【 နည်းပညာ 】 ပန်ဒါအချို့ကို အညိုရောင်ပြောင်းသွားစေတဲ့ အဓိကဗီဇကို သိပ္ပံပညာရှင်တွေ တွေ့ရှိ

【 နည်းပညာ 】 ပန်ဒါအချို့ကို အညိုရောင်ပြောင်းသွားစေတဲ့ အဓိကဗီဇကို သိပ္ပံပညာရှင်တွေ တွေ့ရှိ

ပေကျင်း၊ မတ် - ၁၀
 
ပန်ဒါလို့ ဆိုလိုက်တာနဲ့ အဖြူရောင်နဲ့ အနက်ရောင် ပေါင်းစပ်ထားတဲ့ ချစ်စဖွယ် ဝက်ဝံကြီးတွေကို ကျွန်တော်တို့ ပြေးမြင်မိကြမှာပါ။
 
ပန်ဒါဝက်ဝံတွေဟာ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမှာပဲ တည်ရှိတာဖြစ်ပြီး၊ အခြားသော နိုင်ငံအချို့မှာ ပြသထားတဲ့ ပန်ဒါဝက်ဝံတွေကိုတော့ တရုတ်နိုင်ငံက သံတမန်ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် စာချုပ်နဲ့ ငှားရမ်းပေးထားတာဖြစ်ပါတယ်။
 
ပန်ဒါဝက်ဝံတွေကို အဖြူနဲ့ အနက် ပေါင်းစပ်ထားတာကိုပဲ ကျွန်တော်တို့ မြင်တွေ့ဖူးကြ‌ပေမယ့်၊ အညိုရောင်ကို ပြောင်းလဲသွားတဲ့ ပန်ဒါဝက်ဝံအချို့လည်း ရှိနေပါတယ်။
 
တရုတ်နိုင်ငံက သတ္တဗေဒပညာရှင် အဖွဲ့ တစ်ဖွဲ့ဟာ ပန်ဒါဝက်ဝံအချို့ကို မူလအရောင်မှ ပုံမှန်မဟုတ်ဘဲ အညိုရောင်နဲ့ အဖြူရောင် ‌ပေါင်းစပ်မှု ကို ပြောင်းလဲသွားစေခဲ့တဲ့ မျိုးဗီဇအရင်းအမြစ်ကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
 
လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Shaanxi ပြည်နယ်ရှိ Qinling တောင်များမှာ ကမ္ဘာ့ပထမဆုံး အညိုရောင်ပန်ဒါကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။မကြာသေးမီက တရုတ်သိပ္ပံအကယ်ဒမီလက်အောက်ရှိ သတ္တဗေဒတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ ၂၀၀၉ ခုနှစ်က မွေးဖွားခဲ့တဲ့ Qizai အမည်ရ အညိုရောင်ပန်ဒါတစ်ကောင်နဲ့ ချိတ်ဆက်ထားတဲ့ ပန်ဒါမျိုးသုံးမျိုးရဲ့ ဗီဇနဲ့အတူ အခြားသော အဖြူ၊ အနက် ပန်ဒါ ၂၉ ကောင်တို့ကို ပေါင်းစပ်လေ့လာခဲ့ပါတယ်။ထိုသို့လေ့လာခဲ့ရာမှာ Bace2 လို့ခေါ်တဲ့ မျိုးဗီဇတစ်ခုမှာ ပြောင်းလဲမှုကို တွေ့ရှိခဲ့ပြီး၊ အဆိုပါဗီဇပြောင်းလဲမှုက အညိုနဲ့ အဖြူရောင်အတွက် ဖြစ်နိုင်ခြေအရှိဆုံး မျိုးရိုးဗီဇအခြေခံဖြစ်ကြောင်းကို တွေ့ရှိခဲ့ပါတယ်။
 
ထို့အပြင် အခြားသော အဖြူ၊ အနက် ပန်ဒါ ၁၉၂ ကောင်ကို မျိုးဗီဇလေ့လာခဲ့ရာမှာလည်း အညို ရောင်ပန်ဒါကဲ့သို့ Bace2 မျိုးဗီဇပြောင်းလဲမှုကို တွေ့ရှိခဲ့ရခြင်းမရှိတဲ့အတွက် အဆိုပါပြောင်းလဲမှုကြောင့် ပန်ဒါဝက်ဝံကို အညိုနဲ့ အဖြူ‌ရောင်သို့ ပြောင်းလဲသွားစေတာဖြစ်နိုင်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ကောက်ချက်ချခဲ့ကြပါတယ်။
 
တရုတ်သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိမှုဟာ မျိုးတူ တောရိုင်းတိရိစ္ဆာန်တွေမှာ အရောင်အသွေး ကွဲပြားနေမှုရဲ့ မျိုးဗီဇအခြေခံကို လေ့လာနိုင်ဖို့ ထူးခြားတဲ့ ထိုးထွင်းသိမြင်မှုကို ပေးစွမ်းနိုင်ခဲ့ပြီး၊ ရှားပါးတဲ့ ပန်ဒါညိုတွေကို သိပ္ပံနည်းကျ မွေးမြူနိုင်ဖို့အတွက် လမ်းညွှန်ပေးနိုင်မှာဖြစ်တယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။
 
Damien
Ref - CMG