【 နည်းပညာ 】 ရှေးဟောင်း တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို ပိုလန်နိုင်ငံတွင် တွေ့ရှိ

【 နည်းပညာ 】 ရှေးဟောင်း တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို ပိုလန်နိုင်ငံတွင် တွေ့ရှိ

ဝါဆောလ်၊ ဧပြီ - ၁၇
 
ပိုလန်နိုင်ငံရှိ ကွင်းပြင်တစ်ခုတွင် ရှေးဟောင်း တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ Foxnews သတင်းဌာန ဖော်ပြမှုအရ သိရပါတယ်။
 
သတ္တုရှာဖွေရေးသမားတစ်ဦးဟာ ပြီးခဲ့တဲ့လက လယ်ကွင်းတစ်ခုတွင် သွားလာရှာဖွေနေစဉ် သက် တမ်းရာချီရှိပြီလို့ ခန့်မှန်းရတဲ့ ရှေးဟောင်း စက်လက်နက်ပစ္စည်းတွေကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
YouTube ဗီဒီယိုပလက်ဖောင်းမှာ ဗီဒီယိုတွေကို တင်လေ့ရှိသူ Patryk Chmielewski ဟာ လယ် ကွင်းတစ်ခုအတွင်း သွားလာနေစဉ် ၎င်းရဲ့ သတ္တုရှာဖွေစက်က ရုတ်တရက် အသံမြည်လာတာကြောင့် မြေကြီးကို တူးဖော်ခဲ့ရာမှ ၆၀ စင်တီမီတာ အနက်မှာ မြှုပ်ထားတဲ့ ရှေးဟောင်း သတ္တုအပိုင်းအစတွေကို တွေ့ရှိခဲ့ပါတယ်။ Patryk Chmielewski ဟာ ၎င်းရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်း သတ္တုအပိုင်းအစတွေကို သိပ္ပံနဲ့ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေထံ အပ်နှံခဲ့ပြီး စစ်ဆေးခဲ့ရာမှာ‌တော့ သက်တမ်း နှစ်ပေါင်း ၄၀၀ ခန့်ရှိပြီလို့ ခန့်မှန်းရတဲ့ ရှေးဟောင်း တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာရဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။
 
“တွေ့ရှိခဲ့တဲ့ သတ္တုအပိုင်းအစတွေဟာ လွန်ခဲ့တဲ့ ၁၇ ရာစုလောက်က ဖြစ်ကောင်း ဖြစ်နိုင်တယ်” လို့ အရာရှိတွေက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
 
ဒါ့အပြင် ပိုလန်ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးကလည်း “ခမောက်ပုံသဏ္ဍာန်ပေါ် အခြေခံပြီးတော့ စစ်ဆေးခဲ့ရာမှာ ၁၇ ရာစုရဲ့ပထမနှစ်ဝက်ကလာတာ ဖြစ်နိုင်တယ်လို့ ယူဆရတယ်၊ ဒါက နည်းနည်းတော့ ပျက်စီးနေတဲ့အတွက် ဒါကိုဖန်တီးခဲ့တဲ့ အချိန်ကာလအတိအကျကိုတော့ မသိရသေးပါဘူး၊ ဒါပေမဲ့ ထိန်းသိမ်းမှုတွေ လုပ်ဆောင်ပြီးသွားရင်တော့ ပြုလုပ်ခဲ့တဲ့ အချိန်ကာလတွေကို ပိုမိုသိရှိနိုင်မှာဖြစ်တယ်” လို့ ပြောပါတယ်။
 
“အခုတွေ့ရှိခဲ့တဲ့ ရှေးဟောင်း ချပ်ဝတ်တန်ဆာက မပြည့်စုံသေးပါဘူး၊ အစိတ်အပိုင်းတွေက အခုရှာ ဖွေတွေ့ရှိခဲ့တဲ့ နေရာမှာပဲ ကျန်နေနိုင်သေးတယ်” လို့လည်း နောက်ထပ် ရှေးဟောင်းသုတေသနပညာရှင် Mark Florek က ပြောကြားခဲ့ပါသေးတယ်။
 
Damien
Ref - foxnews