【 နည်းပညာ 】 ဂြိုဟ်တုမြောက်များစွာ ထုတ်လုပ်နိုင်မည့် စက်ရုံကို ဟိုင်နန်ပြည်နယ်တွင် တရုတ်တည်ဆောက်မည်

【 နည်းပညာ 】 ဂြိုဟ်တုမြောက်များစွာ ထုတ်လုပ်နိုင်မည့် စက်ရုံကို ဟိုင်နန်ပြည်နယ်တွင် တရုတ်တည်ဆောက်မည်

ပေကျင်း၊ ဧပြီ - ၁၅
 
တရုတ်နိုင်ငံဟာ တစ်နှစ်လျှင် ဂြိုဟ်တု အလုံးရေ ၁၀၀၀ ခန့် ထုတ်လုပ်နိုင်မယ့် စက်ရုံတစ်ခုကို ဟိုင် နန်ပြည်နယ်မှာ တည်ဆောက်သွားမှာဖြစ်တယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
 
နိုင်ငံရဲ့ စီးပွားဖြစ် ဂြိုဟ်တု လွှတ်တင်မှု အရေအတွက် တိုးများလာစေဖို့အတွက် ပြင်ဆင်နေချိန်မှာပဲ ယခုလို ဟိုင်နန်ပြည်နယ်အတွင်း ဂြိုဟ်တုတည်ဆောက် ထုတ်လုပ်ရေး စက်ရုံသစ် တည်ဆောက်သွားဖို့ တရုတ်က စီစဉ်လာတာဖြစ်ပါတယ်။
 
ဟိုင်နန်ပြည်နယ်မှာ စက်ရုံတည်ဆောက်ပြီးစီးတာနဲ့ အဆိုပါစက်ရုံဟာ မော်တော်ကားစက်ရုံတွေ ကဲ့သို့ ဂြိုဟ်တုတွေကို တည်ဆောက် ထုတ်လုပ်ပေးမှာဖြစ်ပြီး၊ အာကာသပရောဂျက်တွေရဲ့ကုန်ကျစရိတ်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်သလို၊ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အာကာသလုပ်ငန်းကိုလည်း မြှင့်တင်ပေးနိုင်ဖို့ ရှိနေပါတယ်။
 
“စက်ရုံသစ်ကနေ တစ်နှစ်ကို ဂြိုဟ်တု အလုံး ၁၀၀၀ လောက် ထုတ်လုပ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်” လို့ ပေကျင်း အာကာသယာဉ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာချုပ် Liu Botao က ပြောကြားခဲ့ပါတယ်။
 
လက်ရှိမှာတော့ အမျိုးသား လေကြောင်း အာကာသအဖွဲ့အစည်းနဲ့ ကူးသန်းရောင်းဝယ်ရေး အာကာသကုမ္ပဏီများမှ ကျွမ်းကျင်သူတွေဟာ ဟိုင်နန်မှာ အစည်းအဝေးများပြုလုပ်ပြီး၊ စက်ရုံသစ်ရဲ့ ဒီဇိုင်းကို ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။
 
စက်ရုံသစ်ဟာ ဂြိုဟ်တုတွေကို ထုတ်လုပ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် ဂြိုဟ်တုတွေကို ပိုမိုသက်သာတဲ့ စျေးနှုန်းနဲ့ အာကာသထဲသို့လွှတ်တင်နိုင်ဖို့ ကူညီပေးနိုင်မှာလည်းဖြစ်ပါတယ်။
 
တရုတ်ဟာ ယခင်က နိုင်ငံတစ်ဝှမ်းမှာ ဂြိုဟ်တုတွေကို ထုတ်လုပ်ပြီး၊ လွှတ်တင်မယ့် စင်တာတွေကို သယ်ယူပို့ဆောင်လေ့ရှိပေမယ့်၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွေ အနီးမှာပဲ ဂြိုဟ်တု တပ်ဆင် ထုတ်လုပ်ရေး စက်ရုံ‌တွေ တည်‌ဆောက်သွားဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။
 
Damien
Ref - CMG