【 နိုင်ငံတကာဆောင်းပါး 】 အရည်အသွေးမြင့်လာတဲ့ တရုတ်ဖွံ့ဖြိုးတိုးတက်မှု

【 နိုင်ငံတကာဆောင်းပါး 】 အရည်အသွေးမြင့်လာတဲ့ တရုတ်ဖွံ့ဖြိုးတိုးတက်မှု

အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဟာ ခေတ်သစ်မှာ ကမ္ဘာနိုင်ငံများ အာရုံစိုက်လာကြတဲ့ စကားလုံးဖြစ်ပါတယ်။

ဒီစကားလုံးကို တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာ မူဝါဒချမှတ်မှုမှာ စတင်သုံးစွဲလာခဲ့ပြီးနောက် ကမ္ဘာက သတိပြုလာမိခဲ့ပါတယ်။

အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ထိုမူဝါဒဟာ တရုတ်နိုင်ငံရဲ့ ယခုနှင့် အနာဂတ်ကာလမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဗဟိုအချက်အခြာအဖြစ် တည်ရှိလာတော့မှာဖြစ်ပါတယ်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံဟာ ကွမ်တမ်သတင်းအချက်အလက်၊ ပင်မဆဲလ်များနှင့် ဦးနှောက်သိပ္ပံမှ လကမ္ဘာနှင့် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်ခြင်းကဲ့သို့သော ပြင်ပအာကာသစူးစမ်းလေ့လာရေးအထိ သိပ္ပံနည်းပညာဆိုင်ရာ သိသာထင်ရှားသော အောင်မြင်မှုများစွာကို ရရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာဘဲ ခရီးသည်တင်လေယာဉ်ကြီးများ၊ သံလိုက်ဓာတ်ရထားများ ထုတ်လုပ်မှုအပြင် ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ 5G နှင့် လျှပ်စစ်ကားများအပါအဝင် တရုတ်နိုင်ငံ၏ အဆင့်မြင့်စက်မှုလုပ်ငန်းများဟာလည်း ဖွံ့ဖြိုးလာခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစပြီး နိုင်ငံ၏စီးပွားရေးဟာ လျင်မြန်စွာတိုးတက်မှုအဆင့်မှ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ ကူးပြောင်းနေကြောင်း ပြောကြားခဲ့ပါတယ်။ရှီက “စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ခေတ်မီအောင်၊ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်၊ အဓိကနည်းပညာများတွင် အစောပိုင်းအောင်မြင်မှုများရရှိရန် ကြိုးပမ်းလုပ်ဆောင်ရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းချက်အသစ်များကို တည်ဆောက်ရန် ကြိုးပမ်းသင့်ကြောင်း” ပြောကြားခဲ့ပါတယ်။

၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွင်း တရုတ်က ကမ္ဘာ့စျေးကွက်ထဲ ချပြခဲ့သည့် နည်းပညာမြင့်ထုတ်ကုန်များကို ကြည့်ပါက တရုတ်တွင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်နေသည်ကို မြင်ရမည်ဖြစ်ပါတယ်။မကြာသေးမီနှစ်များအတွင်း တရုတ်က ၎င်း၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကို ကိုယ်ပိုင်ဒီဇိုင်းဖြင့် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ဇိမ်ခံသင်္ဘောအမျိုးအစား ထုတ်လုပ်မှုထဲ တရုတ်က ဝန်တင်တန်ချိန် ၁၃၅,၅၀၀ ရှိတဲ့ Adora Magic City ကို ထုတ်လုပ်ပြပြီး ကမ္ဘာ့အပျော်စီးသင်္ဘော ထုတ်လုပ်မှု စျေးကွက်ထဲ ဝင်လာခဲ့ပါတယ်။အဲဒီဇိမ်ခံသင်္ဘောဟာ အရှည် ၃၂၃.၆ မီတာနဲ့ ကိုယ်ထည်ရဲ့ အကျယ်ဆုံးနေရာ အကျယ် ၃၇.၂ မီတာ ရှိပြီး သင်္ဘောတစ်စင်းလုံးမှာ ကုန်းပတ်အထပ် ၂၀ ပါရှိပြီး ဇာတ်ရုံ၊ အထူးစားသောက်ဆိုင်၊ စျေးဝယ်စင်တာ၊ အနုပညာလျှောက်လမ်းနဲ့ ရေပေါ်ကစားကွင်း စတဲ့ စုံလင်လှတဲ့ ဖျော်ဖြေရေးနေရာများ ပါရှိပါတယ်။ဇိမ်ခံဧည့်ခန်းနဲ့ suite အခန်း ၂၁၂၅ ခန်း ပါရှိပြီး ခရီးသည် ၅၂၄၆ ဦးကို တင်ဆောင်နိုင်ပါတယ်။

လေယာဉ်တင်သင်္ဘော၊ အကြီးစား သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘော၊ အကြီးစား အပျော်စီးသင်္ဘောတို့ကို သင်္ဘောတည်ဆောက်ရေးလုပ်ငန်းရဲ့ သရဖူပေါ်က “တောက်ပတဲ့ ပုလဲသုံးလုံး” လို့ တင်စားခေါ်ဝေါ်ကြပြီး ကမ္ဘာလုံးဆိုင်ရာ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းရဲ့ အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုနေပါတယ်။

တရုတ်က မကြာသေးမီနှစ်များအတွင်း ထိုအကြီးစားသင်္ဘောများကို တည်ဆောက် ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် မကြာသေးတဲ့လပိုင်းမှာ တရုတ်နိုင်ငံမှ ကိုယ်တိုင်တီထွင်ထုတ်လုပ်မည့် သင်္ဘောဝမ်း အမိုးမျက်နှာကြက်မရှိသော 1400TEU ကုန်သေတ္တာသင်္ဘောကို ဘယ်လ်ဂျီယံ (Belgium) သင်္ဘောကုမ္ပဏီ CMB.TECH မှ အမှာစာရရှိခဲ့ပါတယ်။ယင်းသင်္ဘောမျိုးဟာ တစ်ကမ္ဘာလုံးမှာ ပထမဆုံး အမိုနီယားလောင်စာ (Ammonia fuel) သုံး ကုန်သေတ္တာသင်္ဘောဖြစ်ပါတယ်။သင်္ဘောအရှည် မီတာ ၁၅၀ ခန့်၊ အကျယ် ၂၇ မီတာခန့်ရှိပြီး ပေ ၂၀ ကွန်တိန်နာ (TEU) ၁၄၀၀ ခန့်ကို သယ်ဆောင်နိုင်လို့ စီးပွားဖြစ်သင်္ဘောလုပ်ငန်းထဲ အသုံးပြုမှာဖြစ်ပါတယ်။ဒီအမှာစာ အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့လို့ ကမ္ဘာ့ရေကြောင်းသယ်ယူပို့ဆောင်ရေးစျေးကွက်ထဲ သန့်စင်စွမ်းအင်သုံးပြီး စျေးကွက်ထိုးဖောက်အောင်မြင်မှုရခဲ့တာကို ထပ်မံပြခဲ့တာပါပဲ။

လေကြောင်းဆိုရင်လည်း အကြီးစားလေယာဉ်အမျိုးအစား C-919 ကို တရုတ်က စျေးကွက်ထဲ ထည့်သွင်းနိုင်ခဲ့ပါတယ်။အဆိုပါ C-919 လေယာဉ်အမျိုးအစားဟာ Airbus ရဲ့ A-320 ကို ယှဉ်နိုင်ပြီး ဖေဖော်ဝါရီ ၂၀ ကနေ ၂၅ ရက်နေ့အထိ ကျင်းပတဲ့ စင်ကာပူလေကြောင်းပြပွဲမှာ တရုတ်ပြည်တွင်းထုတ် လေယာဉ်ငါးစီးကို ပြသခဲ့ရာမှာ ပါဝင်ခဲ့ပါတယ်။အဆိုပါ C919 လေယာဉ်နဲ့ တရုတ်နှစ်သစ်ကူးကာလအတွင်း ပေကျင်းနဲ့ ရှန်ဟိုင်းမြို့ကို ၆၆ ကြိမ် ပြေးဆွဲပြီး ခရီးသည် ၉၆၇၀ ဝန်းကျင်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဒီ C-919 အကြီးစား ခရီးသည်တင်လေယာဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂ ရက်မှာ ရှန်ဟိုင်းမြို့ တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကုမ္ပဏီ၏ တည်ဆောက်ရေးဌာနချုပ်မှာ စတင်မိတ်ဆက်ပြသခဲ့တာဖြစ်ပါတယ်။အဲဒီမိတ်ဆက်တဲ့ အချိန်တုန်းက ထုတ်ပြန်တဲ့ အချက်အလက်တွေအရဆိုရင် လေယာဉ်အတွင်းခန်းမှာ အခြေခံပုံစံအဆင့် ခရီးသည်ထိုင်ခုံ ၁၅၈ ခု၊ စီးပွားရေးပုံစံအဆင့် ခရီးသည်ထိုင်ခုံ ၁၆၈ ခု၊ အမြင့်ဆုံးပုံစံအဆင့် ခရီးသည်ထိုင်ခုံ ၁၇၄ ခုံ၊ အဝေးဆုံးပျံသန်းနိုင်တဲ့ ခရီးအကွာအဝေး ၄၀၇၅ ကီလိုမီတာ ကနေ ၅၅၅၅ ကီလိုမီတာအထိ တိုးမြှင့်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း ၂၁ ခုမှ စုစုပေါင်း အစင်းရေ ၅၁၇ စင်း မှာယူထားတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

တရုတ်ထုတ် C-919 အကြီးစား ခရီးသည်တင်လေယာဉ် စျေးကွက်ထဲဝင်လာတာဟာ တရုတ်ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးမြင့်လာတာကိုပြတဲ့ အကောင်းဆုံးဥပမာပါပဲ။ဒါဟာ ဥရောပလေယာဉ်ကုမ္ပဏီတွေဖြစ်တဲ့ Airbus နှင့် Boeing ကြီးစိုးထားတဲ့ လေကြောင်းထုတ်လုပ်ရေးနယ်ပယ်ထဲ တရုတ်က ထိုးဖောက်နေရာယူလာတာဖြစ်ပါတယ်။ C919 ဟာ တရုတ်နိုင်ငံ၏ မိမိကိုယ်ကိုယ်အားကိုးမှုဆီသို့ ဦးတည်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အမေရိကန်နှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်မှာ အဆင့်မြင့်နည်းပညာတင်သွင်းမှုများကို လျှော့ချရန် ကြိုးပမ်းနေခြင်းရဲ့ ရလဒ်ဖြစ်ကာ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အရည်အသွေးမြင့်ခြင်းနဲ့အတူ တိုးတက်နေတာကို ပြသခဲ့တာပဲဖြစ်ပါတယ်။

ယခုအခါ တရုတ်နိုင်ငံအနေဖြင့် နည်းပညာဖြင့် မြန်နှုန်းမြင့် မီးရထားလမ်းများနှင့် အမြန် 5G ဆက်သွယ်ရေးမှသည် COVID-19 ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှုအထိ ကဏ္ဍပေါင်းစုံတွင် သုံးစွဲကာ လူတို့၏ဘဝများကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ဒါဟာ အရည်အသွေးမြင့်မားလာတာကို ပြဆိုနေတာပဲဖြစ်ပါတယ်။

အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဟာ လာမည့်နှစ်များအတွက် တရုတ်စီးပွားရေးနှင့် တရုတ်ထုတ်ကုန်များ ကမ္ဘာ့စျေးကွက်မှာ ထိပ်တန်းမှာရှိနေစေဖို့ တရုတ်ခေါင်းဆောင်ရဲ့ တပ်လှန့်သံပဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်နှင့် နောက်ပိုင်းနှစ်များအတွက် တရုတ်ရဲ့ အရှိန်ရနေတဲ့ တိုးတက်မှုကို ပံ့ပိုးပေးဖို့ဖြစ်တဲ့ ဒီဆောင်ပုဒ်ဟာ ရင်းနှီးမြှုပ်နှံသူများအတွက် တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုလည်းဖြစ်လာပါတယ်။

အရည်အသွေးမြင့်ဖွံ့ဖြိုး တိုးတက်မှုဆိုတဲ့ စကားကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၂၃ ခုနှစ်အတွင်း အနည်းဆုံး ၁၂၈ ကြိမ် ပြောကြားခဲ့တာကိုကြည့်ရင် အရည်အသွေးမြင့်မားရေးအပိုင်းကို တရုတ်က ဘယ်လောက်အလေးထားနေပြီဆိုတာ မြင်နိုင်မှာဖြစ်ပါတယ်။

စိုးငြိမ်း