာကာသတွင်းနက်ကြီးဟာ နဂါးငွေ့တန်းအတွင်း အရာဝတ္ထုတွေကို ဝါးမျိုနေပုံလည်းရပြီး၊ လက်ရှိအရွယ်အစားထက် ပိုမိုကြီးမားလာဖွယ်လည်းရှိနေပါတယ်။

သိပ္ပံပညာရှင်တွေကတော့ James Webb အာကာသ အဝေးကြည့်မှန်ပြောင်းနဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ တွင်းနက်ကြီးကို ဆက်လက်လေ့လာလျက်ရှိနေပြီး၊ ယခုတွေ့ရှိမှုဟာ အစောပိုင်း စကြာဝဠာအတွင်းရှိ နေရာတွေနဲ့ အရာဝတ္ထုတွေအကြောင်းကို ပိုမိုသိမြင်လာစေဖို့ အထောက်အကူပြုပေးနိုင်ဖွယ် ရှိနေပါတယ်။

Damien
Ref - BGR