【 နည်းပညာ 】 ငှက်မျိုးစိတ်တွေကို ကာကွယ်ဖို့ AI နည်းပညာကို တရုတ်အသုံးပြု

【 နည်းပညာ 】 ငှက်မျိုးစိတ်တွေကို ကာကွယ်ဖို့ AI နည်းပညာကို တရုတ်အသုံးပြု

ပေကျင်း၊ ဧပြီ - ၁၃
 
တရုတ်နိုင်ငံတစ်ဝန်းရှိ သဘာဝဘေးမဲ့တောများမှ သုတေသီတွေဟာ ရွှေ့ပြောင်း ငှက်မျိုးစိတ်တွေ ကို ခြေရာခံစောင့်ကြည့် ကာကွယ်နိုင်ဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြု လျက်ရှိတယ်လို့ CMG သတင်းအရ သိရပါတယ်။
 
AI နည်းပညာနဲ့ မျိုးစိတ်တွေကို အသိအမှတ်ပြု စောင့်ကြည့်ခြင်းအပြင်၊ ဂြိုဟ်တု တည်နေရာပြ ခြေရာခံစောင့်ကြည့်နေမှုတွေကိုပါ လုပ်ဆောင်နေတာဖြစ်ပါတယ်။
 
တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Yeyahu အမျိုးသား သဘာဝစိမ့်မြေ ဘေးမဲ့တောဟာ အရှေ့အာရှဒေသမှ သြစတေးလျသို့ ရွှေ့ပြောင်းသွားလာတဲ့ ငှက်တွေအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
 
အဆိုပါဘေးမဲ့တောမှ မီးခိုးရောင် ကြိုးကြာများနဲ့ ဗျိုင်းများအပါအဝင် ငှက်မျိုးစိတ် ၃၂ မျိုးခန့် ဖြတ်သန်းလေ့ရှိပါတယ်။
 
“အဓိကနေရာတွေမှာ ကြည်လင်ပြတ်သားတဲ့ ဗီဒီယိုမော်နီတာတွေ တပ်ဆင်ထားပါတယ်၊ အဲဒီ မှာပေါင်းစပ်ထားတဲ့ AI နည်းပညာက ကွဲပြားတဲ့ ငှက်မျိုးစိတ်တွေရဲ့ အလေ့အထတွေ၊ လှုပ်ရှားမှုတွေကို ရှင်းလင်းစွာ အသိအမှတ်ပြု ခွဲခြားမှတ်တမ်းတင်ပေးနိုင်မှာဖြစ်ပြီး၊ ပိုမိုကာကွယ်ပေးနိုင်မှာလည်းဖြစ်ပါတယ်” လို့ ဒေသဆိုင်ရာ သိပ္ပံသုတေသနနဲ့ စောင့်ကြည့်ရေးကဏ္ဍမှ အကြီးအကဲ Guo Xuxiong က ပြောပါတယ်။
 
“AI နည်းပညာကို အသုံးပြုပြီးနောက် ဗျိုင်းငှက်မျိုးစိတ်တွေရောက်လာတဲ့အခါ အချိန်နဲ့ အရေအတွက်ကို တိတိကျကျပဲ ကျွန်တော်တို့ မှတ်တမ်းတင်နိုင်ခဲ့တယ်၊ ဒါ့အပြင် ငှက်တွေ နေထိုင်ရာ နေရာပေါ်မှာရှိတဲ့ ရေပမာဏမြင့်မားခြင်းနဲ့ နိမ့်ကျတဲ့ အကျိုးသက်ရောက်မှုကို ကျွန်တော်တို့ သတိပြုနိုင်ခဲ့ပြီး၊ ရေပမာဏ ထိန်းညှိမှုတွေကိုလည်း လုပ်ဆောင်ပေးနိုင်ခဲ့တယ်” လို့ Guo က ဆက်ပြောပါတယ်။
 
AI နည်းပညာနဲ့ ငှက်မျိုးစိတ်တွေကို ခွဲခြားအသိအမှတ်ပြုခြင်းအပြင်၊ ဂြိုလ်တုခြေရာခံနည်းပညာကလည်း ငှက်တွေကို အချိန်နဲ့တစ်ပြေးညီ ခြေရာခံစောင့်ကြည့်စေနိုင်ပြီး၊ ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းတွေကို မြေပုံထုတ်ရာမှာ အကူအညီဖြစ်စေခဲ့ပါတယ်။
 
ထိုသို့ ငှက်မျိုးစိတ်တွေကို AI နည်းပညာနဲ့ စောင့်ကြည့် ကာကွယ်လျက်ရှိရာမှာ အချို့သော ငှက်မျိုးစိတ်တွေဟာ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းသွားလာလျက်ရှိတဲ့အတွက် တရုတ်သုတေသီတွေဟာ တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးတွင် ပူးပေါင်းလုပ်ဆောင်နိုင်ရန် အခြားနိုင်ငံများမှ သုတေသီများထံသို့ ၎င်းတို့ရဲ့ အချက်အလက်တွေကို မျှဝေပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
 
Damien
Ref - CMG