【 ပြည်တွင်း 】 အခြေခံပညာ အောင်စာရင်းများ ထုတ်ပြန်ရာ၌ Grade အဆင့်ဖြင့် ထုတ်ပြန်မှု မရှိတော့

【 ပြည်တွင်း 】 အခြေခံပညာ အောင်စာရင်းများ ထုတ်ပြန်ရာ၌ Grade အဆင့်ဖြင့် ထုတ်ပြန်မှု မရှိတော့

ရန်ကုန်၊ ဧ‌ပြီ - ၂၇

၂၀၂၃-၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အောင်စာရင်းများကို ယနေ့ (ဧပြီ ၂၇ ရက်) မှာ ထုတ်ပြန်တဲ့အခါ ယခင်လို Grade အဆင့်များဖြင့် ထုတ်ပြန်မှုမရှိတော့ကြောင်း အောင်စာရင်း သွားရောက်လေ့လာ ကြည့်ရှုခဲ့သူတွေဆီက သိရပါတယ်။

အဆိုပါအောင်စာရင်းထုတ်ပြန်ရာမှာ Grade 12 အတန်း (ယခင် တက္ကသိုလ်ဝင်တန်း/ ၁၀ တန်း) မှလွဲပြီး ကျန်အတန်းများ အားလုံးထုတ်ပြန်တာဖြစ်ပြီး ယင်းထုတ်ပြန်တဲ့စာရင်းမှာ ခုံအမှတ်၊ အမည်၊ အဖအမည်တို့သာ ပါဝင်တာဖြစ်တယ်လို့ ဆိုကြပါတယ်။

“အရင်လိုမျိုး Grade A, တို့ Grade B တို့ ဘာမှ မပါတော့ဘူး၊ အမှတ်ပြည့်ရတဲ့သူလည်း ဒီအတိုင်းပဲ၊ အောင်မှတ်လေး ကပ်အောင်လည်း ဒီတိုင်းပဲ ပုံစံမျိုးဖြစ်သွားတယ်၊ အခုက လာမဖြေတဲ့သူကလွဲလို့ အကုန်လုံး ဒီအတိုင်းပါတယ်” လို့လည်း အောင်စာရင်းကြည့်ရှုခဲ့သူတစ်ဦးက ပြောပါတယ်။

ယခင်က စာမေးပွဲအောင်စာရင်းများကို အဆင့်လိုက်ထားရှိသောစနစ်မှ ၂၀၁၆-၁၇ ပညာသင်နှစ်မှစ၍ Grade A, B, C, D အဖြစ် သတ်မှတ်၍ စာမေးပွဲအောင်စာရင်း ရလဒ်တွေကို ဖော်ပြခဲ့ပါတယ်။

အဆိုပါ Grade အလိုက် ဖော်ပြတဲ့အခါ ရမှတ် (၈၀) မှ (၁၀၀) အတွင်းကို Grade A အဖြစ်လည်းကောင်း၊ ရမှတ် (၆၀) မှ (၇၉) အတွင်းကို Grade B အဖြစ်လည်းကောင်း၊ ရမှတ်(၄၀) မှ (၅၉) အတွင်းကို Grade C အဖြစ်လည်းကောင်း၊ ရမှတ် (၄၀) အောက်ကို Grade D အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

စီစီ
Photo - CJ